20 November 2024
မြန်မာနိုင်ငံရှိကလေးများသည် ကလေးအခွင့်အရေးကွန်ဗန်းရှင်း (CRC) ပါအချက်များဖြစ်သော အသက်ရှင်သန်ပိုင်ခွင့်နှင့် တိုးတက်ခွင့်ကဲ့သို့သော အခွင့်အရေးများအပါအဝင် အခြားသော ကလေးအခွင့်အရေးများကို ပုံစံမျိုးစုံဖြင့် ချိုးဖောက်ခံနေကြရပါသည်။ အကြောင်းမှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝတ္တရားပျက်ကွက်မှုများကြောင့်ဖြစ်ပါသည်။
ကျွန်ုပ်တို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုနှင့် မြန်မာနိုင်ငံရှိ ပြည်သူများသည် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အာဆီယံ အစိုးရများအား အပြစ်မဲ့ပြည်သူများ အထူးသဖြင့် ကလေးသူငယ်များအား ဆက်တိုက် သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ မညှာမတာ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ပညာရေး၊ အစားအစာ၊ အကာအကွယ်များနှင့် ကျန်းမာရေးကဲ့သို့သော အခြေခံအခွင့်အရေးများကို ကန့်သတ်ထားခြင်းမရှိပဲလက်လှမ်းမှီမှုရရှိရန် ယခုချက်ချင်း တိကျပြတ်သား၍ ထိရောက်သော အရေးယူမှုများကို လုပ်ဆောင်ရန် တောင်းဆိုလိုက်ပါသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစပြီး မြန်မာနိုင်ငံရှိကလေးများသည် စိတ်ကူးဖြင့်ပင်ယဉ်ကြည့်၍မရနိုင်သော ဆင်းရဲဒုက္ခအတိဖြင့် ကြုံတွေ့နေကြရပါသည်။ ၂၀၂၄ ခုနှစ်၏ ယခုနောက်ဆုံး ၅ လအတွင်းမှာပင်လျှင် အကြမ်းဖက်စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၁,၅၀၀ ခန့်ပြုလုပ်ခဲ့ပြီး ထိုလေကြောင်းတိုက်ခိုက်မှုများကြောင့် အယောက် ၉၀ ထက်မနည်းသော ကလေးများ အသက်ဆုံးရှုံးခဲ့ရပါသည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်၏ အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေသည် ၂၀၂၃ ခုနှစ်ထက် ငါးဆခန့် ပိုများလာသည်ဟု လေကြောင်းတိုက်ခိုက်မှုများ၏ ပို၍ ဆိုးရွားလာသော အခြေအနေကို မီးမောင်းထိုးပြခဲ့ပါသည်။
မြန်မာနိုင်ငံရှိ ကလေးများသည် ၎င်းတို့၏ငယ်ဘ၀များကို လုယက်ခံနေရသည်။ ကျောင်းတက်နေရမည့်အစား ဗုံးကြဲတိုက်ခိုက်မှုများမှ လွတ်မြောက်ရန် မြေအောက်တွင် ပုန်းအောင်းနေရပါသည်။ ကလေးများသည် ပညာရေး၊ လုံခြုံမှုနှင့် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးကာ အဆက်မပြတ်ကြောက်ရွံ့စိတ်ဖြင့် ရှင်သန်နေကြရပါသည်။
အထက်ဖော်ပြထားသည့်အတိုင်း အကြမ်းဖက်စစ်အုပ်စုသည် ကလေးများ၏ အခြေခံအခွင့်အရေးများကို ဆက်လက်ချိုးဖောက်နေသည်မှာ ရှင်းလင်းသိသာနေပါသည်။ ၎င်းတို့သည် ကလေးများ၏ “အကောင်းဆုံးကျန်းမာရေးအခြေအနေကို ပိုင်ဆိုင်ခွင့်ရှိသည်” ဟူသော ကလေးအခွင့်အရေးကွန်ဗန်းရှင်း (CRC) ၏ ပုဒ်မ ၂၄ တွင်ဖော်ပြထားသည့် အခွင့်အရေးကို ချိုးဖောက်နေပါသည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် “ကလေးတိုင်းအတွက် ရုပ်ပိုင်းနှင့် အခြားလူမှုရေးပိုင်းဆိုင်ရာ အခွင့်အရေးများအတွက် လုံလောက်သော လူနေမှုအဆင့်အတန်းစံချိန် တခုရရှိရေးအတွက် အသိအမှတ်ပြုပေးရမည်” ဟူသော ပုဒ်မ ၂၇ ကိုလည်း ချိုးဖောက်နေပါသည်။
ထို့ကြောင့် နိုင်ငံတကာအစိုးရများကို အောက်ပါအတိုင်းတောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လေယာဉ်ဆီ တင်ပို့ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်း၊ ပို့်ဆောင်ခြင်းတွင် ကုမ္ပဏီများ၏ ပါဝင်ပတ်သက်မှုကို ချက်ချင်း ရပ်ဆိုင်းရန်။
လေယာဉ်ဆီ ကုန်သွယ်ရေး၊ သိုလှောင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးကုမ္ပဏီများ၊ လေယာဉ်ဆီတင် သင်္ဘောများ၊ လေယာဉ်ဆီ ပို့ဆောင်ရေးအတွက် ရေကြောင်း အာမခံပေးသည့် ကုမ္ပဏီများနှင့် အကြမ်းဖက်စစ်အုပ်စုထိန်းချုပ်ထားသော Myanma Petrochemical Enterprise (MPE) အပါအဝင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီ ထောက်ပံ့မှုတွင် ပါဝင်ပတ်သက်သည့် မည့်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုမဆို ပိတ်ဆို့အရေးယူရန်။
ချမှတ်ထားပြီးသော ပိတ်ဆို့မှုများအားလုံးကို လိုက်နာဆောင်ရွက်ရန်။
နိုင်ငံတကာကုမ္ပဏီများကိုလည်း အောက်ပါအတိုင်း တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ရောင်းချခြင်းနှင့် ပို့ဆောင်ခြင်းတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်မှု အားလုံးကို ချက်ခြင်းရပ်ရန်။
စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန်အတွက် အကြမ်းဖက်စစ်အုပ်စု၏ လေယာဉ်ဆီ သုံးစွဲခွင့်ကို ဖြတ်တောက်ပစ်ရန်။
၎င်းသည် အသက်ရှင်ခြင်း၊ သေခြင်းနှင့် ဆိုင်သည့်အရာဖြစ်ပါသည်။ ကလေးများကို ကာကွယ်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ တာဝန်တစ်ခုဖြစ်သည်။
pdf ဖိုင် ရယူရန် မြန်မာဘာသာဖြင့် | အင်္ဂလိပ်ဘာသာဖြင့်
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.