Report 16 Views

မြန်မာ ၂၀၂၄ ဖြစ်ရပ်များ

January 3rd, 2025  •  Author:   Human Rights Watch  •  1 minute read
Featured image

အရှိန်အဟုန်မြင့်လာသော လက်နက်ကိုင် တော်လှန်ရေးနှင့် နယ်မြေ ဆုံးရှုံးမှုများကို တုံ့ပြန်သည့်အနေဖြင့် မြန်မာစစ်ကောင်စီမှ အရပ်သားများအပေါ် ၎င်း၏ “မြေလှန်” စနစ်ကို မြှင့်တင်ခဲ့သည်။ ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်မှ ကျူးလွန်နေသည့် ကြမ်းကြုတ်ရက်စက်မှုများမှာ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများ ကျူးလွန်ရာရောက်သည်။ ယခင်ဆယ်စုနှစ်များစွာကတည်းက စစ်တပ်မှာ ပြစ်ဒဏ်ပေးခံရခြင်းမရှိခဲ့သောကြောင့် အဆိုပါအမှုများဆက်လက်ကျူးလွန်ရန် တွန်းအားသဖွယ် ဖြစ်နေသည်။ ၂၀၁၇ ကတည်းက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသော ရိုဟင်ဂျာ တိုင်းရင်းသားများမှာ လက်ရှိအချိန်တွင် အဆိုးရွားဆုံး ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။ ပဋိပက္ခနယ်များမှ အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှရှိ အခြားနေရာများသို့ ထွက်ပြေးကြသည့် ဒုက္ခသည်ဦးရေမှာ ပိုမိုများပြားလာနေသည်။

စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများ

၂၀၂၃ အောက်တိုဘာလတွင် အတိုက်အခံအင်အားစုမှ ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်ပြီးနောက်ပိုင်း နိုင်ငံတဝှမ်း စစ်ကောင်စီ တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ မဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။ စစ်ကောင်စီ၏ စစ်ဆင်ရေးများတွင် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာပြီး စစ်ဘက်အရပ်ဘက် မခွဲခြားဘဲ အရပ်သားများအပေါ် တိုက်ခိုက်မှုများနှင့် ပြည်သူ့ အိုးအိမ်များနှင့် လမ်းတံတားများကို ပစ်မှတ်ထားမှုများ ပါဝင်လာသည်။ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုလုံးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို အချိန်မရွေးခံရနိုင်သည့်အတွက် အမြဲမပြတ်ကြောက်ရွံ့နေရကြောင်း ပဋိပက္ခဒဏ်ခံရသော ဒေသများရှိ အရပ်သားများမှ ပြောသည်။

စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးနယ်မြေများနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ ခိုလှုံရာ စခန်းများကို စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဇန်နဝါရီ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း ကနန်ကျေးရွာအနီး  စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ် ၉ ဦးအပါအဝင် ဘုရားကျောင်းတက်နေသည့် အရပ်သား ၁၇ ဦး သေဆုံးခဲ့သည်။ ဖေဖော်ဝါရီ ၅ ရက်တွင် ကရင်နီပြည်နယ် ဒေါဆီအီကျေးရွာ စာသင်ကျောင်းကို စစ်တပ်မှ လေကြောင်းပစ်ခတ်မှုကြောင့် ကျောင်းသားလေးဦး သေဆုံးခဲ့ပြီး အရပ်သား ၂၇ ဦး ဒဏ်ရာရခဲ့သည်။ ပညာရေးအပေါ် တိုက်ခိုက်မှုများနှင့် ကလေးငယ်များအပေါ် ဆိုးရွားစွာ ကျူးလွန်မှုများ ပိုမိုများပြားလာနေသည်။ စက်တင်ဘာ ၅ ရက် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ပြည်တွင်းစစ်ဘေးရှောင်စခန်းကို စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၈ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီမှ တရားလက်မဲ့ သတ်ဖြတ်မှုများကို နေရာအနှံ့အပြားတွင် ကျူးလွန်ခဲ့သည်။ မေ ၂၉ ရက်နေ့ ရခိုင်ပြည်နယ် အလယ်ပိုင်း ဗျိုင်းဖြူရွာတွင် ရာနဲ့ချီသော ရွာသူရွာသားများကို အမျိုးသားနှင့် အမျိုးသမီး ခွဲထားပြီး စစ်သားများမှ ဝိုင်းထားခဲ့သည်။ ရွာသားများ စစ်ဆေးမေးမြန်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရသည်၊ တချို့မှာ ပစ်သတ်ခံရသည်။ ရွာသူရွာသား ၄၈ ဦးနှင့် ၇၆ ဦးကြား စစ်တပ်မှ သတ်ဖြတ်ခဲ့သည်ဟု ခန့်မှန်းရပြီး အမျိုးသမီး ၅ ဦး မုဒိမ်းကျင့်ခံရကြောင်း သတင်းရရှိသည်။ ဩဂုတ်လအတွင်း မွန်ပြည်နယ်တွင် စစ်တပ်မှ ဝင်ရောက်စီးနင်းရာ သတင်းထောက်နှစ်ဦး အသတ်ခံခဲ့ရသည်

ပြည်တွင်းဖြစ် ဆင့်ကွဲဗုံးများ (air-dropped cluster munitions) ကို စစ်ဘက်အရပ်ဘက် မခွဲခြားဘဲ လူနေထူထပ်သော ဒေသများတွင် ၂၀၂၂ မှစ၍ အသုံးပြုခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း ဆင့်ကွဲဗုံးများအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများကို ဇန်နဝါရီတွင် ရခိုင်ပြည်နယ်၊ ဧပြီတွင် ချင်းပြည်နယ်၊ ဩဂုတ်တွင် မန္တလေးတိုင်း ဒေသကြီးတွင် ပြုလုပ်ခဲ့ပုံရသည်။

မြေမြှုပ်မိုင်းဖြင့် သေဆုံးဒဏ်ရာရသူ ၂၀၂၃ နိုင်ငံတကာစာရင်းတွင် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးရောက်ခဲ့သည်။ ၂၀၂၄ ပထမ ကိုးလအတွင်း မြေမြှုပ်မိုင်းနှင့် စစ် အကြွင်းအကျန် ပေါက်ကွဲပစ္စည်းများကြောင့် ကလေးငယ် ၂၄၅ ဦးအပါအဝင် အရပ်သား ၈၈၉ ဦး သေဆုံးခဲ့သည်ဟု မှတ်တမ်းများမှဆိုသော်လည်း အမှန်တကယ် အရေအတွက်မှာ ပိုများနိုင်သည်။ လူသတ်မိုင်းများကို အသုံးပြုနေသည့် လက်ရှိ နိုင်ငံလေးနိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်သည်။

၂၀၂၁ မေလမှ ၂၀၂၄ သြဂုတ်လအထိ စစ်ကိုင်းတိုင်းဒေသကြီးရှိ နေရာအများအပြားတွင် နေအိမ်ပေါင်း ၁၀၀,၀၀၀ ကျော်ကို စစ်တပ်မှ မီးရှို့ခဲ့သည်။

စစ်ကောင်စီသည် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများမှ တိမ်းရှောင်နေဆဲဖြစ်ပြီး နိုင်ငံခြားဝင်ငွေ ရရှိနေသည့်အပြင် လက်နက်နှင့် အခြားစစ်ရေးလိုအပ်ချက်များအတွက် ငွေပေးချေမှုများ ဆက်လက်ပြုလုပ်နေသည်။

