21 January 2025
Airbus ရှယ်ယာရှင်များ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့ အနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် AVIC မှ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံသို့ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရန် (သို့) AVIC မှ နှုတ်ထွက်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။
သို့/
အန်တိုနီအာမန်ဒ်၊ ပြင်သစ်နိုင်ငံ၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်းနှင့် ဒီဂျစ်တယ်အချုပ်အခြာ ဝန်ကြီး။
ဂျဲန်း-နိုအယ်ဘားရော့၊ ပြင်သစ်နိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးရာဝန်ကြီး။
ခရစ္စတီယန်လင်ဒ်နာ၊ ဂျာမဏီနိုင်ငံ၊ ဘဏ္ဍာရေးဖက်ဒရယ်ဝန်ကြီး။
ဒေါက်တာရောဘတ်ဟဘတ်၊ ဂျာမဏီနိုင်ငံ၊ စီးပွားရေးရာနှင့် ရာသီဥတုဆိုင်ရာတုံ့ပြန်ရေး ဖက်ဒရယ်ဝန်ကြီး။
အန်နလီနာဘဲဘော့၊ ဂျာမဏီနိုင်ငံ၊ နိုင်ငံခြားရေးဖက်ဒရယ်ဝန်ကြီး။
မာရီယာဂျီးဆပ်မွန်တီရို၊ စပိန်နိုင်ငံ၊ ဒုတိယသမ္မတ (၁) နှင့် ဘဏ္ဍာရေးဝန်ကြီး။
ဟိုဆေးမာနူအယ်အယ်ဘာရပ်၊ စပိန်နိုင်ငံ၊ နိုင်ငံခြားရေး၊ ဥရောပသမဂ္ဂနှင့် ပူပေါင်းဆောင်ရွက်ရေး ဝန်ကြီး။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်။
အကြောင်းအရာ။ ။ Airbus နှင့် Aviation Industry Corporation of China (AVIC) တို့၏ စီးပွားဆက်ဆံရေးကိစ္စ။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကြိုးပမ်းမှုနောက် ၄ နှစ် နီးပါး အချိန်အထိ စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသော ဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ အပြစ်ပေးခံရခြင်း စိုးစဥ်းမျှမရှိဘဲ ဆက်လက် ကျူးလွန်လျက်ရှိသည်။ အဆိုပါအကြမ်းဖက် စစ်ဆင်ရေးကို လုပ်ဆောင်နေနိုင်သည်မှာ စစ်အုပ်စုက တိုက်ခိုက်ရေး လေယာဉ်များနှင့် ဆက်စပ် ထိန်းသိမ်းပြုပြင် မွမ်းမံရေးဆိုင်ရာ နည်းပညာအကူအညီများ အပါအဝင် စစ်လက်နက် များကို ဆက်လက်ရရှိနေခြင်းကြောင့်သာ ဖြစ်သည်။
Aviation Industry Corporation of China (AVIC) သည် စစ်အုပ်စုအတွက် စစ်လေယာဉ်များ အဓိက ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးများပြုလုပ်ပေးသည့် ကုမ္ပဏီ ဖြစ်သည်။
ဝန်ကြီးများ သိရှိပြီးဖြစ်သည့်အတိုင်း Airbus သည် AVIC ၏ အဓိကရင်းနှီးမြှုပ်နှံသူနှင့် မိတ်ဖက်ကုမ္ပဏီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအကျပ်အတည်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ယုံကြည်ထိုက်သော စောင့်ကြည့် မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းများ ရှိနေသည်ဖြစ်ရာ စစ်အုပ်စုထံ လက်နက် ရောင်းချပေးနေသည့် AVIC ၏ အခန်းကဏ္ဍတို့အပေါ် Airbus အနေဖြင့် AVIC နှင့် ပူးပေါင်းဆောင်ရွက်မှုသည် ပြဿနာကြီးဖြစ်နိုင်ကြောင်း သိရှိရမည် ဖြစ်ပါသည်။ သို့ရာတွင် Airbus အနေဖြင့် AVIC နှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သည့်အပြင် ဟောင်ကောင်စာရင်းဝင်ကုမ္ပဏီ AviChina Industry & Technology Company Limited မှတဆင့် AVIC ၏ ကုမ္ပဏီခွဲများစွာတို့တွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် ထားရှိခဲ့သည်။ Airbus သည် AviChina ၏ အကြီးဆုံးနိုင်ငံတကာရှယ်ယာရှင်ဖြစ်သည်။ သို့ဖြစ်ရာ Airbus အနေဖြင့် AviChina ၏ မဟာဗျူဟာ ဆုံးဖြတ်ချက်များ အပေါ် ကြီးမားသည့် ဩဇာလွှမ်းမိုးမှု ရှိနေသည်။
၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် AviChina ၏ နောက်ဆုံးထုတ်အစီရင်ခံစာတွင် “ကုမ္ပဏီ သည် အခြေခံအားဖြင့် မိမိတို့ကုမ္ပဏီခွဲများမှတဆင့် လုပ်ငန်းများဆောင်ရွက်ကြောင်း”၊ AviChina အုပ်စုသည် “ပြည်တွင်းနှင့် ပြည်ပဝယ်ယူသူများအတွက် ဟယ်လီကော်ပတာများ၊ လေ့ကျင့်ရေး လေယာဉ်များ၊ ဘက်စုံသုံး လေယာဉ်များနှင့် ပြည်တွင်းသုံးဂျက်လေယာဉ်များ ရောင်းချပေးအပ်ခြင်း၊ ပြည်ပလေကြောင်း ထုတ်လုပ်ရေး ကုမ္ပဏီများနှင့် လေကြောင်းဆိုင်ရာထုတ်ကုန်များ ပူးတွဲတီထွင် ထုတ်လုပ်ခြင်းများကဲ့သို့သော အရပ်ဘက် လေကြောင်းထုတ်ကုန်များနှင့် ကာကွယ်ရေးထုတ်ကုန် များကို တီထွင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများတွင် အဓိကလုပ်ဆောင်ကြောင်း” ဖော်ပြထားသည်။
ကုမ္ပဏီအုပ်စု၏ အဓိကထုတ်ကုန်များတွင် K8 လေ့ကျင့်ရေးလေယာဉ်နှင့် Y-12 ဘက်စုံသုံးလေယာဉ်များ ပါဝင်ကြောင်း အစီရင်ခံစာအရ သိရသည်။ အဆိုပါလေယာဉ်နှစ်မျိုးလုံးကို မြန်မာစစ်အုပ်စုက အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ဝယ်ယူအသုံးပြုခဲ့ပြီး၊ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများတွင် ယင်းလေယာဉ်များကို ဆက်လက်အသုံးပြုကြောင်း မကြာခဏဆိုသလို မှတ်တမ်းများ ရရှိခဲ့သည်။
မြန်မာစစ်အုပ်စု ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပေါ် ဝန်ကြီးများ၏ အစိုးရများက အကြိမ်ကြိမ်ရှုတ်ချမှုများကို ကျွန်ုပ်တို့ အသိအမှတ်ပြု ကြိုဆိုပါသည်။ သို့ရာတွင် Airbus ၏ AVIC နှင့် ဘဏ္ဍာရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများက အဆိုပါ ရှုတ်ချမှုများအပေါ် ဆန့်ကျင်မနေသည့်တိုင် ဆိုးရွားစွာ ထိခိုက်စေသည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ Airbus ရှယ်ယာရှင်များအနေဖြင့် Airbus ၏ ဘဏ္ဍာရေးနှင့် မဟာဗျူဟာ ချိတ်ဆက်မှုများသည် မြန်မာနိုင်ငံရှိ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကြီးများတွင် အားပေးကူညီမှု မရှိစေရန်အတွက် ဝန်ကြီးများ၏ အစိုးရများ တွင် သီးခြားတာဝန်တရပ် ရှိပါသည်။
ထို့အပြင် မြန်မာနိုင်ငံသည် အီးယူ၏ စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးပြဌာန်းချက် ချမှတ်ခံထား သည်ဖြစ်ရာ Airbus ကုမ္ပဏီအနေဖြင့် စစ်အုပ်စု၏ လက်နက်ပွဲစားကုမ္ပဏီအား ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်ခြင်းဖြင့် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများမှ ၂၀၁၈ ခုနှစ်တွင် သက်တမ်းတိုး လိုက်သည့် ယင်းပိတ်ပင်ချက်တွင် အီးယူအတွင်းရှိ ကုမ္ပဏီအဖွဲ့အစည်းများအား “နိုင်ငံတွင်း ဖိနှိပ်မှုများအတွက်
