28 October 2024
စာတမ်းအနှစ်ချုပ်
စစ်အုပ်စု၏ ကျရှုံးနေသော အာဏာသိမ်းရေးကြိုးပမ်းမှုနောက်ပိုင်းတွင် မြန်မာပြည်သူများသည် စစ်အုပ်စုမှ တစ်နိုင်ငံလုံးအနှံ့ဖော်ဆောင်သော အကြမ်းဖက်စစ်ဆင်ရေးကို ခံစားနေကြရသည်။ ထို့အပြင် ၎င်းတို့သည် စစ်အုပ်စုကဖန်တီးထားသော ပိုမိုဆိုးရွားလာနေသည့် စီးပွားရေးကပ်ဘေးနှင့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကိုလည်း ရင်ဆိုင်နေကြရသည်။ ထိုအခြေအနေများ ရှိနေသော်လည်း နိုင်ငံ၏နယ်မြေအများစုတွင် ပေါ်ပေါက်သော ဘက်ပေါင်းစုံလူထုတော်လှန်ရေးသည် အလွှာစုံအားလုံးပါဝင်သည့် မြန်မာနိုင်ငံသစ်ကို တည်ဆောက်နေကြသည်။ စစ်အုပ်စု၏ ထိန်းချုပ်မှုမှ လွတ်မြောက်သော နယ်မြေများတွင် အောက်ခြေမှအထက်သို့စီးဆင်းသော ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းများသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (ethnic resistance organization – ERO) များ၏ နဂိုရှိပြီးသား အုပ်ချုပ်ရေးစနစ်များနှင့်အတူ အရပ်သားပြည်သူများကို စီမံအုပ်ချုပ်ခြင်း၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများမှ ကာကွယ်ပေးခြင်း၊ နှင့် များစွာလိုအပ်နေသည့် ပြည်သူ့ဝန်ဆောင်မှုများ ပံ့ပိုးဖြည့်ဆည်းပေးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
“အခြေခံမှ အဆင့်ဆင့်တည်ဆောက်ထားသော ဖက်ဒရယ်စနစ် – ကရင်နီတို့၏ နိုင်ငံတည်ဆောက်ပုံ စံနမူနာ” စာတမ်းကို ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၊ ကရင်နီအမျိုးသမီးအစည်းအရုံး၊ ကရင်နီပြည် လူငယ်များသမဂ္ဂနှင့် ရှေ့ပြေးအသံအဖွဲ့တို့အပါအဝင် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ငါးဖွဲ့တို့မှ ပူးတွဲရေးသားထုတ်ဝေသည်။ ဤစာတမ်းသည် မြန်မာစစ်အုပ်စု၏ ကျရှုံးနေသော အာဏာသိမ်းရေး ကြိုပမ်းမှုအပေါ် တစ်နိုင်ငံလုံးတန်ပြန်တုံ့ပြန်ဆောင်ရွက်မှု၏ အစိတ်အပိုင်းဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ရှေ့ဆောင်လမ်းပြဖြစ်သည့် အောက်ခြေမှ အဆင့်ဆင့်တည်ဆောက်ထားသော ကရင်နီပြည်ကြားကာလအစိုးရ၏ ဖွဲ့စည်းမှုနှင့် တိုးတက်ပြောင်းလဲမှုတို့ကို လေ့လာဆန်းစစ်ထားသည်။ ကရင်နီပြည်ရှိ တော်လှန်ရေးမှပေါက်ဖွားသော ဖက်ဒရယ်ပြည်နယ် တည်ဆောက်ရေးလုပ်ငန်းစဥ်ကို ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဟူသော ကရင်နီပြည်သူများ၏ ကာလရှည်ကြာနိုင်ငံရေးလိုလားချက်များကို ထင်ဟပ်သည့် အားလုံးပါဝင်မှုရှိသော ဗဟိုဦးစီးချုပ်ကိုင်မှုမရှိသည့် အုပ်ချုပ်ရေးတစ်ရပ် အုတ်မြစ်ချတည်ထောင်ရန် လက်ရှိသွားနေသည့် ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများက ပုံဖော်နေသည်။
တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများတို့၏ ပူးပေါင်းဆောင်ရွက်မှုများမှ ဖြစ်ထွန်းပေါ်ပေါက်လာသော ကရင်နီပြည် ကြားကာလအစိုးရသည် ကရင်နီပြည်ကြားကာလအစီအမံ (Karenni State Interim Arrangement – KSIA) ၏ မူဘောင်အောက်တွင် စီမံလည်ပတ်နေသည်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်မှုစနစ်၏ ဗဟိုချက်မှာ တော်လှန်ရေးကာလအတွင်း လူမျိုးပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည်သာမက ယန္တရားများကိုလည်း အပြန်အလှန်တည့်မတ် ထိန်းကျောင်းသော မူဝါဒများကို ချမှတ်ပေးသည့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC) ပင်ဖြစ်သည်။
အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် ကြားကာလအုပ်ချုပ်ရေးကောင်စီ (Interim Executive Council – IEC) သည် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီကဲ့သို့ မရှိမဖြစ်လိုအပ်သော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးရေးကို ညှိနှိုင်းဆောင်ရွက်ပေးသည့် ဗဟိုဦးစီးချုပ်ကိုင်မှု မရှိသော သက်ဆိုင်သူပေါင်းစုံပါဝင်သည့် အများပြည်သူဆိုင်ရာအုပ်ချုပ်ရေး ယန္တရားတစ်ရပ် ဖော်ဆောင်ရေးတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် ကရင်နီပြည်ကြားကာလလွှတ်တော် (Karenni State Interim Parliament – KSIP) ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ၎င်းသည် ဒီမိုကရေစီနည်းကျသော၊ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများမှတစ်ဆင့် ဥပဒေပြဋ္ဌာန်းရန်၊ IEC ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ရန်နှင့် ဥပဒေပြုရေးလုပ်ငန်းစဥ်များကို အုတ်မြစ်ချတည်ထောင်ရန် တာဝန်ရှိသည်။ KSIP သည် ဥပဒေပြုရေး လုပ်ငန်းစဥ်အတွင်း ပွင့်လင်းမြင်သာရှိမှု သေချာစေရေး ဥပဒေများကို သုံးသပ်ရန်၊ မူကြမ်းရေးဆွဲရန်နှင့် စိစစ်ရန်အတွက် အထူးအလုပ်အဖွဲ့ကော်မတီများဖွဲ့စည်းကာ ဆောင်ရွက်နေသည်။ ထို့အပြင် ရပ်ရွာလူထု၏ လိုအပ်ချက်များကို ထင်ဟပ်ပြီး KSIA ပါအခြေခံမူများကို လေးစားလိုက်နာသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန်အတွက်လည်း KSCC နှင့် ပူးပေါင်းဆောင်ရွက်သည်။
