သတင်းသမားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့

သတင်းသမားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့

အမှန်တရားအတွက် အသက်ကိုပဓာနမထားဘဲ တစိုက်မတ်မတ် ကြိုးစားနေကြသော ကမ္ဘာတဝန်းနှင့် မြန်မာနိုင်ငံရှိ သတင်းသမားများအားလုံးနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခိုင်ခိုင်ကြည်ကြည် ရပ်တည်လျက်ရှိကြောင်း သတင်းသမားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့် အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် အလေးအနက်ထား ပြောကြားလိုပါသည်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အဆုံးစွန်ဆုံးသော အန္တရာယ်များနှင့် အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုများကို ရင်ဆိုင်နေရသော်လည်း မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသော အဖြစ်မှန်များ ကိုဖော်ထုတ်ရန်၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်တို့ကို ကာကွယ်ရန် မမောမပမ်းဘဲ ဆက်လက် ကြိုးပမ်းဆောင်ရွက်နေကြသော မြန်မာနိုင်ငံရှိ သတင်းသမားများ၏ သတ္တိနှင့် စွန့်လွှတ်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

သတင်းသမားများသည် ခေတ်အဆက်ဆက်တွင် စစ်အာဏာရှင်အဆက်ဆက်တို့၏ ပစ်မှတ်ထားဖိနှိပ် ရက်စက်ခြင်းကို ခံကြရသော အစုအဖွဲ့များထဲတွင် တခုအပါအဝင်ဖြစ်ခဲ့ပြီး မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့အာဏာကိုလုယူရန်ကြိုးစားခဲ့သည် ၂၀၂၁ ခုနှစ် အာဏာလုယူရန် ကြိုးစားမှုအပြီးတွင်လည်း သတင်းသမား (၇) ဦး သတ်ဖြတ်ခံရခြင်း၊ သတင်းသမား (၁၅၀) ထက်မနည်း ဦး ဖမ်းဆီးခံရခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခံရခြင်း ခံခဲ့ရကြောင်း အချက်အလက်များအရ သိရှိရပါသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့အထိ သတင်းသမား (၆၄) ဦးထက်မနည်းသည် မတရားဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်ကာ ၎င်းတို့၏ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်ခံနေရဆဲဖြစ်ပါသည်။ နယ်စည်းမခြား သတင်းထောက်များ – Reporters Without Borders (RSF) ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် ၁၇၁ အဆင့်ထိ နိမ့်ကျနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က စနစ်တကျကျူးလွန်လျက်ရှိသော အကြမ်းဖက်ရန်ပြုခြင်း၊ နှောက်ယှက်စော်ကားခြင်း၊ ရန်ရှာခြိမ်းခြောက်ခြင်းလုပ်ရပ်များကြောင့် သတင်းသမားအလုပ်သည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော အလုပ်အကိုင်တခုအဖြစ် ရောက်ရှိနေပါသည်။ ယနေ့တွင် သတင်းသမားများအပေါ် ကျူးလွန်လျက်ရှိသော အဆိုပါ ရာဇဝတ်မှုများကိုသာမက ပြည်သူလူထု၏ အခြေခံရပိုင်ခွင့်ဖြစ်သော လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်အပေါ် တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များကိုလည်း မမေ့လျော့ကြရန် နှိုးဆော်လို ပါသည်။ သတင်းသမားများကို ဖိနှပ် အသံတိတ်စေခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်သည် အမှန်တရားအား ဖုံးကွယ်ခြင်း၊ ပြည်သူလူထု၏ သိရှိနားလည်ပိုင်ခွင့်ကို ကန့်သတ်ပိတ်ပင်ခြင်း၊ တာဝန်ယူမှုတာဝန်ခံမှုရှိရန် တောင်းဆိုချက်များကို နှိမ်နင်းခြင်းများပြုလုပ်လျက်ရှိပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သတင်းလွတ်လပ်ခွင့်ကို လေးစားအသိအမှတ်ပြုသော ၊ သတင်းသမားများ ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် အလုပ်လုပ်နိုင်သော လူ့အဖွဲ့အစည်းတခုကို ဖော်ဆောင်နိုင်ရေးကို အစဉ်အလေးထားပါသည်။ သတင်းလွတ်လပ်ခွင့်သည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် မရှိမဖြစ်လိုအပ်ပြီး တရားမျှတမှု၊ တာဝန်ခံမှု နှင့် လူ့အခွင့်အရေး တို့အတွက် တိုက်ပွဲဝင်နေသော ရုန်းကန်မှုတို့တွင် အဓိကကျသော ဒေါက်တိုင်တခုအဖြစ် အသိအမှတ်ပြုပါသည်။ အကြမ်းဖက်စစ်တပ်၏ သတင်းသမားများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ကင်းလွတ်ခွင့်ရရှိခြင်းမျိုးမဖြစ်စေရေး စနစ်တကျမှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ပြသခြင်းများ ပြုလုပ်ကြရန်အတွက် ပြည်တွင်းနှင့်နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များနှင့် စဉ်ဆက်မပြတ် ထိရောက်စွာ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

သတင်းသမားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနှင့် တရားမျှတမှုတို့ရရှိရေး မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြပါရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ယနေ့တွင် ထပ်လောင်း တောင်းဆိုပါသည်။ သတင်းသမားများအပေါ် ဖိနှိပ်နေသည့် ဖြစ်စဉ်များကို ကျယ်လောင်စွာ ထုတ်ဖော် ပြောဆိုခြင်း၊ ကျူးလွန်သူ အကြမ်းဖက်စစ်တပ်ကို အပြစ်ကင်းလွတ်ခွင့်ပြုထားသည့် အလေ့အထကို အဆုံးသတ်စေရန် တောင်းဆိုတိုက်တွန်းခြင်းများ ပြုလုပ်ပေးခြင်းအားဖြင့် မြန်မာသတင်းသမားများကို ပံ့ပိုးကူညီကြပါရန် နိုင်ငံတကာအစိုးရများ၊ သတင်းမီဒီယာဆိုင်ရာ အဖွဲ့အစည်းများနှင့် ကမ္ဘာတဝန်းရှိ နိုင်ငံသူ နိုင်ငံသားအပေါင်းအား တိုက်တွန်းတောင်းဆိုလိုပါသည်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပွင့်လင်းမြင်သာမှုနှင့် ဓမ္မအပေါ် အခြေခံတည်ဆောက်သည့် တရားမျှတသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်နေကြသော သတင်းသမားများ ကြောက်ရွံ့ရမှုကင်းစွာဖြင့် လွတ်လပ်စွာ အလုပ်လုပ်နိုင်သော နိုင်ငံတနိုင်ငံကို ဦးတည်ရည်မှန်းပါသည်။ မိမိတို့၏ အသက်ကို ပဓာနမထားဘဲ သတင်းများ ဖော်ပြပေးနေသည့် သတင်းသမားအားလုံးအပေါ် မယိမ်းမယိုင် ထောက်ခံပံ့ပိုးသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထပ်မံအတည်ပြုပြောကြားရင်း တရားမျှတမှု၊ ဓမ္မတရားနှင့် လွတ်လပ်ခြင်းတို့ ထွန်းကားရာ အနာဂတ် မြန်မာနိုင်ငံတော် တည်ထောင်နိုင်ရေး တိုက်ပွဲကို အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia