မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် အိုင်စီစီ တရားလိုရှေ့နေ၏ တောင်းဆိုမှုအား တုံ့ပြန်ချက် – မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက်

မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် အိုင်စီစီ တရားလိုရှေ့နေ၏ တောင်းဆိုမှုအား တုံ့ပြန်ချက် – မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက်

ဂျီနီဗာ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၄။        ။ရိုဟင်ဂျာများအား နိုင်ငံတွင်းမှနှင်ထုတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံ၏ ယာယီသမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန်  နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) အား တောင်းဆိုလိုက်ကြောင်း အိုင်စီစီ၏တရားလိုရှေ့နေရုံးက ယနေ့ ထုတ်ပြန်သည်။

အဆိုပါအမှုများကို အိုင်စီစီ၏ တရားလိုရှေ့နေက စုံစမ်းစစ်ဆေးရာတွင် များစွာသော အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များ၊ သက်သေများ၏ ထွက်ဆိုချက်များကို တရားလိုရှေ့နေ၏ ရုံးထံ မျှဝေပေးခြင်းဖြင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကြုံတွေ့ခံစားခဲ့ရသူများစွာကို တွေ့ဆုံမေးမြန်းရာတွင်လည်း ယန္တရားနှင့် အိုင်စီစီတို့ အတူတကွ ဆောင်ရွက်ခဲ့သည်။

ယခုအခါ အိုင်စီစီ၏ တရားခွင်အကြိုတရားရုံးမှ တရားသူကြီးများက တရားလိုရှေ့နေ၏ တင်သွင်းချက်နှင့် အထောက်အထားကို ဆန်းစစ်သုံးသပ်ပြီး ဖမ်းဝရမ်း ထုတ်၊ မထုတ် ဆုံးဖြတ်ရမည် ဖြစ်သည်။

မြန်မာစစ်တပ်၏ အမြင့်ဆုံးရာထူးရှိသူအား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခြင်းသည် ဥပဒေ၏အထက်တွင် မည်သူမျှရှိမနေကြောင်း ပြစ်မှုကျူးလွန်သူများကို သတင်းစကားပါးလိုက်ခြင်း ဖြစ်သည်။

ယခုတောင်းဆိုမှုသည် ဖမ်းဝရမ်းအတွက် ပထမဆုံးတောင်းဆိုမှုဖြစ်ပြီး “နောက်ထပ်လည်း ရှိလာဦးမည်” ဟု တရားလိုရှေ့နေ၏ရုံးက ဖော်ပြသည်။ အိုင်စီစီ၏ စုံစမ်းစစ်ဆေးမှုများတွင် ယန္တရားက ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ယန္တရား၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံကာ အချက်အလက်များ မျှဝေပေးပြီး ၎င်းတို့၏ အချက်အလက်များကို အိုင်စီစီထံ တဆင့်မျှဝေခွင့်ပြုပေးသည့် ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာများနှင့် အခြားသက်သေများကို ယန္တရားက အမှတ်ရ ဂုဏ်ပြုပါသည်။ အဆုံးတိုင်တရားမျှတမှုရရှိရေးအတွက် ၎င်းတို့၏ အတွေ့အကြုံများက  အခရာအကျဆုံးဖြစ်သည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရာထောင်ချီသည့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အတင်းအကြပ် ပြေးဝင်ခိုလှုံရစေသည့် အကြမ်းဖက်မှုများနှင့် ဆက်စပ်သည့် ရာဇဝတ်မှုများကို ငါးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် တရားလိုရှေ့နေက ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာ တရားရုံးများရှိ တရားစီရင်ရေးဆိုင်ရာဆောင်ရွက်ချက်များအား ကူညီပံ့ပိုးရန် ယန္တရားကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယန္တရားသည် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံနေရာအနှံ့တွင် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ အထောက်အထားများကို စုဆောင်းနေသည်။ ကျူးလွန်ခံရသူ သို့မဟုတ် ကျူးလွန်သူများ၏ လူမျိုးစု၊ ဘာသာဝင် သို့မဟုတ် နိုင်ငံရေးရပ်တည်ချက်များကို မခွဲခြားပါ။ ယန္တရား၏ လုပ်ပိုင်ခွင့်အရ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်သော ရာဇဝတ်မှုများကိုလည်း စုံစမ်းစစ်ဆေးနေသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် iimm.un.org  ကို ကြည့်နိုင်သလို [email protected] ကို ဆက်သွယ်နိုင်ပါသည်။


See English version.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia