အကြံပြုတိုက်တွန်းချက်များ အကျဉ်းချုပ်
(၁) မြန်မာနိုင်ငံအကျပ်အတည်းအတွက် မြန်မာပြည်သူများ ဦးဆောင်သော ပြည်သူကိုဗဟိုပြုသည့် ဖြေရှင်းချက် ရရှိနိုင်ရန် ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်ဆောင်ရွက်ရမည်။ အာဆီယံ၏ “မြန်မာပိုင်၊ မြန်မာဦးဆောင်” ချဉ်းကပ်မှုသည် မြန်မာပြည်သူများ၏ စုပေါင်းဆန္ဒကို ထောက်ခံပံ့ပိုး ပေးသည့် စစ်မှန်သောနိုင်ငံရေးဆန္ဒဖြင့် ကျောထောက်နောက်ခံပြုရန်။
(၂) တရားမ၀င်စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရန် သို့မဟုတ် အပေးအယူလုပ်ရန် မြန်မာနိုင်ငံ၏ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများအပေါ် ဖိအားပေးမှုအားလုံးကို ရပ်တန့်ရန်နှင့် စစ်အုပ်စုအား လုံးလုံးလျားလျား ဖယ်ထုတ်ထားသည့် ပြည်တွင်းနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ထောက်ခံအားပေးရန်။
(၃) စစ်အုပ်စုနှင့် စီးပွားရေး၊ စစ်ရေး အပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များနှင့် တရားဝင်ထိတွေ့ဆောင်ရွက်ရန်။
(၄) စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစဉ်အားလုံးကို ရပ်တန့်ရန်။
(၅) တရားဝင်မှုရှိသော သက်ဆိုင်သူများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးအပ်ရန်။
(၆) စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ ကျူးလွန်မှုများအတွက် နိုင်ငံတကာဥပဒေအောက်တွင် မြန်မာစစ်တပ်ကို တာဝန်ခံစေရန် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ရန်။
ဘုံသဘောတူညီချက်ငါးချက်အပေါ် အာဆီယံခေါင်းဆောင်များ၏ မကြာသေးမီက ဆုံးဖြတ်ချက်ကို သုံးသပ် လေ့လာခြင်း
မြန်မာနိုင်ငံတွင် စစ်အုပ်စုကြောင့် ဖြစ်ပေါ်သော အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ အချည်းအနှီးဖြစ်နေသည့် ကြိုးပမ်းမှုများအတွင်းမှ အာဆီယံဘုံသဘောတူညီချက်သည် မြန်မာနိုင်ငံ အတွက် အလွန်အန္တရာယ်ရှိကြောင်း တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ သို့ဖြစ်သော်ငြားလည်း အာဆီယံ ခေါင်းဆောင်များသည် ယင်းမအောင်မြင်နေသော ချဉ်းကပ်မှုကို ဆက်လက်အကောင်အထည်ဖော်မည် ဆိုသည့်၎င်း၏ဆုံးဖြတ်ချက်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဤဆုံးဖြတ်ချက်သည် ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်၍ လုပ်ဆောင်ရန်၊ စစ်တပ်ကို လုံးလုံးလျားလျား ဖျက်သိမ်းပြီး အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရန်၊ ပြည်သူများ၏ စုပေါင်းဆန္ဒကို ထောက်ခံရန် အာဆီယံသို့ တောင်းဆိုထားသော မြန်မာပြည်သူများ၏ ထပ်ဖန်တလဲလဲ စည်းလုံးညီညွတ်စွာ တောင်းဆိုချက်များကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုလိုက်သည်။ “လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းချက်ကို ရှာဖွေရာတွင် မြန်မာနိုင်ငံအား အကူအညီပေးရန် အာဆီယံ၏ ကတိကဝတ်များ”[1] ရှိကြောင်း ပြောဆိုမှုများရှိသော်လည်း “မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အဓိကရည်ညွှန်းချက် အဖြစ် ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ထိန်းသိမ်းထားရန်”[2] ဆိုသည့် အာဆီယံ၏ ဆုံးဖြတ်ချက်သည် မြန်မာပြည်သူများ၏ တောင်းဆိုချက်များနှင့် ဆန္ဒများကို မထောက်ခံသရွေ့ “မြန်မာပိုင် မြန်မာဦးဆောင်သော အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းသော ဖြေရှင်းချက်တစ်ရပ် ရရှိရန်“[3] မှာ လုံးဝဖြစ်နိုင်မည်မဟုတ်ကြောင်း သေချာလှပေသည်။
ဘုံသဘောတူညီချက်ငါးရပ် စပေါ်လာသည့်အချိန်မှစ၍ အာဆီယံသည် စစ်အုပ်စု၏ အကြမ်းဖက်မှု များကို ရပ်တန့်ရန်နှင့် ပြည်သူများ၏ အသက်များကို ကယ်တင်ရန် လုံးလုံးလျားလျား ပျက်ကွက်ခဲ့ရုံ သာမက စစ်အုပ်စု၏ ပြည်သူများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင်လည်း ကြံရာပါ ဖြစ်လာခဲ့သည်။ စစ်အုပ်စုမှ ဘုံသဘောတူညီချက်ငါးရပ်ကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထား သော်လည်း အာဆီယံခေါင်းဆောင်များသည် မအောင်နေမြင်သော ထိုသဘောတူညီချက်တစ်ခုတည်းကိုသာ အထူးအားထားကြောင်း ထပ်လောင်းအတည်ပြုခြင်းက ၎င်းတို့သည် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့်ပေးနေခြင်းဖြစ်သည်သာမက အကြမ်းဖက်၊ ဗုံးကြဲ၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို ပြစ်ဒဏ်ခံရခြင်း ကင်းလွတ်စွာြဖင့် ဆက်လက်ကျူးလွန်နေသော စစ်အုပ်စု၏လက်ဝယ်တွင် မြန်မာပြည်သူများကို စွန့်ပစ်ထားခြင်းလည်း ဖြစ်ပေသည်။
ပြီးခဲ့သောနှစ်အတွင်းတွင် စစ်အုပ်စုသည် ၎င်း၏ တရားမ၀င် အာဏာသိမ်းရန် ကြိုးပမ်းမှုအပေါ် ပြည်သူများ၏ ပြတ်သားခိုင်မာသော စုပေါင်းဆန့်ကျင်မှုနှင့် ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှုအတွင်း ၎င်းတို့၏ ကြီးမားသော နယ်မြေဆုံးရှုံးမှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ရက်စက်ကြမ်းကြုတ်သည့် အစုလိုက်အပြုံလိုက် ရာဇ၀တ်မှုများကို ပြင်းထန်စွာ အရှိန်မြှင့်တင် ကျူးလွန်ခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမရှစ်လအတွင်းတွင် စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုကို ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ခုနစ်ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း ၁,၆၃၉ ကြိမ်ရှိခဲ့သဖြင့် အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း စုစုပေါင်းလေကြောင်း တိုက်ခိုက်မှုအားလုံး၏ ၅၀% နီးပါးရှိသည်။[4] ယနေ့အချိန်အထိပင် စစ်အုပ်စုသည် မြေပြင်အကြမ်းဖက် တိုက်ခိုက်မှုများအပြင် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများနှင့် IDP များ၏ ဒုက္ခသည်စခန်းများ အပါအဝင် အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသော မကြုံစဖူးများပြားသည့် လေကြောင်းတိုက်ခိုက်မှုများကို သိမ်းကျုံးစုပေါင်း အပြစ်ပေးသည့်ပုံစံအဖြစ် ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။ စစ်အုပ်စုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှစပြီး ၎င်း၏အဓမ္မတပ်သားစုဆောင်းမှုများကြောင့် ဖြစ်ပေါ်လာသော မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဖြတ်ကျော် အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်မှုများမှတစ်ဆင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ပိုမိုပြင်းထန်စွာ လုပ်ဆောင်ခဲ့သည်။ ကုလသမဂ္ဂ၏အဆိုအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့အထိ စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၃.၄ သန်းကျော်[5] ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ယင်းကိန်းဂဏာန်းမှာ ထွက်ပြေးတိမ်းရှောင်ရမှု၏ အမှန်တကယ်ပမာဏကို များစွာလျှော့တွက်ထားခြင်း ဖြစ်နိုင်သည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ အဆိုအရ ကျရှုံးနေသော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ လူပေါင်း ၅၂,၁၀၀ ခန့်၊ မလေးရှားနိုင်ငံသို့ ၁၂,၂၀၀ နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ၃,၄၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။[6]
လက်ရှိတွင် မြန်မာစစ်တပ်သည် နိုင်ငံတကာရာဇ၀တ်တရားရုံး၊ အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် အာဂျင်တီးနားတရားရုံးတို့တွင် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများ ကျူးလွန်မှုများအတွက် စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားက ကျရှုံးနေသော အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုနှင့် ၎င်း၏လက်အောက်ခံပြည်သူ့စစ်များ၏ “အရပ်သားပြည်သူလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျတိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်နက်ကိုင်ပဋိပက္ခနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် ချိတ်ဆက်နေသော စစ်ရာဇ၀တ်မှုများ ကျူးလွန်ကြောင်း ထင်ရှားဖော်ပြသည့် ယုံကြည်ရလောက်သော သက်သေအထောက် အထားနှင့် အချက်အလက် အများအပြားကို စုဆောင်းထားသည်။”[7]
အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်တွင် ဖော်ပြထားသည့်အတိုင်း ရာဇ၀တ်ကောင်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို အဆုံးသတ်ရမည့်အစား အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် စစ်အုပ်စု၏ ငွေကြေးပိုင်ဆိုင်မှုများ ခိုအောင်းနိုင်ရန်နှင့် လက်နက်များနှင့် လေယာဉ်ဆီများ ဝယ်ယူရရှိနိုင်ရန် စီစဥ်ပေးခြင်းဖြင့် အဆိုပါရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန်နိုင်ရန် ကူညီပေးခြင်းများသည် အာဆီယံ၏ ကြံရာပါဖြစ်ခြင်းကိုသာ ပိုမိုနက်ရှိုင်းစေခဲ့ပြီး[8] တချိန်တည်း၌ပင် ၎င်းသည် စစ်အုပ်စုအား နိုင်ငံနှင့်ဒေသတွင်း အဆင့် တွေ့ဆုံဆွေးနွေးမှုများ၊ လုပ်ငန်းဆောင်ရွက်မှုများမှတစ်ဆင့် တရားဝင်မှုကို မှားယွင်းစွာ ပေးအပ်လုပ်ဆောင်နေခဲ့ကြသည်။[9]
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အဆိုအရ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုန်ပစ္စည်းပေးသွင်းသူများထံမှ လက်နက်နှင့် စစ်ဘက်ဆိုင်ရာကုန်ပစ္စည်းများကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်ဖိုး တင်သွင်းခဲ့ရာ ယခင်နှစ်ကထက် ၁၀၀% ပိုတိုးလာခြင်းဖြစ်ပြီး၊ စင်္ကာပူအခြေစိုက် ကုန်ပစ္စည်း တင်သွင်းသူများထံမှလည်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖိုးတင်သွင်းခဲ့သည်။[10] ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) မှ စစ်ကောင်စီသည် အရပ်သားများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရန် ၎င်းတို့အား အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲကာ ဗီယက်နမ်နိုင်ငံမှတစ်ဆင့် လေကြောင်းသုံး လောင်စာဆီများ တင်သွင်းနေကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။[11]