တရားစီရင်ရေးမဏ္ဍိုင်ဖြစ်သည့် ကရင်နီပြည်ကြားကာလတရားစီရင်ရေး (Karenni State Interim Judiciary – KSIJ) ကို တရားရုံးချုပ် တစ်ရုံးနှင့် ခရိုင်နှင့်မြို့နယ်တရားရုံးများဖြင့် ဖွဲ့စည်းထားသည်။ KSIJ သည် ERO များ၏ တရားစီရင်ရေး စနစ်များနှင့် တရားရုံးများ၏ တရားဝင်မှုကို အသိအမှတ်ပြုထားပြီး ဒေသန္တရဓလေ့ထုံးတမ်းဥပဒေများနှင့် တရားစီရင်ရေးဆိုင်ရာ ကျင့်ထုံးများကိုလည်း လူ့အခွင့်အရေး အခြေခံမူများနှင့် မဆန့်ကျင်သော အဖြစ်အပျက်များတွင် ပေါင်းစပ်ထည့်သွင်းခွင့်ပြုထားသည်။ ကြားကာလ တရားစီရင်ရေးစနစ်အောက်တွင် စစ်ဘက်နှင့် အရပ်ဘက်တရားစီရင်ရေးစနစ်များကို သပ်သပ်စီခွဲခြားထား သည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးစနစ်တစ်စုံလုံးအဖြစ် ရှိနေသော KSCC၊ IEC၊ KSIP နှင့် KSIJ တို့သည် တော်လှန်ရေးကာလတွင် အားလုံးပါဝင်သော ဒီမိုကရေစီအုပ်ချုပ်ရေးပုံစံများ တည်ဆောက်လိုသည့် ကရင်နီပြည်သူများ၏ သန္နိဋ္ဌာန်နှင့် မျှော်မှန်းချက်ကို ထင်ဟင်သည်သာမက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံသို့ အသွင်ကူးပြောင်းရေးတွင် ရှေ့ဆောင်လမ်းပြအဖြစ်လည်း ရှိနေသည်။
ဤစာတမ်းသည် ကရင်နီပြည်ရှိ ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲနေသော အုပ်ချုပ်ရေးစနစ်ကို အလွှာစုံ အားလုံးပါဝင်သောအုပ်ချုပ်ရေးစနစ် (multi-level inclusive governance system – MIGS) တစ်ခုအဖြစ် သုံးသပ်ပုံဖော်ထားသည်။ တရားဝင်မှု၊ အားလုံးစုံလင်ပါဝင်မှု၊ ပေါင်းစပ်မှု၊နှင့် ရေရှည်တည်တံ့မှုတို့ကို ခွဲခြမ်းစိတ်ဖြာသည့် ရှုထောင့်များမှတစ်ဆင့် MIGS သည် ကရင်နီပြည်တွင် ကိုယ်စားပြုမှုရှိသော ဒီမိုကရေစီနည်းကျ ပြည်သူ့အုပ်ချုပ်ရေးကို ဖန်တီးရန်အတွက် အသစ်ဖွဲ့စည်းထားသော အခြခံမှအဆင့်ဆင့် တည်ဆောက်ထားသည့် အုပ်ချုပ်ရေး စနစ်များကို ERO များ၏ နဂိုရှိပြီးသားအုပ်ချုပ်မှုစနစ်များနှင့် မည်သို့ပေါင်းစပ်ထားကြောင်းကို စာတမ်းက လေ့လာသုံးသပ်ထားသည်။ ထို့အပြင် ကရင်နီပြည်အစိုးရ၏ အခြေခံမှအဆင့်ဆင့်တည်ဆောက်ထားသော အုပ်ချုပ်ရေးနှင့် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် ကရင်နီပြည်သူများ စုံလင်စွာ အားလုံးပါဝင်မှု ရှိစေရေးအတွက် ကရင်နီပြည်ကြားကာလအစိုးရ၏ ကြိုးပမ်းအားထုတ်ပုံကို ထင်ရှားသောသာဓကများဖြင့် ရေးသားတင်ပြထားသည်။
KSIA တွင် ထည့်သွင်းဖော်ပြထားသကဲ့သို့ပင် ကရင်နီအုပ်ချုပ်ရေးပုံစံသည် ကရင်နီပြည်သူများ၏ နိုင်ငံရေးရည်ရွယ်ချက်များကို မြှင့်တင်ပေးရုံသာမက ပိုမိုကျယ်ပြန့်သော မြန်မာ့နွေဦးတော်လှန်ရေး၏ ဖက်ဒရယ်ဒီမိုကရေစီ မျှော်မှန်းချက်များကိုပါ တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးနေသည်။ ၎င်းသည် နဂိုရှိပြီးသားနှင့် အသစ်ဖွဲ့စည်းထားသော အုပ်ချုပ်မှုပုံစံနှစ်ခုစလုံးကိုပေါင်းစပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြည်တွင်းဦးဆောင်ဖော်ဆောင်သည့် ဖက်ဒရယ်စနစ်အတွက် အရေးပါသော အသေးစိတ်ပုံစံ နာမူနာတစ်ခုအဖြစ် တည်ရှိသည်။ ရပ်ရွာလူထုပူးပေါင်းပါဝင်ဦးဆောင်မှုကိုအခြေခံပြီး မြေပြင်ရှိ သမိုင်းနှင့် လူမှု-နိုင်ငံရေးဆိုင်ရာ အခင်းအကျင်းများကို ထင်ဟပ်သော ကရင်နီအုပ်ချုပ်ရေးပုံစံသည် ၎င်း၏ တရားဝင်မှုကို အစိုးရ၏အဆင့်တိုင်းတွင် ကရင်နီပြည်သူအားလုံး၏ တက်ကြွသောကိုယ်စားပြုမှု ပါဝင်စေခြင်းမှတစ်ဆင့်လာသည့် တရားဝင်မှုမျိုးဖြစ်စေရေး သေချာစေရန် ရည်ရွယ်လုပ်ဆောင်ထားသည်။ အားလုံးပါဝင်သော ဤချဉ်းကပ်မှုသည် မြေပြင်တွင် ကရင်နီပြည်တစ်ဝန်းရှိ လူထုအသိုင်းအဝိုင်းများကို ယုံကြည်မှုပိုမိုအားကောင်းစေသည်သာမက စိတ်ဓါတ်များကိုလည်း မြှင့်တင်ပေးကာ အားလုံးပါဝင်မှုနှင့် တာဝန်ယူတာဝန်ခံမှုတို့အပေါ်အခြေခံသည့် တိုးတက်သောအုပ်ချုပ်ရေးစနစ်တစ်ရပ်ကို ထူထောင်နေသည်။
ကရင်နီစံနမူနာသည် တော်လှန်ရေးကာလကြိုးပမ်းအားထုတ်မှုများကို ကြားကာလအလွန် ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးနှင့် ပေါင်းကူးချိတ်ဆက်ခြင်းအားဖြင့် ဒေသန္တရ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးကို အားကောင်းစေသည့်တစ်ချိန်တည်းတွင် မြန်မာနိုင်ငံတစ်ဝန်း ရေရှည်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုတို့အတွက် အုတ်မြစ်ချပေးနေသည်။ ထို့ကြောင့် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံဆီသို့ ဆက်လက်ဦးတည်ချီတက်နေသော ကရင်နီတို့၏ နိုင်ငံတည်ဆောက်ပုံစံနမူနာနှင့် အခြားသော လူထုဦးဆောင်သည့် ကြားကာလ အုပ်ချုပ်ရေး စနစ်များအတွက် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ အသိအမှတ်ပြု ပံ့ပိုးကူညီရန် အလွန်အရေးကြီးသည်။
ယခုစာတမ်းသည် ကရင်နီပြည်တွင်းနှင့် ထိုင်း-ကရင်နီနယ်စပ်တစ်လျှောက် လုပ်ဆောင်ခဲ့သည့် တစ်စိတ်တစ်ပိုင်းပုံစံချထားသော တွေ့ဆုံမေးမြန်းမှုနှင့် ဦးတည်အစုအဖွဲ့ဆွေးနွေးမှု ၁၄ ခုတို့မှ ရရှိသော တွေ့ရှိချက်များအပါအဝင် ရှိနှင့်ပြီးသောအချက်အလက်များ သုတေသနပြုခြင်းနှင့် အရည်အသွေး အဓိကထားသော ကွင်းဆင်းသုတေသနတို့မှ ရရှိသောအချက်အလက်များကို အခြေခံရေးသားထားသည်။ တွေ့ဆုံမေးမြန်းမှုများကို ၂၀၂၄ ခုနှစ် မတ်လမှ မေလအတွင်း ဒေသခံအုပ်ချုပ်ရေးမှူးများ၊ CSO များ၊ ကရင်နီပြည်ကြားကာလအစိုးရအဖွဲ့ဝင်များကို လူကိုယ်တိုင်နှင့် အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံ၍ ပြုလုပ်ခဲ့သည်။
အကြံပြုတိုက်တွန်းချက်များ
နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလှူရှင်များ
KSCC၊ IEC၊ KSIP နှင့် KSIJ
စာတမ်းအနှစ်ချုပ်ကို PDF ဖိုင်ဖြင့် ရယူရန် မြန်မာဘာသာ I English
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.