စင်ကာပူကုမ္ပဏီ Interra Resources သည် မြန်မာစစ်အုပ်စုထံ ရေနံများရောင်းချနေပြီး စစ်ရာဇဝတ်မှုများတွင် လောင်စာ ဖြည့်ပေးလျက်ရှိ

29 January 2025

စင်ကာပူကုမ္ပဏီ Interra Resources သည် မြန်မာစစ်အုပ်စုထံ ရေနံများရောင်းချနေပြီး စစ်ရာဇဝတ်မှုများတွင် လောင်စာ ဖြည့်ပေးလျက်ရှိ

မြန်မာစစ်အုပ်စု၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Interra Resources ကုမ္ပဏီ၏ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများသည် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိသော ရေနံစည်ပေါင်း ၂ သန်းကျော်ကို စစ်အုပ်စုထံထောက်ပံ့ခဲ့ပြီး၊ စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးအတွက် လောင်စာဖြည့်တင်း ပေးလျက်ရှိသည်။

Interra Resources Limited သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် နှစ်ကုန်အတွင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထံ ရေနံစည်ပေါင်း ၂.၃ သန်း ထောက်ပံ့ခဲ့သည့် Goldpetrol Joint Operating Company Inc. ၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။

အဆိုပါရေနံများကို စစ်အုပ်စုက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ Goldpetrol ၏ ကုန်းတွင်းရေနံမြေ ၂ ခုဖြစ်သော ချောက်နှင့် ရေနံချောင်းတို့မှ ထုတ်ယူခဲ့သည်။

ကုမ္ပဏီ၏ စတော့အိတ်ချိန်းသို့ ထုတ်ပြန်ချက်များ၊ Justice For Myanmar နှင့် ယူကေ သတင်းထောက်အဖွဲ့အစည်း Finance Uncovered တို့မှ လေ့လာသုံးသပ်ခဲ့သည့် လျှို့ဝှက်ပေါက်ကြား လာသော ဘဏ္ဍာရေးအစီရင်ခံစာများအရ အဆိုပါကာလအတွင်း Interra Resources သည် မြန်မာပြည်တွင်းလုပ်ငန်းများမှ ဝင်ငွေ ၅၅ သန်းကျော် ရရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။

အဆိုပါရေနံများကို မန်းသံပုရာကန်ဓာတုဗေဒစက်ရုံစုတွင် သန့်စင်ချက်လုပ်သည်။ ယင်းစက်ရုံစုကို စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားသည့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) က ကြီးကြပ်လုပ်ကိုင်သည်။

လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်အပေါ် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်နေရသော စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများကျူးလွန်နိုင်ရန် လောင်စာဆီရှာဖွေရေးအတွက် အသည်းအသန် ကြိုးပမ်းနေရသည်။ မန်းရေနံချက်စက်ရုံသည် အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် လေယာဉ်များ၊ ထရပ်ကားများနှင့် တင့်ကားများကို မောင်းနှင်နိုင်ရန် လိုအပ်သည့် ဒီဇယ်နှင့် လေယာဉ်ဆီများကို ချက်လုပ်ပေးသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိ Interra Resources ကုမ္ပဏီကို အင်ဒိုနီးရှားဘီလီယံနာသူဌေးကြီး Edwin Soeryadjaya က ဥက္ကဌအဖြစ် ဦးဆောင်သည်။ ၎င်းသည် ကုမ္ပဏီ၏ ၁၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ပြီး၊ ၎င်းနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ ဂျိုကိုဝီဒိုဒိုအစိုးရလက်ထက် ခရီးသွားလာရေးနှင့် တီထွင်စီးပွား ဝန်ကြီးဟောင်း Sandiaga Salahuddin Uno လည်း ပါဝင်သည်။ Uno သည် ၂၀၁၆ ခုနှစ်အထိ Interra Resources ၏ ဒုတိယဥက္ကဌ ဖြစ်ခဲ့ပြီး၊ မကြာသေးမီအထိ အနည်းစုရှယ်ယာရှင် တစ်ဦးဖြစ်သည်။