အသုံးပြုနိုင်သည့် စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ ထောက်ပံ့ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် တင်ပို့ခြင်း တို့အတွက်လည်းကောင်း၊ မြန်မာ/ဗမာနိုင်ငံအတွင်းရှိ မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း သို့မဟုတ် အစုအဖွဲ့အတွက် သို့မဟုတ် မြန်မာ/ဗမာနိုင်ငံအတွင်း အသုံးပြုရန်အတွက် ဆက်စပ် နည်းပညာအကူအညီ၊ ကြားခံဆောင်ရွက်မှုနှင့် အခြားဝန်ဆောင်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးအပ်ခြင်းအတွက်လည်းကောင်း အထူးသဖြင့် ထောက်ပံ့ငွေများ၊ ချေးငွေများနှင့် ပို့ကုန်အကြွေး အာမခံမှုများ အပါအဝင် ဘဏ္ဍာငွေထောက်ပံ့ခြင်း သို့မဟုတ် စစ်ဘက်လုပ်ငန်းများနှင့် ဆက်စပ်သည့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်ခြင်း” တို့ကို တားမြစ်ထားသည်။
တနည်းဆိုရသော် AviChina တွင် ရှယ်ယာများ ပိုင်ဆိုင်ထားခြင်းဖြင့် Airbus ကုမ္ပဏီသည် ဝန်ကြီးများ၏ အစိုးရများက အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည့် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေး ပြဌာန်းချက်ကို ချိုးဖောက်ရာ ရောက်နိုင်ပေသည်။
AVIC ကုမ္ပဏီခွဲများနှင့် မိတ်ဖက်များက စစ်အုပ်စုထံ ဆက်လက်ရောင်းချပေးအပ်နေသည့် စစ်ဘက်လေယာဉ်များ၊ အပိုပစ္စည်းအစိတ်အပိုင်းများနှင့် ဆက်စပ်သော ပြုပြင်ထိန်းသိမ်းမွမ်းမံရေး ဝန်ဆောင်မှုများအား မြန်မာစစ်အုပ်စု ရရှိနေမှုကို ပိတ်ပင်ဟန့်တားရန်အတွက် စစ်မှန်ပြီး ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ယခုအိတ်ဖွင့်ပေးစာတွင် လက်မှတ်ရေးထိုးထားသည့် ကျွန်ုပ်တို့အဖွဲ့အစည်းများမှ Airbus တွင် ရှယ်ယာရှင်များ ဖြစ်သည့် ဝန်ကြီးများ၏ အစိုးရများအား တိုက်တွန်းတောင်းဆိုပါသည်။
အထူးသဖြင့်
၁) AVIC နှင့် မြန်မာစစ်အုပ်စုတို့၏ စီးပွားရေးကို ရပ်တန့်ရန်အတွက် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှု ကို အသုံးပြုခြင်းဖြင့် Airbus ကုမ္ပဏီအား နိုင်ငံတကာ လူ့အခွင့်အရေးတာဝန်ဝတ္တရားများနှင့်အညီ ဆောင်ရွက် စေရန်။
၂) မြန်မာနိုင်ငံသို့ AVIC လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများ ဆက်လက် ရှိနေပါက Airbus ကုမ္ပဏီအနေဖြင့် AviChina မှ ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းပြီး၊ AVIC နှင့် ၎င်းတို့၏ စီးပွားရေးဆက်ဆံမှုကို အဆုံးသတ်စေရန်။
တို့ကို တိုက်တွန်းတောင်းဆိုပါသည်။
လေးစားစွာဖြင့်
ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်း (၃၄၃) ဖွဲ့။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု – [email protected]
ယခုအိတ်ဖွင့်ပေးစာကို လုံခြုံရေးဆိုင်ရာအကြောင်းပြချက်များကြောင့် အမည်ဖော်ပြနိုင်ခြင်း မရှိသည့် အဖွဲ့အစည်း (၇၃) ဖွဲ့ အပါအဝင် အဖွဲ့အစည်းပေါင်း (၃၄၃) ဖွဲ့တို့က လက်မှတ်ရေးထိုးထားသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.