အာဆီယံသည် မြန်မာနိုင်ငံ၏ အကျပ်အတည်း ပိုမိုဆိုးရွားလာစေသည့် ၎င်း၏လုပ်ဆောင်ချက် အထူးသဖြင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများကို ကူညီပံ့ပိုးပေးခြင်းဖြင့် ကြံရာပါဖြစ်နေမှုများအတွက် အပြည့်အ၀တာဝန်ယူရမည်။
အာဆီယံသည် “မြန်မာပိုင် မြန်မာဦးဆောင်သော အားလုံးပါဝင်သည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းသည့် ဖြေရှင်းချက်တစ်ခုရရှိရန် မြန်မာပြည်သူများကို ကူညီပေးရန်” ရည်ရွယ်ထားသည်ဟူသော ၎င်း၏ကြွေးကြော်ချက်က သူတော်ကောင်းဟန်ဆောင်နေသည့် အာဆီယံကို ရှင်းလင်းစွာပြသနေသည်။[12] မကြာသေးမီက ပြုလုပ်ခဲ့သည့် အာဆီယံ၏ဆုံးဖြတ်ချက်တွင် စစ်အုပ်စုနှင့် ဆက်ဆံရေးအားလုံး ဖြတ်တောက်ရန် တောင်းဆိုထားသော မြန်မာလူထု၏ တောင်းဆိုချက်များနှင့်ကိုက်ညီစေရေး ကြိုးပမ်းအားထုတ်ရန် ပျက်ကွက်ခဲ့သည်။[13] အကယ်၍ အာဆီယံသည် ၎င်းထပ်ဖန်တလဲလဲ ဆိုထားသည့်အတိုင်း “မြန်မာပြည်သူများကိုကူညီရန်” အတွက် “မြန်မာပိုင် မြန်မာဦးဆောင် ဖြေရှင်းချက်” တစ်ခုကို အမှန်တကယ် ဖော်ဆောင်လိုပါက[14] ၎င်းသည် စင်မြင့်အားလုံးတွင် စစ်အုပ်စုမှ မြန်မာနိုင်ငံကို မည်သည့်နေရာ၊ မည်သည့်အဆင့်မှမဆို ကိုယ်စားပြုတက်ရောက်ခြင်းများမှ တားမြစ်ပိတ်ပင်ရန်လိုသည်။
မည်သည့် “အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည်“ “မြန်မာပိုင် မြန်မာဦးဆောင်သော ဖြေရှင်းချက်” မှန်သမျှသည် မြန်မာပြည်သူလူထု၏ဆန္ဒနှင့် ကိုက်ညီရမည်ဖြစ်ပြီး စစ်အာဏာရှင်ကို ဖြိုခွင်းအဆုံးသတ်ရန် ကြိုးပမ်းနေသော တရားဝင်မှုရှိသည့် သက်ဆိုင်သူများ မဖြစ်မနေပါဝင်ရမည်။ စစ်အုပ်စုကို ပါဝင်ထည့်သွင်းသည့် “အားလုံးပါဝင်သော အမျိုးသားတွေ့ဆုံဆွေးနွေးပွဲ”[15] လုပ်ဆောင်ရန် အာဆီယံ၏ အတင်းအကြပ်တိုက်တွန်းမှုသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်သူများကို ဆွေးနွေးပွဲသို့ ခေါ်လာခြင်းဖြစ်သည်သာမက မိမိတို့အသက်၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးတို့အတွက် တိုက်ပွဲဝင်ကာကွယ်နေရသည့် မြန်မာပြည်သူလူထု၏ ဆန္ဒကို ပြောင်ပြောင်တင်းတင်း လစ်လျူရှုခြင်းလည်းဖြစ်နေသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ ကြာအောင် ကြုံနေရသည့် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ၏ အကြောင်းရင်းခံလည်းဖြစ် ပိုဆိုးရွားစေရန် လုပ်ဆောင်သူလည်းဖြစ်သည့် မြန်မာစစ်တပ်၏ ငြင်းဆို၍မရသော အခန်းကဏ္ဍကိုပါ မသိကျိုးကျွံပြုခြင်းလည်း ဖြစ်သည်။
အာဆီယံ၏ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများသည် မြန်မာပြည်သူအား ကိုယ်စားမပြုသည့် စစ်အုပ်စုကို အတင့်ရဲစေခြင်းဖြင့် အာဆီယံ၏ရည်ရွယ်ချက်များကို ဆန့်ကျင့်သည့်အပြင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ပြင်းထန်စွာ ပိုမိုဆိုးရွားစေပြီး ၎င်းတို့အပေါ် ထားရှိသမျှ ယုံကြည်မှုကိုပါ တိုက်စားစေသည်။ စစ်အုပ်စုမှအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ညီလာခံများကို တက်ရောက်ခြင်း၊ မြန်မာနိုင်ငံကို ကိုယ်စားပြုရန် စစ်အုပ်စုကို ဖိတ်ကြားခြင်းနှင့် စစ်အုပ်စု၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ကျင်းပခြင်းတို့ကို ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် အာဆီယံသည် စစ်ကောင်စီ၏ နိုင်ငံရေးခြယ်လှယ်မှုနှင့် ဝါဒဖြန့်ချီမှုများအပေါ် ယုံလွယ်မှုရှိကြောင်း အလေးပေးပြသသည်။ ထို့အပြင် အာဆီယံသည် ဤသို့ထိတွေ့ဆက်ဆံခြင်းများကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်အဖြစ် အသုံးချနေသည့်၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် တရားဝင်ဥပဒေနှင့်ညီသော အခွင့်အာဏာမရှိသည့်၊ တရားဥပဒေမဲ့၊ တရားမဝင် ရာဇ၀တ်စစ်အုပ်စုကို မြှောက်ပင့်ပေးခြင်းဖြစ်ရုံသာမက မစစ်မှန်သော တရားဝင်မှုကိုပါ ပေးနေခြင်းဖြစ်သည့်အပြင် ငြိမ်းချမ်းသော မြန်မာနိုင်ငံအဖြစ် တည်ဆောက်ရန် မြန်မာပြည်သူလူထု၏ အလွန်ကြီးမားသော အနစ်နာခံမှုနှင့် ကြိုးပမ်းအားထုတ်မှုများကိုပါ ပြောင်ပြောင်တင်းတင်း ပျက်ပြားအောင် ပြုလုပ်နေခြင်းလည်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် အာဆီယံသည် ၎င်း၏ ၄၄ နှင့် ၄၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးများတွင် စစ်အုပ်စုအား မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ရန် ကြိုဆိုချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ကဲ့သို့သော တရားဝင် ကိုယ်စားလှယ်များနှင့် အလွတ်သဘောမျှသာ ထိတွေ့ဆက်ဆံခဲ့သည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ၄၂ ကြိမ်မြောက် အာဆီယံ APOL ညီလာခံကို အောက်တိုဘာ ၂၁ ရက်မှ ၂၅ ရက်အထိ နေပြည်တော်တွင် စစ်အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ခွင့်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတိုင်းမှ တာဝန်ရှိသူများက ထိုညီလာခံကို တက်ရောက်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့က စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတွင် ဥက္ကဋ္ဌတာဝန်ယူခွင့်ပြုခဲ့သည်။
အာဆီယံသည် မြန်မာပြည်သူလူထုကို ကိုယ်စားပြုရန် လူထု၏အချုပ်အခြာအာဏာကို လေးစားရန် တာဝန်ရှိသည်။ တရားမ၀င်စစ်အုပ်စုကို ၎င်းတို့၏အစိုးရအဖြစ် ပြည်သူတို့က လက်မခံကြောင်း ပြင်းပြင်းထန်ထန် ပယ်ချထားပြီးဖြစ်သည်။ မြန်မာနိုင်ငံကို ကိုယ်စားပြုရန် မည်သည့်စစ်အုပ်စု ဝန်ထမ်းကိုမဆို ခွင့်ပြုခြင်းက အာဆီယံသည် မြန်မာပြည်သူလူထုနှင့် လူထု၏ ကိုယ်စိတ်နှစ်ဖြာသုခအတွက် ၎င်း၏တာဝန်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခဲ့သည်။ ပြည်သူများ မရှိလျှင် မြန်မာနိုင်ငံမရှိနိုင်ကြောင်း အာဆီယံသတိပြုရမည်။ ရှေ့ဆက်ပြီး အာဆီယံသည် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး ဖက်ဒရယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပြည်သူလူထု၏ နိုင်ငံရေးဆန္ဒများကို အာဆီယံ၏ ဆုံးဖြတ်ချက်များနှင့် စင်မြင့်များမှတစ်ဆင့် ထောက်ခံအားပေးရမည်။
ထို့အပြင် စစ်အုပ်စုနှင့် အာဆီယံ၏ ထိတွေ့ဆက်ဆံမှုများသည် “ယုံကြည်မှု တည်ဆောက်ရန်နှင့် မတူညီသော သက်ဆိုင်သူအစုအဖွဲ့များအကြား ကွဲပြားခြားနားမှုများကို ပေါင်းကူးတည်ဆောက်ရန် အရေးကြီးသော ခြေလှမ်းတစ်ခု” မည်သည့်အခါမျှ မဖြစ်နိုင်သကဲ့သို့ မည်သည့်အခါတွင်မှလည်း ဖြစ်လာမည် မဟုတ်ပေ။[16] စစ်အုပ်စုကို မြန်မာနိုင်ငံ၏နေရာတွင် ထိုင်ခွင့်ပြုခြင်းကြောင့် အာဆီယံအပေါ် မြန်မာလူထု၏ ယုံကြည်မှုကို ထပ်မံဆုံးရှုံးစေခြင်းသာ ဖြစ်ပေါ်သည်။ အာဆီယံ၏ ပျက်ကွက်ကျရှုံးမှုကြောင့် မြန်မာပြည်သူ၏ ယုံကြည်မှုကို အကြီးအကျယ် ဆုံးရှုံးနေသည့်အတွက် ၎င်း၏ “မြန်မာပိုင် မြန်မာဦးဆောင်သော” ချဉ်းကပ်မှုမှ မြင်သာထင်သာရှိသည့် သို့မဟုတ် ရေရှည်တည်တံ့ခိုင်မြဲသည့် ရလဒ်များ မျှော်လင့်၍ မရနိုင်သကဲ့သို မျှော်လည်း မမျှော်လင့်သင့်ပေ။
“အလွတ်သဘောဆွေးနွေးပွဲများ”[17] မှတစ်ဆင့် ၎င်း၏လွဲမှားသောချဉ်းကပ်မှုကို “အရှိန်မြှင့်” ရန် ချမှတ်ခဲ့သည့် အာဆီယံ၏ ဆုံးဖြတ်ချက်သည် တည်ငြိမ်ရေးဆီသို့ နိုင်ငံကိုဗဟိုပြုသော ချဉ်းကပ်မှုအတွက် ဆေးမြီးတိုဖြေရှင်းချက်များ ချမှတ်ကျင့်သုံးရန် ရည်မှန်းထားကြောင်း ထင်ရှားပြီး ယင်းက မြန်မာနိုင်ငံကို အကြမ်းဖက်မှုများနှင့် စစ်အာဏာရှင် သံသရာဝဋ်အတွင်း ဆက်ပိတ်မိနေစေမည့် ဖြစ်သည်။[18] ဤဆုံးဖြတ်ချက်ဖြင့် အာဆီယံသည် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများအား “ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ [နှင့်] ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး” ခေါင်းစဥ်အောက်ဖြင့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရန် သို့မဟုတ် အပေးအယူလုပ်ရန် ဖိအားပေးနိုင်ဖွယ်ရှိခြင်းမှာ ကြီးမားသော စိုးရိမ်မှုတစ်ခု ဖြစ်သည်။[19] ထိုသို့လူ့အခွင့်အရေးကို အကာအကွယ်ပေးခြင်းမရှိဘဲ တရားမျှတမှုနှင့် တာဝန်ခံမှုမရှိဘဲ – တည်ငြိမ်ရေးသို့ အလျင်စလိုလုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ပြန်လည်ဖြစ်ပွားမှုကိုသာ ဖော်ဆောင်နိုင်မည်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် စစ်မှန်သော တည်ငြိမ်ရေးအတွက် မျှော်လင့်ချက်မှန်သမျှကို တားဆီးလိမ့်မည်။[20]
“အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းသော ဖြေရှင်းချက်”[21] ကို မြန်မာနိုင်ငံ၏ ရာဇ၀တ်ကောင် စစ်ဘက်ဆိုင်ရာအင်စတီကျူးရှင်းကို လုံးလုံးလျားလျား ဖျက်သိမ်းပြီး မြန်မာနိုင်ငံရှိ လူမှုအသိုက်အဝန်းများအားလုံးအတွက် လူ့အခွင့်အရေးများကို အာမခံသည့် အရပ်သား ဦးဆောင်သော ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်ခြင်းဖြင့်သာ အောင်မြင်ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် စစ်အာဏာရှင်စနစ် ကင်းစင်သော၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ထူထောင်ရေးကို အပြည့်အဝ ထောက်ခံရန်မှာ အာဆီယံ၏ အကောင်းဆုံး အကျိုးစီးပွားပင် ဖြစ်သည်။ အာဆီယံ၏ ငြိမ်းချမ်းရေးအယူအဆမှာ “ပုံမှန်အတိုင်း လည်ပတ်လုပ်ဆောင်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ယင်းသည် မြန်မာနိုင်ငံ၏ လွန်ခဲ့သော ဆယ်စုနှစ်မှ သင်ခန်းစာများကို လျစ်လျူရှုထားသည်။ အာဆီယံသည် ထိုသင်ခန်းစာများကို သင်ယူပြီး ၎င်း၏ချဉ်းကပ်ပုံကို လိုက်လျောညီထွေ ပြောင်းလဲရမည်ဖြစ်ပြီး ယခင် “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်” ဟုခေါ်သည့် မအောင်မြင်ခဲ့သော “တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်” ကာလအတွင်း မြန်မာစစ်တပ်နှင့် စေ့စပ်ညှိနှိုင်းရန် အဆောတလျင် လုပ်ဆောင်ခြင်းကြောင့် စစ်မှန်ပြီး ဒီမိုကရေစီနည်းကျ ပါဝင်နိုင်မှုရှိခြင်း လုပ်ငန်းစဉ်ကို တားဆီးပိတ်ပင်ခဲ့သဖြင့် စစ်တပ်ကို အတိုက်အခံပြုသူများအကြား ယုံကြည်မှု ထိခိုက်ပျက်ပြားသွားခဲ့စေသည်။[22] ထိုလုပ်ငန်းစဉ်သည် စစ်တပ်မှ ဘောင်ခတ်ထားပြီး လွှမ်းမိုးချုပ်ကိုင်ထားသော တစ်ဖက်သတ် အစီအစဉ်ဖြင့် စတင်ခဲ့ပြီး အခြားသက်ဆိုင်သူများမှ တန်းတူရည်တူ ပါဝင်နိုင်ရန် ဘေးကင်းလုံခြုံပြီး အဓိပ္ပါယ်ရှိသော အခွင့်အလမ်းများကို ငြင်းဆိုခဲ့သည့်အပြင် ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် လုပ်ငန်းစဉ်ဖွံ့ဖြိုးတိုးတက်ခြင်းတွင် ပါဝင်မှုလည်း များစွာနည်းပါးခဲ့သည်။[23]
ထို့အပြင် တစ်ဘက်တွင် မြန်မာစစ်တပ်၊ အခြားတစ်ဘက်တွင် တော်လှန်ရေးအင်အားစုများဟူသော “ပဋိပက္ခတွင် ပါဝင်သော အဖွဲ့များ”[24] ကို အတူဆုံတွေ့စေခြင်းအားဖြင့် မြန်မာစစ်တပ်သည် ရှေ့ဆက်မည့် အာဏာတည်ဆောက်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လိမ့်မည်ဟူသော ပြဿနာရှိသော အယူအဆတစ်ရပ်ကို အမြစ်တွယ်ခိုင်မာစေသည်။ ထိုမျှမက ဤယူဆချက်သည် မြေပြင်ပေါ်ရှိ အဖြစ်မှန်ကို ဆန့်ကျင်ပြီး စစ်အာဏာရှင်ကင်းစင်သော ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို တည်ဆောက်ရန် ပြည်သူများ၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများကို ပျက်ပြားစေသည်။ နိုင်ငံ၏ နယ်မြေ ၈၆ ရာခိုင်နှုန်းနှင့် နိုင်ငံလူဦးရေ ၆၇ ရာခိုင်နှုန်းကို လွှမ်းခြုံသော မြို့နယ်များသည် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။[25] ထို့အပြင် စစ်အုပ်စုသည် ကြီးမားသော ဆုံးရှုံးမှုများစွာနှင့် ပြိုလဲလုနီးနီး အခြေအနေကို ကြုံတွေ့နေရသဖြင့် မြန်မာပြည်သူလူထု၏ တော်လှန်ရေးသည် ပို၍ထိရောက်သော ထိန်းချုပ်မှု ရရှိနေပြီး မြန်မာနိုင်ငံသစ်အတွက် လမ်းညွှန်မူဘောင်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်စာတမ်းဖြင့် ကရင်နီပြည်နယ်ကဲ့သို့ အရပ်ဘက် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်ခြင်းတို့မှတစ်ဆင့် ပြည်သူဦးဆောင်သော အုပ်ချုပ်ရေးတည်ထောင်ရေး ပိုမိုအားကောင်း ခိုင်ခံ့စေသည်။
“အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကို မည်သို့သော ခွဲခြားဆက်ဆံမှုမျှ မပါစေဘဲ ဘေးကင်းလုံခြုံသော၊ ထိရောက်သော၊ ပွင့်လင်းမြင်သာမှုရှိသော ပေးအပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ရန်”[26] အာဆီယံ၏ ဆုံးဖြတ်ချက် ရှိသော်လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးစင်တာ (AHA Centre) မှတစ်ဆင့် အကူအညီများ ဆက်လက်ပေးအပ်ရန် မည်သည့်ဆက်လက်ကြိုးပမ်းအားထုတ်မှုမဆိုသည် မြေပြင်ပေါ်မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ပိုမိုဆိုးရွားစေမည်သာ ဖြစ်သည်။ အကြောင်းမှာ ပထမအချက်အားဖြင့် AHA Center သည် မြန်မာနိုင်ငံတွင် စစ်အုပ်စုဖန်တီးထားသော အကျပ်အတည်းကို ဖြေရှင်းရန် လုပ်ပိုင်ခွင့်နှင့် စွမ်းဆောင်ရည်များ မရှိခြင်းကြောင့်ဖြစ်ပြီး၊ ဒုတိယအနေဖြင့် အကူအညီများပေးအပ်ရန် အာဆီယံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်စေသော စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်းအပြင် AHA Center မှတစ်ဆင့် လုပ်ဆောင်နေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် AHA Centre ၏ အုပ်ချုပ်မှုဘုတ်အဖွဲ့တွင် စစ်အုပ်စု ထိန်းချုပ်ထားသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပါဝင်နေခြင်းက စစ်အုပ်စုအား AHA Centre မှတစ်ဆင့် ဖြန့်ဝေသော မည်သည့်အကူအညီအပေါ်မဆို “အလုံးစုံလမ်းညွှန်မှု [နှင့်] ထိန်းချုပ်မှုကို လုပ်ဆောင်နိုင်ရန်” ခွင့်ပြုပေးထားသည်။[27] နောက်ဆုံးတွင် AHA Center နှင့် စစ်အုပ်စုတို့အကြား မိတ်ဖွဲ့ဆောင်ရွက်မှုသည် စစ်တပ်အား လူသားချင်းစာနာထောက်ထားရေး အကူအညီကို လက်နက်အဖြစ် အသုံးချခွင့်ပြုခြင်း အပါအဝင် အကြမ်းဖက်လှုပ်ရှားမှုများကို စစ်အုပ်စုမှ ဆက်လက် လုပ်ဆောင်နိုင်စေရန် ကူညီပေးရုံမျှမက စစ်အုပ်စုလက်ရှိကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများတွင် အာဆီယံ၏ ကြံရာပါဖြစ်မှုကိုလည်း ပိုမိုနက်ရှိုင်းစေမည်သာ ဖြစ်သည်။
အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများသို့ အကြံပြုတိုက်တွန်းချက်များ
(၁) စစ်မှန်သော မြန်မာပိုင် မြန်မာဦးဆောင်သည့် ဖြေရှင်းချက်တစ်ခုရရှိရန် စပေါ်ချိန်မှစ၍ အလုပ်မဖြစ်နေသော ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်၍ လုပ်ဆောင်ပါ။ ဘုံသဘောတူညီချက်ငါးရပ် စပေါ်ချိန်ကတည်းကပင် စစ်အုပ်စုသည် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို အဖန်ဖန် ကျူးလွန်ခြင်းဖြင့် ဘုံသဘောတူညီချက်ငါးရပ်ကို လုံးဝလျစ်လျူရှုခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန်နှင့် အသက်ကယ်ရန် ပျက်ကွက်မှုများကြောင့် အာဆီယံအပေါ် ပြည်သူများ၏ ယုံကြည်မှုအားလုံး ဆုံးရှုံးခဲ့သည်။ ရလဒ်မှာ ဘုံသဘောတူညီချက်ငါးရပ်ကို မည်သည့်အခါမှာမှ “အပြည့်အစုံ အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း”[28] ထင်ရှားပေါ်လွင်နေသဖြင့် အာဆီယံ၏ ဤဆုံးဖြတ်ချက်မှာ အဓိပ္ပာယ်မဲ့နေခဲ့ခြင်း ဖြစ်သည်။ ရှေ့ဆက်ရာတွင် “မြန်မာပိုင် မြန်မာဦးဆောင်သော အားလုံးပါဝင်သည့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းသည့် ဖြေရှင်းချက်တစ်ခု ရရှိရန်အတွက် မြန်မာပြည်သူလူထုကို ကူညီပေးရန်”[29] အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုတိုင်းသည် မြန်မာလူထုအတွက် လေလုံး သို့မဟုတ် ပါးစပ်ပြောမျှ၊ လောကွတ်မျှသာ လုံးဝမဖြစ်သင့်ပေ။ ဤကြိုးပမ်းအားထုတ်မှုများသည် အမှန်တကယ် အဓိပ္ပါယ်ရှိပြီး မြန်မာပြည်သူများ၏ အနာဂတ် မျှော်ရည်ချက်၊ မျှော်မှန်းချက်များနှင့် ကိုယ်စိတ်နှစ်ဖြာ သုခကို ပံ့ပိုးပေးရန် စစ်မှန်သော နိုင်ငံရေးဆန္ဒဖြင့် တွန်းအားပေးရမည်ဖြစ်သည်။ အာဆီယံသည် စစ်တပ်ကို လုံးလုံးလျားလျား ဖျက်သိမ်းပြီး အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရန် မြန်မာလူထု၏ ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ထောက်ခံရမည်။
(၂) တရားမ၀င်စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရန် သို့မဟုတ် အပေးအယူလုပ်ရန် မြန်မာနိုင်ငံ၏ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများအပေါ် ဖိအားများအားလုံးကို ရပ်တန့်ရန်နှင့် စစ်အုပ်စုကို လုံးလုံးလျားလျား ဖယ်ထုတ်ထားသည့် ပြည်တွင်းနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ထောက်ခံအားပေးပါ။ စစ်မှန်သော “မြန်မာပိုင် မြန်မာဦးဆောင်သည့်” ဖြေရှင်းချက် ဟူသည့်ခေါင်းစဥ်ဖြင့် အာဆီယံသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရန် သို့မဟုတ် အပေးအယူလုပ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ရန် တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအပေါ် မည်သည့်ဖိအားပေးမှုမျိုးမှ မလုပ်ဆောင်ရ။ ယင်းအစား အာဆီယံသည် “အားလုံးပါဝင်မှုရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းသော ဖြေရှင်းချက်”[30] နှင့် မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေး ဆီသို့ ဦးဆောင်ရန်နှင့် လုပ်ငန်းစဉ်ကို ပုံဖော်ရန်အတွက် မြန်မာလူထု၏ တရားဝင်သော ကိုယ်စားလှယ်များပါဝင်သည့် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများကို ပံ့ပိုးပေးရမည်။ အာဆီယံသည် မြန်မာလူထု၏ ဦးဆောင်မှုကို လိုက်နာ၍ ထောက်ခံရမည်ဖြစ်ပြီး၊ စစ်အုပ်စု လုံးဝပါဝင်ခြင်းမရှိဘဲ မြန်မာနိုင်ငံ၏ တရားဝင်သက်ဆိုင်သူများ ဆွေးနွေးရန် လုံခြုံပြီး စိတ်ချရသော စင်မြင့်နေရာအခင်းအကျင်းတစ်ခုကို ပံ့ပိုးပေးရမည်။ စစ်အုပ်စုကို လုံးလုံးလျားလျား ချန်လှပ်ထားခြင်းသည် မြန်မာ့အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တရားဝင်မှုရှိသော သက်ဆိုင်သူများ၏ ခိုင်မာအားကောင်းပြီး အဓိပ္ပါယ်ရှိသော ညှိနှိုင်းတိုင်ပင်မှုနှင့် ပူးပေါင်းပါဝင်မှုကို သေချာစေမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။
(၃) စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု အားလုံးကို ချက်ချင်းရပ်တန့်ပြီး မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်များနှင့် တရားဝင်လူသိရှင်ကြား ထိတွေ့ဆက်ဆံပါ။ မြန်မာပြည်သူလူထုအား ရေရှည်တည်တံ့ခိုင်မြဲသော “ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး [နှင့်] ဒီမိုကရေစီ”[31] ရရှိစေရန် အာဆီယံက အမှန်တကယ် ကူညီလိုလျှင်၊ စစ်အုပ်စုနှင့် မည်သည့်ထိတွေ့ဆက်ဆံမှုမဆိုသည် စစ်တပ်မှ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုကို ဆက်လက်ကျူးလွန်နိုင်စေရန် အားပေးနေခြင်း ဖြစ်သည်သာမက စစ်အုပ်စု၏ နိုင်ငံတကာရာဇ၀တ်မှုများတွင် အာဆီယံ၏ ကြံရာပါဖြစ်မှုကို ပိုမိုနက်ရှိုင်းစေသောကြောင့် အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု အားလုံးကို ရပ်တန့်ထားရမည်။ ထို့အပြင် အာဆီယံသည် စစ်အုပ်စု၏ ကိုယ်စားလှယ်အားလုံးကို အာဆီယံ၏ စင်မြင့်နေရာများသို့ ပါဝင်တက်ရောက်ခွင့် လုံးဝမပြုဘဲ၊ ပိတ်ပင်ထားရန် လိုအပ်သည်။ ယင်းအစား အာဆီယံသည် မြန်မာပြည်သူလူထု၏ အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပံ့ပိုးရမည်။ ယင်းနှင့်ပတ်သက်၍ အာဆီယံ၏ ၂၀၂၅ ခုနှစ် သဘာပတိအဖြစ် တာဝန်ယူမည့် မလေးရှားနိုင်ငံသည် NUG အစိုးရကို မြန်မာနိုင်ငံ၏ နေရာယူရန် ဖိတ်ကြားရမည်။
တစ်ပြိုင်တည်းတွင်၊ အာဆီယံသည် NUG၊ NUCC၊ EROs နှင့် ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၊ ချင်းပြည်နယ်ကောင်စီ၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC) တို့သာမက အခြားအပါအဝင် ဖက်ဒရယ်ယူနစ်များ၊ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ သက်ဆိုင်သူများ၊ တရားဝင်သော ကိုယ်စားလှယ်များနှင့် တန်းတူညီမျှစွာ ထိတွေ့ဆက်ဆံနေကြောင်း သေချာစွာ ဆောင်ရွက်ရမည်။
(၄) စစ်အုပ်စုမှကျင်းပရန် စီစဥ်ထားသော အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစဉ်အားလုံးကို ရပ်တန့်ပါ။ စစ်အုပ်စုတွင် မည်သည့် ရွေးကောက်ပွဲကိုမဆို ကျင်းပရန် လုပ်ပိုင်ခွင့် မရှိသကဲ့သို့ တရားဝင်မှုလည်း မရှိပါ။ ပထမအချက်မှာ မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများသည် စစ်တပ်၏ တရားမ၀င် အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး ဆက်လက်၍ ငြင်းပယ်လျက်ရှိသည်။ ဒုတိယအနေဖြင့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် စစ်အုပ်စု၏ တရားမ၀င် အာဏာသိမ်းရန် ကြိုးပမ်းမှုအပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပျက်ပြယ်သွားပြီဟု ကြေညာထားပြီး ဖြစ်သည်။[32] ထို့အပြင် ၂၀၂၄ ခုနှစ် တလျှောက်လုံးတွင် စစ်အုပ်စုသည် နိုင်ငံတဝန်း ကြီးမားသော ပိုင်နက်နယ်မြေများနှင့် ထိရောက်သော ထိန်းချုပ်မှုများကို ဆုံးရှုံးခဲ့ပြီးသည်။[33] ထို့အပြင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်သား၊ ရဲနှင့် ပြည်သူ့စစ်များ အပါအဝင် လက်နက်များ ကိုင်ဆောင် ထားသော စစ်အုပ်စု၏ တပ်ဖွဲ့များသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်ရှိ ဒေသများတွင် စစ်အုပ်စု၏ အတုအယောင် သန်းခေါင်စာရင်း ကောက်ခံခြင်းတွင် ပါဝင်ရန် ဒေသခံများကို ခြိမ်းခြောက်ခဲ့သည်။[34]
စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချခြင်းဖြင့် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများကို လိုက်နာခြင်းအားဖြင့် အာဆီယံပဋိဉာဉ်ကို ကိုယ်တိုင် လိုက်နာရန် ကတိကဝတ် ပြုနိုင်စွမ်းရှိကြောင်း အာဆီယံက သက်သေပြရမည်။ အကယ်၍ အာဆီယံက ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက၊ စစ်အုပ်စု၏ မြန်မာပြည်သူလူထုအပေါ် ဆက်လက် ကျူးလွန်သည့် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများအတွက် အာဆီယံမှ အပြည့်အဝ တာဝန်ယူရမည်။
(၅) နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် တရားဝင်မှုရှိသော သက်ဆိုင်သူများ၊ အရပ်ဘက် လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ IDP များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ပါ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွင် စစ်အုပ်စုဖြစ်စေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အပါအဝင် ၎င်း၏ လက်ပါးစေအဖွဲ့များ၊ အရန်အဖွဲ့များဖြစ်စေ မပါဝင်စေရ။ ယခုအချိန်တွင် အာဆီယံသည် စစ်အုပ်ုစုမှတစ်ဆင့် (သို့) စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ပေးပို့လုပ်ဆောင်သည့် အကူအညီများသည် အလိုအပ်ဆုံးသော လူထုအသိုက်အဝန်းများထံ မရောက်နိုင်ကြောင်းနှင့် ဒေသခံအဖွဲ့များ ဦးဆောင်သော နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့်သာ ရောက်ရှိနေကြောင်း ဆက်လက်၍လည်း ရောက်ရှိမည်ဖြစ်ကြောင်း ဟူသော အခြေအနေအမှန်ကို လက်ခံရတော့မည် ဖြစ်သည်။ ထို့ကြောင့် IDP များထံ အကူအညီများ ရောက်ရှိရန်နှင့် အသက်များကို ကယ်တင်ရန် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့်၊ မြန်မာနိုင်ငံ၏ တရားဝင်မှုရှိသော သက်ဆိုင်သူများနှင့် ပူးပေါင်းကာ အကူအညီများ ပေးအပ်ရမည်ဖြစ်ပြီး ပြည်တွင်း အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ယုံကြည်စိတ်ချရသော ဒေသန္တရတုံ့ပြန်ကူညီများထံသို့ လမ်းညွှန်ပေးရမည်။ ထို့အပြင် ဤလူသားချင်း စာနာထောက်ထားမှုအကူအညီသည်လည်း ကျား၊ မရေးရာ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရမည်။
(၆) မြန်မာစစ်တပ်အား စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကျူးလွန်မှုများအတွက် နိုင်ငံတကာဥပဒေအောက်တွင် တာဝန်ယူ တာဝန်ခံစေရန် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ပါ။ အာဆီယံ၏ နိုင်ငံတကာတာဝန်ဝတ္တရားများ ပြည့်စုံအောင် ထမ်းဆောင်ရာတွင် အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများသည် မြန်မာစစ်အုပ်စု၏ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများနှင့် အခြားသော နိုင်ငံတကာရာဇ၀တ်မှုများ အဆုံးသတ်ရေး လုပ်ဆောင်ရမည်။ ထို့ကြောင့် တရားမျှတမှုနှင့် တာဝန်ယူတာဝန်ခံမှုဆီသို့ ခိုင်မာသောခြေလှမ်းတစ်ရပ်အဖြစ် ဦးတည်သွားရန်၊ မြန်မာစစ်တပ်၏ ရာဇ၀တ်မှုများကြောင့် ထိခိုက်နစ်နာသူများနှင့် ရှင်သန်ကျန်ရစ်သူများမှ တိုင်ကြားသည့်အမှုများကို ထပ်မံနှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ၊ ဖိလစ်ပိုင်နှင့် အခြားအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံတကာလွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးပါရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုလိုက်သည်။
ပိုမိုသိရှိလိုပါက၊ ဆက်သွယ်ရန်
အမည်မဖော်လိုသော အဖွဲ့အစည်း ၅၉ ဖွဲ့အပါအဝင် အဖွဲ့အစည်း ၂၆၀ တို့က လက်မှတ်ရေးထိုးထားသည်။
PDF ဖိုင်ကိုရယူရန် – မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ။
[1] “ASEAN Leaders’ Review and Decision on the Implementation of the Five-Point Consensus,” ASEAN, para. 3, 9 October 2024, https://asean.org/wp-content/uploads/2024/10/4-Final_Review-and-Decision-of-the-ASEAN-LEADERS-on-the-5PC- 2024.pdf.
[2] Ibid.at para. 12.
[3] Ibid.
[4] “Aerial Attacks Carried Out by the Military Council (5),” Nyan Lynn Thit Analytica, 9 October 2024, https://progressivevoicemyanmar.org/2024/10/09/aerial-attacks-carried-out-by-the-military-council-5/.
[5] Operational Data Portal, “Myanmar Situation,” UNHCR, https://data.unhcr.org/en/situations/myanmar, last accessed 13 December 2024.
[6] Ibid.
[7] “Report of the Independent Investigative Mechanism for Myanmar,” Independent Investigative Mechanism for Myanmar, U.N. Doc. No. A/HRC/57/18, para. 19, 11 July 2024.
[8] “ASEAN Deepening Complicity with Illegal and Illegitimate Military Junta Through its Appointment as Coordinator of Russia-ASEAN Relations,” Justice For Myanmar, 1 March 2024, https://www.justiceformyanmar.org/press-releases/asean- deepening-complicity-with-illegal-and-illegitimate-myanmar-junta-through-its-appointment-as-coordinator-of-russia- asean-relations.
[9] “Revealed: The ASEAN Governments and Companies Financing and Arming the Myanmar Military,” Justice For Myanmar, 17 February 2022, https://www.justiceformyanmar.org/press-releases/revealed-the-asean-governments-and-companies- financing-and-arming-the-myanmar-military.
[10] “Rights expert urges banks to stop financing Myanmar junta weapons trade, UN News, 26 June 2024, https://news.un.org/en/story/2024/06/1151541; “Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar,” Special Rapporteur on the situation of human rights in Myanmar, U.N. Doc. No. A/HRC/56/CRP.7, 26 June 2024.
[11] “Myanmar: New data suggests military still importing fuel for deadly air strikes despite sanctions,” Amnesty International, 31 January 2024, https://www.amnesty.org/en/latest/news/2024/01/myanmar-new-data-suggests-military- still-importing-fuel-for-deadly-air-strikes-despite-sanctions/.
[12] ASEAN, supra note 1, para. 12.
[13] 601 Organizations, ASEAN: Halt Plans for “Inclusive Dialogue” and Act to Hold the Military Junta to Account, Progressive Voice, 1 December 2023, https://progressivevoicemyanmar.org/2023/12/01/asean-halt-plans-for-inclusive-dialogue-and-act-to-hold-the-military-junta-to-account/
[14] “Press Statement By the Chair of the ASEAN Foreign Ministers’ Retreat,” ASEAN, paras. 22-23, 29 January 2024, https://asean.org/wp-content/uploads/2024/01/Press-Statement-by-the-Chair-of-the-AMM-Retreat-29-Jan-2024.- Final.pdf.
[15] ASEAN, supra note 1, para. 2.
[16] Ibid. at para. 6.
[17] Ibid. at para. 15.
[18] Khin Ohmar, “Quick fixes will never be the solution for peace in Myanmar,” DVB, 21 September 2024, https://english.dvb.no/quick-fixes-will-never-be-the-solution-for-peace-in-myanmar/.
[19] ASEAN, supra note 1 at para. 4.
[20] Khin Ohmar, supra note 18.
[21] ASEAN, supra note 1, para. 12.
[22] Khin Ohmar, supra note 18.
[23] Ibid.
[24] Panu Wongcha-um, “ASEAN plays ‘stabilising’ role on regional tensions, secretary-general says,” Reuters, 10 October 2024, https://www.reuters.com/world/asia-pacific/asean-plays-stabilising-role-regional-tensions-secretary-general-says- 2024-10-10/.
[25] “Briefing Paper: Effective Control in Myanmar 2024 Update,” Special Advisory Council for Myanmar, 30 May 2024, https://specialadvisorycouncil.org/wp-content/uploads/2024/05/SAC-M-Effective-Control-in-Myanmar-2024-Update- ENGLISH.pdf.
[26] ASEAN, supra note 1, para. 18.
[27] “Great Expectations: Analysis of the ASEAN Coordinating Center for Humanitarian Assistance on disaster management,” Progressive Voice & FORUM-ASIA, 4 August 2021, https://progressivevoicemyanmar.org/2021/08/04/great-expectations- analysis-of-the-asean-coordinating-center-for-humanitarian-assistance-on-disaster-management/.
[28] ASEAN, supra note 1, para. 12.
[29] Ibid.
[30] Ibid.
[31] Ibid. at para. 4.
[32] “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခြင်း”, Committee Representing Pyidaungsu
Hluttaw, 31 March 2021, https://crphmyanmar.org/publications/statements/crph3103212/.
[33] Special Advisory Council for Myanmar, supra note 25.
[34]Aung Zay, “Myanmar junta launches pre-election census one day earlier than announced,” Myanmar Now, 1 October 2024, https://myanmar-now.org/en/news/myanmar-junta-launches-pre-election-census-one-day-earlier-than- announced/; Grant Peck, “Myanmar’s military government begins a census seen as a way to gather information about opponents,” Associated Press, 2 October 2024, https://apnews.com/article/myanmar-census-civil-war-military-resistance- eafba6e479c59fb926d31a10d4b663ca.