Goldpetrol ကုမ္ပဏီ၏ ဖက်စပ်လုပ်ငန်းမိတ်ဖက်သည် တရုတ်ကုမ္ပဏီ ZhenHua Oil Co. Ltd ၏ လက်ခွဲကုမ္ပဏီ North Petroluem International Co. Ltd. ဖြစ်သည်။ ZhenHua Oil Co. Ltd ကုမ္ပဏီသည် မြန်မာစစ်အုပ်စုအတွက် အဓိကစစ်လက်နက်ရောင်းချသူ တရုတ်နိုင်ငံပိုင်ကုမ္ပဏီ NORINCO ၏ ကုမ္ပဏီခွဲ ဖြစ်သည်။

Interra Resources အနေဖြင့် စစ်အုပ်စုထံ ရေနံရောင်းချထောက်ပံ့နေမှုကို ချက်ချင်းရပ်တန့်ရန် Justice For Myanmar က တောင်းဆိုပါသည်။

စင်ကာပူစတော့အိတ်ချိန်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ထားသည့်အဖွဲ့အစည်းတစ်ရပ်ဖြင့် စီးပွားရေး ဆက်လက်လုပ်ဆောင်မှု၊ စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သတ်မှုများအတွက် Interra Resources အား စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်။

MOGE နှင့် Interra Resources တို့အကြား ငွေပေးချေယူမှုများကို ဆောင်ရွက်ပေးသည့် စစ်အုပ်စုထိန်းချုပ်ဘဏ်များအပါအဝင် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) တို့အပေါ် အစိုးရများအနေဖြင့် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ စုပေါင်းချမှတ်ရန် တောင်းဆိုပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် စင်ကာပူသည် ၎င်း၏ပိုင်နက်အတွင်းရှိ ကုမ္ပဏီများနှင့် နိုင်ငံသားများအား စစ်အုပ်စုထံ ရုပ်ဝတ္ထုပိုင်းဆိုင်ရာပစ္စည်းများ ထောက်ပံ့ကူညီပြီး မြန်မာနိုင်ငံတွင်း အကျပ်အတည်းများ ရှည်ကြာနေခြင်းမှ ကာကွယ်တားဆီးရန် အထူးတာဝန်ရှိသည်။ ၎င်းတို့အနေ ဖြင့် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများတွင် Interra Resources ၏ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ရန်အတွက် အရေးယူဆောင်ရွက်ရမည် ဖြစ်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Interra Resources က အကြမ်းဖက်စစ်အုပ်စုဆီ ရေနံတွေဆက်လက်ရောင်းချပြီး မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှု တွေမှာ ကြံရာပါ ပတ်သက်နေပါတယ်။

MOGE နဲ့ အဲ့ဒီကုမ္ပဏီရဲ့ စီးပွားဆက်နွှယ်မှုက ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဖျက်ဆီးခဲ့ပြီး၊ လူပေါင်း ၃ သန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့တဲ့ စစ်အုပ်စုက တိုးမြှင့်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို တိုက်ရိုက်ပံ့ပိုးကူညီနေပါတယ်။

စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လောင်စာဆီရရှိနေမှုတွေကို ဖြတ်တောက်ဖို့ နိုင်ငံတကာ အရေးယူမှုတွေ ကင်းမဲ့နေတာက Interra Resources ကို အခုလို စီးပွားရေး ပေးလုပ်နေလို့ ဖြစ်ပါတယ်။

စင်ကာပူအပါအဝင် အစိုးရတွေအနေနဲ့ ရှေ့ထွက်ပြီး၊ စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရပါမယ်။ စစ်အုပ်စုရဲ့ မသမာစီးပွားရေးလုပ်ငန်းတွေမှာ သူတို့ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေ ပါဝင်မှုကို အဆုံးသတ်ရပါမယ်” ဟု ပြောကြားခဲ့သည်။                                                                                      

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia