21 January 2025
သတင်းထုတ်ပြန်ချက်
စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အရည်အသွေးအဆင့်သတ်မှတ်ချက်အား ဖယ်ရှားကြောင်း GANHRI ၏ အပြီးသတ်ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများမှ ကြိုဆိုထောက်ခံပြီး APF နှင့် SEANF တို့ကိုလည်း အလားတူ လိုက်ပါဆောင်ရွက်ရန် တိုက်တွန်းတောင်းဆို
[၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၆ ရက်] စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန်နှင့် အရည်အသွေးအဆင့် သတ်မှတ်ချက်အား ဖယ်ရှားလိုက်သည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Commission – GANHRI)[1] ၏ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်လိုက်သည့်အပေါ် မိမိတို့ လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာအရပ်ဘက်လူထု အဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) (အတိုကောက် “အလုပ်အဖွဲ့”) နှင့် အာရှဒေသနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက် (Asian NGO Network on National Human Rights Institutions – ANNI) တို့မှ ကြိုဆိုထောက်ခံလိုက်သည်။ နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှပစိဖိတ်ဖိုရမ် (Asia Pacific Forum – APF) နှင့် အရှေ့တောင်အာရှ နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာနများဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF) တို့ကလည်း အခြေခံမူများအပေါ် ရပ်တည်ချမှတ်ခဲ့သော GANHRI ၏ ဆုံးဖြတ်ချက်ကို လိုက်နာပြီး MNHRC အား သက်ဆိုင်ရာ၎င်းတို့၏လူ့အခွင့်အရေးကွန်ရက်များမှ ချက်ချင်းဖယ်ရှားရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။
ပြီးခဲ့သောဖြစ်စဥ်
ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA) မှ ၎င်း၏ ၂၀၂၄ ခုနှစ် အောက်တိုဘာလ အစည်းအဝေးတွင် “MNHRC သည် ပါရီအခြေခံမူများ၏ အနိမ့်ဆုံးလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရေး လုပ်ကိုင်ဆောင်ရွက်မှု မရှိကြောင်း” အတည်ပြုပြောကြားကာ MNHRC ၏အဆင့်သတ်မှတ်ချက်ကို ဖယ်ရှားရန် အကြံပြုခဲ့သည့် ၎င်း၏ ၂၀၂၃ ခုနှစ် အကြံပြုတိုက်တွန်းချက်ကို အတည်ပြုခဲ့သည်။ ထို့နောက် MNHRC မှ ယင်းဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သည်။ သို့သော်လည်း အခြား GANHRI ဗျူရိုအဖွဲ့ဝင်များထံမှ လုံလောက်သော ပံ့ပိုးကူညီမှု မရခဲ့ပေ။ GANHRI သည် ယခုအခါ MNHRC ၏ အဆင့်သတ်မှတ်ချက်နှင့် အဖွဲ့ဝင်ဖြစ်နေခြင်းကို ၎င်းတို့ကမ္ဘာလုံးဆိုင်ရာကွန်ရက်မှ ဖယ်ရှားရန် ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ်လိုက်ပြီ ဖြစ်သည်။
GANHRI ၏ ဆုံးဖြတ်ချက်ကို မိမိတို့ ထောက်ခံရသည့်အကြောင်းရင်း
၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ စစ်အုပ်စုကြောင့် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်သည်။ ယင်းဖြစ်စဥ် စတင်ချိန်ကတည်းက MNHRC သည် စစ်အုပ်စုနှင့် လုံးလုံးလျားလျား လက်တွဲပူးပေါင်းနေခဲ့သည်။ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ MNHRC ၏ အစဥ်တစ်စိုက် နှုတ်ဆိတ်နေခြင်းနှင့် တုံ့ပြန်လုပ်ဆောင်မှုတစ်စုံတရာ မရှိနေခြင်းသည် ယုံကြည်စိတ်ချရသော၊ လွတ်လပ်အမှီအခိုကင်းသော၊ ထိရောက်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနကြီး (NHRI) များအတွက် စံနှုန်းသတ်မှတ်ထားသည့် ပါရီအခြေခံမူများကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။ MNHRC သည် စစ်အုပ်စု၏ လက်ဝေခံအဖြစ် အလုပ်လုပ်ပေးနေပြီး စစ်အုပ်စု၏ မှားယွင်းသော ထုတ်ဖော်တင်ပြမှုနှင့် တင်ပြပြောဆိုမှုများကို ထပ်လောင်းသံယောင်လိုက် ပြောဆိုနေခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူများမှ တရားဝင်မှုရရှိရေး ဆောင်ရွက်ပေး နေသည်။ နောက်ဆုံးအနေဖြင့် MNHRC သည် စစ်အုပ်စု၏ ရာဇ၀တ်မှုများတွင် အလိုတူအလိုပါ ဖြစ်နေသည်။
MNHRC ကို ဖယ်ရှားလိုက်သည့် ကမ္ဘာ့အကြီးဆုံး NHRI ကွန်ရက် GANHRI ၏ အဓိကကျသော ဆုံးဖြတ်ချက်သည် အလုပ်အဖွဲ့နှင့် ANNI တို့မှ ၎င်းတို့၏ ပြည်တွင်း၊ ဒေသတွင်း၊ နိုင်ငံတကာ မိတ်ဖက်များနှင့်အတူ လေးနှစ်နီးပါးကြာ တစိုက်မတ်မတ် ကြိုးပမ်းမှုများနှင့် ထပ်ခါတလဲလဲ တောင်းဆိုမှုများကြောင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ GANHRI ဗျူရိုအနေဖြင့် MNHRC ကို အဖွဲ့ဝင်အဖြစ်မှ ရုပ်သိမ်းရန်နှင့် ၎င်း၏ “B” အဆင့်သတ်မှတ်ချက်ကို ဖယ်ရှားရန် မိမိတို့အားလုံးက အတူတကွ တိုက်တွန်းလာခဲ့ကြခြင်းဖြစ်သည်။
အလုပ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် ရှေ့ပြေးအသံအဖွဲ့၏ဥက္ကဌ ဒေါ်ခင်ဥမ္မာ က “စစ်အုပ်စုထိန်းချုပ်ထားတဲ့ MNHRC ကို ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တဲ့ GANHRI ရဲ့ အခြေခံမူအပေါ် ရပ်တည်တဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို ကျမတို့က ကြိုဆိုတယ်။ ပါရီအခြေခံမူတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာကို GANHRI အနေနဲ့ လက်မခံဘူးဆိုတာကို ဒီဆုံးဖြတ်ချက်က မြန်မာပြည်သူတွေကို အတည်ပြုပေးလိုက်တာပဲ ဖြစ်တယ်။ APF နဲ့ SEANF တို့လည်း GANHRI ရဲ့ ဆုံးဖြတ်ချက်နဲ့ အတူတကွ ရပ်တည်ပြီး MNHRC ကို သူတို့ရဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေးကွန်ရက်တွေကနေ ဖယ်ရှားပြီး တူညီတဲ့ အခြေခံမူနဲ့ အနှစ်သာရကို အချိန်ဆိုင်းမနေဘဲ ထုတ်ဖော်ပြသရပါမယ်။”ဟု ပြောသည်။
ANNI ၏ အတွင်းရေးမှူးအဖွဲ့ဖြစ်သည့် FORUM-ASIA ၏ အမှုဆောင်ဒါရိုက်တာ Mary Aileen Diez-Bacalso က “ကျမတို့ အတန်ကြာစောင့်စားခဲ့ရတဲ့ MNHRC ရဲ့ အဆင့်သတ်မှတ်ချက်နဲ့ အဖွဲ့ဝင်ဖြစ်နေမှုကို ဖယ်ရှားလိုက်တဲ့ ဆုံးဖြတ်ချက်အတွက် GANHRI ကို ကျေးဇူးတင်ပါတယ်။ ဒီသမိုင်းတွင်မယ့် ဆုံးဖြတ်ချက်ဟာ အရပ်ဘက်လူထုအဖွဲ့အစည်းတွေအတွက် အောင်ပွဲတစ်ရပ် ဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်းမှာ ပိုမိုခိုင်မာတဲ့ NHRI တွေ ပေါ်ပေါက်လာဖို့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်ရာမှာ အောင်မြင်မှုတွေ ပိုရဖို့အတွက် မျှော်လင့်ချက်တစ်ရပ်လည်း ဖြစ်ပါတယ်။” ဟုဆိုသည်။
အလုပ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် မျိုးဆက်လှိုင်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုဘိုဘို က “MNHRC ဟာ ထိရောက်မှုရှိပြီး ဘက်လိုက်မှုမရှိတဲ့ လွတ်လပ်အမှီအခိုကင်းတဲ့ ကော်မရှင်တစ်ရပ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ဖို့ လုံးဝပျက်ကွက်ခဲ့တယ်ဆိုတာကို မြန်မာပြည်သူတွေကလည်း သိထားပြီးဖြစ်သလို ကာလရှည်ကြာ စောင့်မျှော်ခဲ့ရတဲ့ GANHRI ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျနော်တို့ ဝမ်းသာကျေနပ်မိပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်တွေ ဖြစ်ပေါ်စေပါတယ်။ ရှေ့ဆက်ပြီး ပါရီအခြေခံမူတွေနဲ့အညီ လွတ်လပ်အမှီအခိုကင်းတဲ့ လူ့အခွင့်အရေးကော်မရှင်အသစ်တစ်ရပ် တည်ထောင်ရေးအတွက် ကျနော်တို့ရဲ့ ကြိုးပမ်းမှုတွေမှာလည်း GANHRI အနေနဲ့ ပံ့ပိုးကူညီပေးလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။” ဟု ပြောကြားသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) (အလုပ်အဖွဲ့)၊ [email protected]
