25 October 2024
မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)
လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အသက် ၂၀ ပြည့်မယ့် နော်ဒီဇင်ဦးဟာ ပညာရေးဌာနမှာ စေတနာ့ဝန်ထမ်းတဦး ဖြစ်ခဲ့ပါတယ်။ သူမရဲ့ အဓိက ရည်မှန်းချက်ကတော့ ဆေးဆိုင်ဖွင့်ပြီး ဖျားနာနေသူတွေကို သူတတ်တဲ့ပညာနဲ့ ကုသပေးဖို့ ကြိုးစားခဲ့တာပါ။ ကြိုးစားနေတဲ့ လမ်းခုလတ်မှာဘဲ သူမဟာ သူချစ်တဲ့ ဆေးပညာ၊ သူတန်ဖိုးထားတဲ့ မိသားစုကို အပြီးတိုင်စွန့်ခွာသွားခဲ့ပါတယ်။
အသက် ၂၀ ပြည့်မှာ သူမဟာ သူမချစ်တဲ့ စာသင်ခန်းထဲက ကလေးငယ်တွေနဲ့အတူ မွေးနေ့ကိုဖြတ်သန်းဖို့ ဆုံးဖြတ်ထားခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပြပါတယ်။ ကျောင်းဆရာမ နော်ဒီဇင်ဦးဟာ စက်တင်ဘာလ ၂၂ ရက်နေ့ညမှာ သူမနေထိုင်တဲ့နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီမှာတင် သေဆုံးခဲ့ရတာပါ။
သူမဟာ ရှမ်း-ကရင်ပြည်နယ်စပ် ဆီးဘူးဒေသအတွင်းက ကျေးရွာတရွာမှာ ကျောင်းဆရာမအဖြစ် သွားရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အလွန်ခေါင်ပါးတဲ့ နေရာဒေသမှာ သွားရောက်ပြီးစာသင်ကြားရတာကြောင့် သုံးလအတွင်းမှာ မိခင်ဖြစ်သူနဲ့ တကြိမ်သာ ဖုန်းပြောခွင့် ရခဲ့ပြီး၊ အခုတော့ အဲ့ဒီဖုန်းဟာ ဘယ်တော့မှ မိခင်ဖြစ်သူဆီ မဝင်လာနိုင်တော့ပါဘူး။
“အခုထက်ထိမျှော်နေတုန်းဘဲ သူမရှိတော့ပေမဲ့လည်း ကိုယ့်ရင်ထဲမှာ ရှိသလိုမျိုးခံစားရတယ်လေ၊ အရမ်းမျှော်တယ် သူ့ဖုန်းကို။” လို့ မိခင်ဖြစ်သူက ပြောပါတယ်။
သူတို့ သားအမိဟာ အွန်လိုင်းကနေသာ ပြောဆိုဆက်သွယ် နေထိုင်လာကြသူတွေပါ။ မိခင်ဖြစ်သူက သား၊ သမီးအတွက်ဆိုပြီး နိုင်ငံရပ်ခြားကို ထွက်ခွာလာခဲ့တာ ၉ နှစ် ကျော် ကြာခဲ့ပါပြီ။ နော်ဒီဇင်ဦးက သမီးအကြီးဖြစ်ပြီး၊ သူမမှာ မောင်အငယ်လေးတယောက်ရှိပါတယ်။ မိခင်နဲ့ ဖခင်တို့ဟာ သူမတို့ငယ်စဉ်ကတည်းက အိမ်ထောင်ကွဲသွားကြတာကြောင့် မိခင်ရဲ့ရုန်းကန်ပြုစုမှုအောက်မှာဘဲ ကြီးပြင်းလာကြသူတွေ ဖြစ်ပါတယ်။ သားနဲ့သမီးရဲ့ ပညာသင်စရိတ်ကို ရှာဖွေလိုတာကြောင့် ငယ်ရွယ်သေးတဲ့ သားနဲ့သမီးကို မိဘဖြစ်သူထံအပ်နှံပြီး နိုင်ငံရပ်ခြားဖြစ်တဲ့ စင်္ကာပူမှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
စစ်အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ သားနဲ့သမီးဖြစ်သူဆီကို အလည်ပြန်လာခဲ့ပြီး ၅ လကြာ ဇာတိကျေးရွာမှာ နေထိုင်ခဲ့ပါတယ်။ သမီးဖြစ်သူရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ၂၀၂၃ ခုနှစ်မှာ တဖန်နိုင်ငံရပ်ခြားကို ပြန်လည်ထွက်ခွာခဲ့ပြီးတဲ့နောက် အခုလိုဘဲ သမီးရဲ့အပြီးတိုင်ခွဲခွာခြင်းကို ခံလိုက်ရတယ်လို့ ပြောပါတယ်။
“အဲ့လိုမျိုးသာ သိခဲ့ရင်တော့ ဘယ်တော့မှ ကိုယ်နိုင်ငံခြား မထွက်ဘူး။” လို့ မိခင်ဖြစ်သူက သမီးဖြစ်သူနဲ့ ခွဲခွာရမယ်ဆိုတာ သိနေခဲ့ရင်ဆိုတဲ့ ဖော်ပြမရနိုင်အောင် ခံစားရခြင်းကို ထုတ်ဖော်ပြောကြားလာပါတယ်။
အရင်လိုဘဲ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ပြီး လုပ်အားခတွေစုရင်း သားနဲ့သမီးဖြစ်ချင်တဲ့ အိပ်မက်လေးကို အကောင်အထည်ဖော်ပေးဖို့ သမီးရဲ့အိပ်မက်ကို စိတ်ကူးမှန်းရည်ပြီး ပင်ပန်းဒဏ်ကိုမမှုဘဲ အားကြိုးမာန်တက်ကြိုးစားနေတဲ့ မိခင်တဦးကတော့ သမီးဖြစ်သူနဲ့ အရင်လိုဘဲ ပြန်လည်ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်နေရင်း ကြိုးစားရုန်းကန်နေချိန်မှာဘဲ ထင်မှတ်မထားတဲ့ ဖြစ်ရပ်လေးက မိခင်ဖြစ်သူအပါအဝင် မိသားစုတွေရဲ့ ရင်ထဲကို လောင်မြိုက်စေခဲ့ပါတယ်။
ဓါတ်ပုံ – Karenni People Voice
“သင်တန်းတခုပြီးတခု သူအရမ်းတက်ချင်သေးတယ် ကျမ သမီးက။ အဲ့ကြောင့်မို့လို့ ကိုယ်ကလည်း ပိုက်ဆံရှာမယ်ဆိုပြီးတော့ သား၊ သမီးရှေ့ရေးအတွက်ဆိုပြီးတော့ လှပအောင် ကိုယ်ကလည်း ရုန်းကန်ပေါ့နော်။ စင်္ကာပူမှာ သွားနေတာလည်း ၉ နှစ်လောက်ရှိပြီ။ အကုန်လုံး သား၊ သမီး အတွက်တွေဘဲ။ အဲ့ကြောင့်မို့လို့ အခုလို ဆုံးရှုံးတာ ဘယ်လောက်အထိ ခံစားရလဲ။ ဘယ်လောက်ထိ ရင်နာဖို့ကောင်းလဲ ပြောနေတာ။ ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ အခု ဘာတခုမှ မဖြစ်လာဘူး။” လို့ မိခင်ဖြစ်သူက ရည်ရွယ်ချက်ကြီးမားခဲ့တဲ့ သမီးအကြောင်းကို ပြန်လည်ပြောတာပါ။
သူမဖြစ်ချင်ခဲ့တဲ့အိပ်မက်အတွက် ဖြူစင်တဲ့ကလေးငယ်တဦးရဲ့ အသံလေးလို နှုတ်ကနေ အမေ့ကို တဖွဖွပြောပြရင်း သူမ အနာဂတ်ကို စိတ်ကူးယဉ်ခဲ့တဲ့ သမီးဖြစ်သူရဲ့အကြောင်းကို တသသပြောပြရင်း မိခင်က တမ်းတလွမ်းဆွတ်ရုံသာ ကျန်ပါတော့တယ်။
စက်တင်ဘာလ ၂၂ ရက်နေ့ညမှာ ဖြစ်ပွားခဲ့တဲ့ စေတနာ့ဝန်ထမ်းကျောင်းဆရာမဖြစ်သူ နော်ဒီဇင်ဦး ရဲ့ မီးလောင်သေဆုံးမှုဟာ မတော်တဆမှုဖြစ်ကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ ကယန်းအမျိုးသား ပညာရေးကော်မတီ KNEC က အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောင်းဆရာမဖြစ်စဉ်ရဲ့ သံသယဖြစ်ဖွယ် အထင်အမြင်လွဲမှားမှုကို ဖြေရှင်းနိုင်ရန်အတွက် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီရဲ့ ညွှန်ကြားမှုနဲ့ ကယန်းပြည်သစ်တပ်မတော်မှ စစ်ရေးချုပ် ဗိုလ်မှူးကြီးမားရ်ကို့ ဦးဆောင်ပြီး သေဆုံးခဲ့ရသူ ကျောင်းဆရာမရဲ့ မိသားစုအပါအဝင် ၉ ဦးဖြင့် ဒုတိယအကြိမ် စုံစမ်းတွေ့ရှိချက်အရ မတော်တဆ ကူးစက်မီးလောင်မှုသာ ဖြစ်တယ်လို့ KNEC ရဲ့ ထုတ်ပြန်ထားပါတယ်။
ဆရာမနော်ဒီဇင်ဦးဟာ ကယန်းအမျိုးသားပညာရေးကော်မတီ KNEC ရဲ့ ပညာရေး စေတနာ့ဝန်ထမ်းအဖြစ် စေလွတ်ခြင်းခံရသူတွေထဲက တဦးဖြစ်ပါတယ်။
မတော်တဆမီးဆိုတာကို မိခင်တယောက်အနေနဲ့ လက်ခံနိုင်အောင် ကြိုးစားနေပေမဲ့ မီးလောင်သေဆုံးရာက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တစစီဖြစ်နေခဲ့တဲ့ သမီးဖြစ်သူရဲ့ ဖြစ်စဉ်ကို လက်ခံနိုင်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မိခင်ဖြစ်သူဟာ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်နေပြီး ကျန်ရစ်သူ သားနဲ့မိဘတွေဆီ ပြန်ချင်ပေမဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် မပြန်နိုင်သေးဘူးလို့ ပြောပါတယ်။
တဦးတည်းသာရှိတဲ့ သမီးကို ရက်ရက်စက်စက် ဆုံးရှုံးရတဲ့ မိခင်တဦးရဲ့ ရင်ထဲက လောင်မြိုက်မှုတွေကို ထပ်တူခံစားနိုင်ကြပေမဲ့ သွေးသားရင်းချာမိခင်လောက်တော့ ဘယ်သူကမှ ခံစားနိုင်လိမ့်မှာ မဟုတ်ပါဘူး။ မိခင်အနေနဲ့ “ငါ့သမီးလို ခံစားကြည့်စေချင်လိုက်တာ” ဆိုတဲ့ အတွေးမျိုး တခါတရံမှာ ဆိုးဆိုးရွားရွားဝင်မိပေမဲ့ သူမကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ ဆိုဆုံးမမှုတွေအတိုင်း ခွင့်လွှတ်ခြင်းကိုသာ သူမ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သမီးလေးရဲ့ ပြန့်ကျဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကတော့ သူမအတွက် စဉ်းစားစရာဖြစ်နေဆဲပါဘဲ။
“ကိုယ်က နှစ်ခြင်းဘာသာ၊ ခရစ်ယာန်ဆိုတော့ အဲလိုမျိုးသွားလုပ်လို့ရှိရင် သူတို့နဲ့ထပ်တူဘဲ။ ခွင့်လွှတ်လိုက်ပါတယ် အဲ့လိုမျိုးတွေးမိတာပေါ့နော်။ ကိုယ်က ကျေနပ်ပါတယ်။ မကျေနပ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်က လုံလုံလောက်လောက်တော့ ဘယ်တော့မှ မကျေနပ်ဘူး။” လို့ သူမက ပြောဆိုသွားပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.