စစ်သားစုဆောင်းခြင်း၊ ဖိနှိပ်ခြင်းနှင့် ထောက်လှမ်းစောင့်ကြည့်ခြင်း

စစ်တပ်တွင် စစ်ဝန်ထမ်းဦးရေ ကျဆင်းလာမှုကြောင့် ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများအား ငါးနှစ်အထိ စစ်မှုထမ်းရန် စစ်ကောင်စီမှ ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြန်လည်ပြဋ္ဌာန်းခဲ့သည်။ ယခင်ကတည်းက အတင်းအဓမ္မ စစ်သားစုဆောင်းရေးနည်းဗျူဟာများကို စစ်တပ်မှ အသုံးပြုခဲ့ကြောင်း သမိုင်းကြောင်းအထောက်အထား ရှိသည်။ ထိုဥပဒေ ထုတ်ပြန်လိုက်ပြီးနောက် စစ်တပ်မှ ဖမ်းဆီးမှုများ တိုးလာသကဲ့သို့ နိုင်ငံမှ ထွက်ပြေးသူများလည်း များပြားလာသည်။ စစ်မှုထမ်းစေခိုင်းရန် ကလေးသူငယ်များအပါအဝင် မိသားစုဝင်များကို ပြန်ပေးဆွဲခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများကို စစ်အာဏာပိုင်များမှ ပြုလုပ်ခဲ့သည်။ စစ်သားအဖြစ် အတင်းသွတ်သွင်းခံရသူများကို ရှေ့တန်းစစ်မျက်နှာတွင် လူသားဒိုင်းများနှင့် ပေါ်တာအဖြစ် အသုံးပြုခဲ့သည်။ အသစ်ဖွဲ့စည်းလိုက်သော “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု ကာကွယ်ရေးအဖွဲ့များ” တွင် ပါဝင်ရန် အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြား အမျိုးသားများကို ခေါ်ယူမည်ဟု စစ်ကောင်စီမှ သြဂုတ်လတွင် ကြေညာခဲ့သည်။ ၂၀၂၃ တွင် ကလေး ၁,၁၀၀ ကျော်ကို စစ်တပ်ထဲ ဆွဲသွင်း အသုံးပြုခဲ့ကြောင်း ကုလသမဂ္ဂမှ အတည်ပြုခဲ့သည်

၂၀၂၅ နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထားသည့် အတုအယောင် ရွေးကောက်ပွဲ ပြင်ဆင်ရန်အတွက် စစ်ကောင်စီမှ ဇူလိုင်လတွင် “အရေးပေါ်အခြေအနေ” ကို နောက်ထပ် ခြောက်လ သက်တမ်းတိုးခဲ့သည်။ အောက်တိုဘာတွင် စစ်ကောင်စီမှ အတိုက်အခံလှုပ်ရှားသူများကို ဖော်ထုတ်ရန်နှင့် စစ်သားစုဆောင်းရာတွင် စစ်သားအရည်အချင်းပြည့်မီသူများကို ရွေးထုတ်နိုင်ရန် ရည်ရွယ်ထားပုံရသည့် အသေးစိတ်မေးခွန်းပေါင်း ၆၈ ခုပါသည့် နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းကို စတင်ကောက်ယူခဲ့သည်။ အဆိုပါထောက်လှမ်းရေးတင်းကြပ်မှုများအတွင်း နိုင်ငံမှထွက်ခွာမည့် လူတစ်ဦးချင်းစီသည် အီလက်ထရောနစ် ဇီဝအချက်အလက်များ (biometric e-IDs) တင်ပြရန်လည်း လိုအပ်ကြောင်း မေလတွင် စစ်ကောင်စီမှ စတင်အတည်ပြုခဲ့သည်။

နိုင်ငံတစ်ဝှမ်း—အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင်−အင်တာနက်နှင့် ဖုန်းဝန်ဆောင်မှုများကို စစ်ကောင်စီမှ ပြင်းထန်စွာ ပိတ်ပင်ထားသောကြောင့် သတင်းရယူခွင့်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုများနှင့် ရပ်ရွာကာကွယ်မှုကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်။ အင်တာနက်ကို လုံခြုံစွာ အသုံးပြုနိုင်သော၊ ဆင်ဆာဖြတ်တောက်မှုကို ရှောင်ရှားနိုင်သော VPNs (virtual private networks) များကို စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ မေလတွင် စတင်ပိတ်ဆို့ခဲ့ပြီး ဇူလိုင်လတွင် ကုဒ်လျှို့ဝှက်ဆက်သွယ်ရေး အက်ပ် Signal ကိုပါ ပိတ်ဆို့ခဲ့သည်။

မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် နိုင်ထက်စီးနင်းမှုများ

၂၀၂၁ နောက်ပိုင်း စစ်ကောင်စီအာဏာပိုင်များမှ အမျိုးသမီး ၅,၇၀၀ ကျော်နှင့် ကလေးငယ် ၅၇၀ ကျော် အပါအဝင် အနည်းဆုံး လူ ၂၇,၅၀၀ ကို ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီမှ ဖမ်းဆီးချုပ်နှောင်ထားစဉ် လူပေါင်း ၁၉၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသော်လည်း အမှန်တကယ် သေဆုံးသူဦးရေမှာ ပိုမိုများပြားနိုင်သည်။ မုဒိမ်းမှု၊ ရိုက်နှက်မှု၊ ကြာရှည်စွာ ပုံစံထိုင် ထိုင်ခိုင်းခြင်း၊ လျှပ်စစ် ရှော့တိုက်မှုနှင့် မီးနှင့်တို့မှု၊ အစာ၊ ရေနှင့် အိပ်ချိန် မရရှိမှု နှင့်ပတ်သက်သော အစီရင်ခံစာများနှင့်အတူ နှိပ်စက်ညှဉ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အခြားသော နိုင်ထက်စီးနင်းဆက်ဆံမှုများကို အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်းများ၊ စစ်စခန်းများနှင့် အခြားသော ထိန်းသိမ်းရေးစခန်းများတွင် အထိန်းအကွပ်မဲ့ ကျူးလွန်လျက်ရှိသည်

တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားများ၊ ရှေ့နေများနှင့် ဘာသာရေးခေါင်းဆောင်များကို စစ်ကောင်စီတပ်များမှ မတရားဖမ်းဆီးခဲ့သည်။ ပြင်ဆင်ထားသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ စစ်တပ်ဆန့်ကျင်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောက်ရွက်နေသည့် အကူအညီထောက်ပံ့ရေး အဖွဲ့အစည်းများအပေါ် စွဲချက်တင်မှုများ တိုးလာခဲ့သည်။ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ဆုရ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီအား အကြမ်းဖက်မှု အတုအယာင်စွဲချက်များဖြင့် ပြင်ပလူတက်ရောက်ခွင့်မရှိသော စစ်ခုံရုံးမှ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။ ဆိုရှယ်မီဒီယာတွင် ပို့စ်တစ်ခုကို ရိုးရှင်းစွာ “ကြိုက်နှစ်သက်” ကြောင်း ဖော်ပြခြင်း အပါအဝင် စစ်တပ်အတိုက်အခံများကို ထောက်ခံအားပေးသည့် သို့မဟုတ် စစ်တပ်ကို ဝေဖန်သည့် အွန်လိုင်းလှုပ်ရှားမှုကြောင့် ၂၀၂၂ ဖေဖော်ဝါရီမှစတင်ပြီး လူပေါင်း ၁,၈၀၀ ကျော် ထိန်းသိမ်းခံခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကျပ်ကိုင်ပြီး စုပေါင်းပြစ်ဒဏ်ပေးသည့်အနေဖြင့် ကလေးငယ်များအပါအဝင် တက်ကြွလှုပ်ရှားသူများ၏ မိသားစုနှင့် အသိမိတ်ဆွေများကို အတင်းအဓမ္မ ဆက်လက် ဖမ်းဆီးနေဆဲ ဖြစ်သည်။

အကျဉ်းသား ၁၂၅ ဦးမှာ သေဒဏ်ချမှတ်ခံထားရပြီး နောက်ထပ် ၄၄ ဦးမှာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသည်။

အာဏာသိမ်းမတိုင်ခင်ကတည်းက အားနည်းနေသော နိုင်ငံ၏တရားဥပဒေစိုးမိုးမှု ပြိုလဲသွားခဲ့သည်။ အနည်းဆုံး ၆၄ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူများနှင့် ဝေဖန်ရေးသမားများ၏ ရှေ့နေများမှာ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းများ ရင်ဆိုင်ခဲ့ရသည်။ စစ်အာဏာပိုင်များမှ ရှေ့နေများအပေါ် အတားအဆီးများနှင့် ကန့်သတ်ချက်များကို စနစ်တကျ ချမှတ်ခဲ့ပြီး လွတ်လပ်သော တရားစီရင်ရေး ပုံစံအားလုံးကို ဖျက်သိမ်းခဲ့သည်။ နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော အမှုများကို အမြန်စစ်ဆေးနိုင်ရန် အကျဉ်းထောင်များအတွင်း ပြင်ပလူတက်ရောက်ခွင့်မရှိသော အထူးတရားရုံးများ ထူထောင်ထားသည်။ စစ်အုပ်ချုပ်ရေးသတ်မှတ်ထားသည့် မြို့နယ်များတွင် လုပ်ဆောင်နေသော စစ်ခုံရုံးများမှာ ပွင့်လင်းမြင်သာမှု လုံးဝ မရှိပေ။

ရိုဟင်ဂျာများအား ဖိနှိပ်ချုပ်ချယ်ခြင်း

ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသည့် စုစုပေါင်း ရိုဟင်ဂျာ ၆၃၀,၀၀၀ ခန့်—လေဟာပြင် ထိန်းသိမ်းရေးစခန်းများတွင် ချုပ်နှောင်ခံထားရသည့် ရိုဟင်ဂျာ ၁၅၀,၀၀၀ အပါအဝင်—မှာ အသားအရောင်ခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်မှုနှင့် လွတ်လပ်ခွင့် ဆုံးရှုံးမှုများအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အကျုံးဝင်သော စနစ်တကျ  နှိပ်စက်ညှဥ်းပန်းမှုများကို ရင်ဆိုင်နေကြရသည်။

၂၀၂၃ နိုဝင်ဘာတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားတပ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော်ကြား စစ်ပွဲများ ပြန်လည်စတင်ခဲ့ရာ တစ်နှစ်ကြာ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်သွားခဲ့ပြီး ရိုဟင်ဂျာများ ပိတ်မိနေခဲ့သည်။ ရက္ခိုင့်တပ်တော်မှ ရခိုင်ပြည်နယ်တဝှမ်း လျင်မြန်စွာ တိုးချဲ့ထိန်းချုပ်နိုင်လာသည်နှင့်အမျှ စစ်တပ်မှ လက်နက်အပြည့်အစုံတပ်ဆင်ထားသော ရဟတ်ယာဥ်များ၊ လက်နက်ကြီးများ၊ မြေပြင်တိုက်ခိုက်မှုများဖြင့် အရပ်သားများအပေါ် စစ်ဘက်အရပ်ဘက် မခွဲခြားဘဲ တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ ဧပြီလလယ်တွင် စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီမဟာမိတ် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များမှ ရခိုင်ဒေသများကို တိုက်ခိုက်ပြီးနောက်တွင် ရက္ခိုင့်တပ်တော်မှ ရိုဟင်ဂျာကျေးရွာများကို တစ်လကြာ တိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်။ မေလ ၁၇ တွင် ရက္ခိုင့်တပ်တော်မှ ဘူးသီးတောင်မြို့ကို သိမ်းပိုက်ချိန်တွင်အနီးအနားရှိ ရိုဟင်ဂျာ ရပ်ကွက်များကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်၊ လုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

သြဂုတ် ၅ ရက် မောင်တောမြို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်သည့် အရပ်သားများကို ပစ်မှတ်ထားကာ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူ ၁၈၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီကတည်းက စစ်ကောင်စီမှ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များ၏ အကူအညီဖြင့် ရခိုင်ပြည်နယ်မှ ထောင်နှင့်ချီသော ရိုဟင်ဂျာ အမျိုးသားများနှင့် ယောက်ျားလေးများကို ပြည်တွင်းဥပဒေ ချိုးဖောက်မှုဖြင့် စစ်သားစုဆောင်းခဲ့ပြီး ရိုဟင်ဂျာ မွတ်ဆလင်နှင့် ရခိုင်ဗုဒ္ဓဘာသာ အသိုင်းအဝန်းကြား တင်းမာမှုများကို အရှိန်အဟုန်မြင့်စေခဲ့သည်

စစ်ကောင်စီမှ ရခိုင်ပြည်နယ်အတွင်း သွားလာလှုပ်ရှားမှု ကန့်သတ်ချက်အသစ်များနှင့် အကူအညီ ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သည်။

၂၀၂၃ နိုဝင်ဘာကတည်းက ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် လူပေါင်း ၃၈၀,၀၀၀ ကျော်မှာ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ လူပေါင်း သောင်းနှင့်ချီ၍ နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များမှ  မြန်မာနိုင်ငံတွင်းသို့ ထောင်နှင့်ချီသော လူများကို အတင်းပြန်ပို့ခဲ့သည်။

၂၀၂၃ ဇန်နဝါရီမှစ၍ အသက်အန္တရာယ်များသည့် လှေခရီးစဉ်များဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော ရိုဟင်ဂျာ ၁၁,၀၀၀ ကျော်ထဲမှ လူပေါင်း ၈၀၀ ကျော်မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားခဲ့သည်။

လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါ အခြေပြု အကြမ်းဖက်မှု

အထူးသဖြင့် ပဋိပက္ခများ ပိုမိုဆိုးရွားလာနေသည့်အချိန်တွင် စစ်တပ်နှင့် အစိုးရမဟုတ်သော ကျူးလွန်သူများ အရေးယူခံရခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အခြားသော ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများကို အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်ရနိုင်သည့် အန္တရာယ်လည်း ပိုမိုများပြားလာသည်။

အရပ်သားများကို အပြစ်ပေးသည့်နည်းလမ်းအနေဖြင့် စစ်တပ်တပ်ဖွဲ့များမှ အရပ်သားများအား မုဒိမ်းကျင့်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်း၊ စစ်ဆေးရေးဂိတ်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ဝင်ရောက်စီးနင်းမှုများအတွင်း အတင်းအဓမ္မ အဖော်အချွတ်ခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်း နာမည်ဆိုးနှင့်ကျော်ကြားသည့် “ဘီလူးစစ်ကြောင်း” တပ်ဖွဲ့မှ အမျိုးသမီးများအား ပြန်ပေးဆွဲ၊ ခေါင်းဖြတ်၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့သည်။

အရာဝတ္ထုများ အသုံးပြု၍ မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါများကို မီးရှို့ခြင်း၊ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲခြင်းနှင့် လိင်အင်္ဂါထိပါး၍ ကျူးကျူးလွန်လွန် ရှာဖွေခြင်းများ အပါအဝင် လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုသည် အကျဉ်းသားများအား နှိပ်စက်ညှင်းပန်းရာတွင် အသုံးများသည့် ပုံစံဖြစ်သည်။

အိမ်တွင်းအကြမ်းဖက်မှုများ တဟုန်ထိုး မြင့်တက်လာနေသော်လည်း အကြမ်းဖက်ခံရသူများမှာ အကူအညီ၊ လုံခြုံရေးအကာအကွယ် သို့မဟုတ် တရားမျှတမှု မဆိုစလောက်သာ ခံစားခွင့်ရှိသည်။

အကူအညီပိတ်ဆို့ခြင်းများနှင့် နေရာရွှေ့ပြောင်းခြင်း

စစ်ကောင်စီသည် အရပ်သားများအပေါ် စုပေါင်းအပြစ်ပေးသည့် နည်းလမ်းအဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလမ်းကြောင်းကို ပိတ်ဆို့ခြင်းများကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ အရပ်သားများကို ဝိုင်းထားပြီး အကြမ်းဖက်ခြင်းအားဖြင့် နယ်မြေကို ထိန်းချုပ်ရန် စီစဥ်ထားသော စစ်တပ်၏ ကာလရှည်ကြာ ကျင့်သုံးနေသည့် “ဖြတ်လေးဖြတ်” ဗျူဟာကို ဤပိတ်ဆို့တားဆီးမှုများဖြင့် ခိုင်မာစေသည်။ ဇန်နဝါရီမှ ဇွန်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှ အကူအညီများပေးပို့ရာတွင် အဟန့်အတားဖြစ်စေသည့် ပိတ်ဆို့မှုဖြစ်ရပ် ၆၈၂ ခုကို အစီရင်ခံခဲ့သည်

၂၀၂၃ အောက်တိုဘာတွင် တိုက်ပွဲများ ပြင်းထန်လာချိန်မှစ၍ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁.၈ သန်းကျော် ရှိသည်။ အဆိုပါ ၁.၈ သန်း အပါအဝင် စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၃.၂ သန်းကျော် ရှိသည်။ အများစုမှာ ယာယီတဲများနှင့် ဟင်းလင်းပြင်များတွင် နေထိုင်နေကြရပြီး အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် သောက်သုံးရေများကို အကန့်အသတ်ဖြင့်သာ ရရှိသည်။

စက်တင်ဘာတွင် မုတ်သုန်မိုးနှင့် တိုင်ဖွန်း ရာဂီ (Yagi) ကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ပြီး ၁ သန်းခန့်မှာ ရေလွှမ်းမိုးမှု ဒဏ်ခံခဲ့ရသည်။ လမ်းပိတ်ဆို့မှုများ၊ ဆက်သွယ်ရေး ဆိုင်းငံ့မှုများ၊ ခရီးသွားလာခွင့် ငြင်းပယ်ခြင်း၊ မိုဘိုင်းငွေပေးချေမှုများ ပိတ်ဆို့ခြင်းနှင့် စစ်ဆေးရေးဂိတ်များ အထူးသဖြင့် ခုခံတော်လှန်ရေးအမာခံဒေသများရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတိုးမြှင့်စစ်ဆေးခြင်းများ အပါအဝင် အရေးပေါ်အကူအညီတုံ့ပြန်မှုကို စစ်ကောင်စီမှ တားဆီးပိတ်ပင်ခဲ့သည်။ ပဲခူးတိုင်း ဒေသကြီးနှင့် ကရင်နီနှင့် ရှမ်းပြည်နယ်များသို့ စားနပ်ရိက္ခာနှင့် အခြားအကူအညီ ပစ္စည်းများ ပို့ဆောင်မှုကို စစ်ကောင်စီ တာဝန်ရှိသူများမှ ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

ရေကြီးမှု မတိုင်မီ နိုင်ငံတစ်ဝှမ်း စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ချွတ်ခြုံကျနေသည့်အချိန်တွင် ကလေး ၆ သန်းအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသည့် လူပေါင်း ၁၈.၆ သန်းအထိ တိုးနေပြီ ဖြစ်သည်။

ဆေးဝါးကုသခွင့်မရရှိခြင်းကြောင့် အာဟာရချို့တဲ့မှု၊ ရေမှတဆင့် ကူးစက်သောရောဂါနှင့် ကာကွယ်နိုင်သော ရောဂါကြောင့် သေဆုံးမှုများ ပိုမိုဆိုးရွားလာစေသည်။ ၂၀၂၄ အစောပိုင်းကတည်းက Médecins Sans Frontières (MSF) မှ ဆေးဘက်ဆိုင်ရာလုပ်ငန်းများကို ဆိုင်းငံ့ရန် အတင်းဖိအားပေးခံရပြီးနောက် ရခိုင်ပြည်နယ်တွင် လူပေါင်း ၁.၆ သန်းခန့်မှာ ဆေးရုံတက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ ဇွန်လအစပိုင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားမှုကို တုံ့ပြန်ရာတွင် စစ်ကောင်စီမှ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အများပြည်သူနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization, WHO) ထံ မပေးဘဲ လျှို့ဝှက်ထားခဲ့သည်။

တရားမျှတမှုနှင့် တာဝန်ခံမှု

၂၀၁၇ ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း ရိုဟင်ဂျာများအား နေရပ်ပြန်ပို့မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး (International Court of Justice, ICC) အစိုးရရှေ့နေမှ နိုဝင်ဘာလတွင် တောင်းခံခဲ့သည်။ တရားရုံး၏ စုံစမ်းစစ်ဆေးမှုမှာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစိတ်တဒေသ ဖြစ်ပွားခဲ့သည့် ရာဇ၀တ်မှုကို အဓိကထား စုံစမ်းစစ်ဆေးခဲ့သည်။

ဂျန်နိုဆိုက်ကွန်ဗင်းရှင်းအရ မြန်မာနိုင်ငံအပေါ် စွဲချက်တင်ထားသည့် ဂမ်ဘီယာအမှုတွင် အစိုးရခုနစ်ရပ်၏ ကြားဝင်ဆောင်ရွက်မှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ ဇူလိုင်လတွင် လက်ခံခဲ့သည်။ ဆလိုဗေးနီးယားနိုင်ငံမှ နိုဝင်ဘာလတွင် ကြားဝင်ဆောင်ရွက်မှုတွင် နောက်ထပ်ကြေညာချက်တစ်ခု တင်သွင်းခဲ့သည်။ မေလတွင် တင်သွင်းခဲ့သော မြန်မာ၏ချေပလွှာအား တုန့်ပြန်သည့် စာကို ဂမ်ဘီယာနိုင်ငံမှ နိုဝင်ဘာလတွင် တင်ခဲ့သည်။ ICJ မှ ချမှတ်ထားသည့် ယာယီအစီအမံများကို စစ်ကောင်စီမှ ဗြောင်ကျကျ လျစ်လျူရှုထားကြောင်း ရခိုင်ပြည်နယ်အပေါ် တနေ့တခြား ပိုမိုပြင်းထန်လာသော စစ်တပ်၏ဖိနှိပ်ချုပ်ချယ်မှုများမှ မီးမောင်းထိုးပြနေသည်။

ဇွန်လတွင် အာဂျင်တီးနားအစိုးရရှေ့နေသည် မြန်မာနိုင်ငံမှ လူ ၂၅ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်။ ထိုအမှုကို နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (universal jurisdiction) လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်ခဲ့သည်။


Original post