ANNI အတွင်းရေးမှူးအဖွဲ့၊ FORUM-ASIA၊ [email protected]
ANNI အကြောင်း
အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ ၎င်းသည် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနကြီး (NHRI) များနှင့် ဆက်စပ်သည့် ကိစ္စအရေးများကို လုပ်ဆောင်နေသည့် အာရှဒေသရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ပါဝင်သော ကွန်ရက်တစ်ခု ဖြစ်သည်။ လက်ရှိအချိန်၌ ANNI တွင် နိုင်ငံ သို့မဟုတ် နယ်မြေဒေသ ၂၁ ခုမှ အဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ဖွဲ့ ပါဝင်သည်။ ANNI အဖွဲ့ဝင်များသည် အာရှဒေသရှိ NHRI များမှ လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်မြှင့်တင်နိုင်ရန်အတွက် ထို NHRI များ ၏ အလုပ်နှင့် လုပ်ငန်းဆောင်တာများ ပိုမိုခိုင်မာအားကောင်း လာစေရေးကို အလေးထားလုပ်ဆောင်နေသူများ ဖြစ်ကြသကဲ့သို့ ထို NHRI များမှ ပါရီအခြေခံမူများနှင့် ကမ္ဘာလုံးဆိုင်ရာ GANHRI-SCA ၏ အထွေထွေလေ့လာ ဆန်းစစ်ချက်အပါအဝင် နိုင်ငံတကာစံနှုန်းများကို ပို၍ ကောင်းမွန်စွာ လိုက်နာစေရေးအတွက်လည်း စည်းရုံးလှုံ့ ဆော်လျက်ရှိသည်။ ANNI ကွန်ရက်ကို ၎င်းတည် ထောင်စဥ် ၂၀၀၆ ခုနှစ်ကတည်းကပင် လူ့အခွင့်အရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးအာရှဖိုရမ် (FORUM-ASIA) မှ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးထားသည်။
ပိုမိုသိရှိလိုပါက http://l.forum-asia.org/ANNI
အလုပ်အဖွဲ့အကြောင်း
လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန် မာ) (အလုပ်အဖွဲ့) က တရားမဝင် မြန်မာစစ်အုပ်စု၏ လက်အောက်ခံဖြစ်သော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် (MNHRC) ကို သီးခြားလွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနအသစ်တစ်ခုဖြင့် အစားထိုးတည်ထောင်နိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်နေသော ကွန်ရက်တစ်ခု ဖြစ်ပါသည်။ အလုပ်အဖွဲ့ကို ယခင်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထု အဖွဲ့ အစည်းများ အလုပ်အဖွဲ့ဟု သိကြပြီး လောလောဆယ်တွင် အဖွဲ့ဝင် ၂၀ ဖွဲ့ ပါရှိပါသည်။ အလုပ်အဖွဲ့သည် ၎င်း၏ တည်ထောင်ချိန် ၂၀၁၉ ခုနှစ်မှစ၍ တရားမဝင်စစ်အုပ်စု၏ အာဏာလုယူရေး ကြိုးပမ်းမှုနောက်ပိုင်းအထိ MNHRC ကို နိုင်ငံတကာစံသတ်မှတ်ချက်ဖြစ်သည့် ပါရီအခြေခံမူများနှင့်အညီ ထိရောက်သောကော်မရှင်ဖြစ်လာစေရန် တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည်။
ပိုမိုသိရှိလိုပါက https://www.facebook.com/WGonNHRIBurma
[1] GANHRI သည် ကမ္ဘာတစ်ဝန်းအကြီးမားဆုံး လူ့အခွင့်အရေးကွန်ရက်များအနက် တစ်ခု ဖြစ်ပြီး MNHRC နှင့် ရုရှား NHRI တို့ကို မကြာသေးမီက အဖွဲ့ ဝင်အဖြစ်မှ ဖယ်ရှားလိုက်ပြီးနောက် လက်ရှိတွင် အဖွဲ့ဝင် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနကြီး ၁၁၈ ဖွဲ့ ပါဝင်သည်။ GANHRI ရုံးချုပ်သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာတွင် အခြေစိုက်သည်။
PDF ဖိုင်ကို ရယူရန်၊ မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.