အာဆီယံအစည်းအဝေး ၅၀၀ ကျော်ကို စစ်အုပ်စုတက်ရောက်ခဲ့ပြီးနောက်ပိုင်း အာဆီယံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်ကို ပြန်လည်သုံးသပ်ရန် အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့ တောင်းဆို

အာဆီယံအစည်းအဝေး ၅၀၀ ကျော်ကို စစ်အုပ်စုတက်ရောက်ခဲ့ပြီးနောက်ပိုင်း အာဆီယံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်ကို ပြန်လည်သုံးသပ်ရန် အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့ တောင်းဆို

အာဆီယံသည် ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေး၀န်ကြီးအဆင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ပေးရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

သို့သော်၊ စစ်အုပ်စုနှင့်၎င်း၏ခန့်အပ်ခံများသည် မြန်မာနိုင်ငံကိုကိုယ်စားပြု၍ အာဆီယံ အစည်းအဝေးပေါင်း(၅၀၀) ကျော်ကို တက်ရောက်ခဲ့ကြသည်။

စစ်အုပ်စု၏ အဆင့်မြင့်ကိုယ်စားလှယ်များသည် ၀န်ကြီးအဆင့်အစည်းအဝေး (၂၀) ကျော်ကို တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးများတွင် ကာကွယ်ရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တော၊ သဘာ၀ပတ်၀န်းကျင်၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်မှုခင်း စသည်တို့နှင့်စပ်လျဥ်းသော အစည်းအဝေးများ အပါ၀င်ဖြစ်သည်။

ထိုအစည်းအဝေးများသို့ မင်းအောင်လှိုင်၊ စိုး၀င်း၊ မြထွန်းဦး၊ မိုးမြင့်ထွန်း၊ တင်အောင်စန်း၊ မိုးအောင်၊ ခင်မောင်ရီ၊ ကံဇော်၊ အောင်နိုင်ဦး အစရှိသည့် စစ်အုပ်စုခေါင်းဆောင်အပါအ၀င် စစ်အုပ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ထိုစစ်အုပ်စုကိုယ်စားလှယ်များနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် အဖွဲ့အစည်းဌာနများကို အာဆီယံ၏ မိတ်ဖက်နိုင်ငံများဖြစ်သည့် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ နှင့်သြစတြေးလျ နိုင်ငံတို့က အရေးယူပိတ်ဆို့မှုများချမှတ်ထားသည်။

တစ်ချိန်ထဲတွင်ပင် “နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်” အား ဖိတ်ကြားသည့် ဆုံးဖြတ်ချက်သည် အဆင့်မြင့်အစည်းအဝေးများသို့ စစ်အုပ်စုကိုယ်စားလှယ်အား စေလွှတ်ခွင့် ပေးခြင်းဖြစ်သောကြောင့် အာဆီယံသည် စစ်အုပ်စုကို နိုင်ငံရေးအရတရား၀င်မှု ပေးအပ်ခြင်းပင်ဖြစ်သည်။

အောက်တိုဘာလ (၆) ရက်နေ့တွင် စတင်ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အုပ်စု၏ ကိုယ်စားလှယ်အားလုံးကို ဖယ်ထုတ်၍ အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားရန် အရပ်ဘက်အဖွဲ့အစည်း (၂၃၇) ဖွဲ့က အာဆီယံအဖွဲ့၀င်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ၀န်ကြီးများသို့ တောင်းဆိုသည့် အိပ်ဖွင့်ပေးစာကို ပေးပို့ခဲ့သည်။ အဆိုပါပေးစာတွင် အာဆီယံအစည်းအဝေးများသို့စစ်အုပ်စုအဖွဲ့ဝင်များ၏ လတ်တလော တက်ရောက်မှုအ‌ခြေအနေများအကြောင်းကို အရပ်ဘက်အဖွဲ့အစည်းများက အသေးစိတ်ဖော်ပြထားသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးသည် အမြင့်ဆုံး မူဝါဒချမှတ်သည့် အစုဖွဲ့ဖြစ်သောကြောင့် မြန်မာနိုင်ငံအား မည်သူကိုယ်စားပြုခွင့် ရှိသည်ဆိုသည်နှင့် စပ်လျဥ်းသည့်ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ရန်နှင့်် ဆုံးဖြတ်ချက်ပြောင်းလဲချမှတ်ရန် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အဆီယံအဖွဲ့၀င်နိုင်ငံများသို့ တောင်းဆိုထားပါသည်။

Defend Myanmar Democracy အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က မှတ်ချက်ပြုသည်မှာ-

“နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်” ဆိုတာမျိုးက လုံး၀မရှိပါဘူး။ အာဏာသိမ်းကြိုးပမ်းမှုဖြစ်စဥ် စတင်ကတည်းက စစ်အုပ်စု ခန့်အပ်ထားသူမှန်သမျှဟာ စစ်အုပ်စုရဲ့ကိုယ်စားလှယ်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ် မဟုတ်ပါဘူး။ ဗုံးကြဲလိုက်၊ ညှင်းပန်းနှိပ်စက်လိုက်နဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်အုပ်စုကို အာဆီယံက အစည်းအ၀ေးဖိတ်ကြားတာဟာ အင်မတန် တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံကိုထိန်းချုပ်ဖို့ ကြိုးစားပြီး အစိုးရအဖြစ်ပုံဖော်ဖို့ လုပ်ကြံဖန်တီးနေတဲ့ စစ်အုပ်စုရဲ့ အားထုတ်မှုကို အာဆီယံက အထောက်အပံ့ ပေးနေတာပဲဖြစ်တယ်။ အာဆီယံဟာ မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေမှုကို ယိုင်လဲပျက်ပြားအောင် လုပ်နေတာပဲဖြစ်ပါတယ်။အာဆီယံခေါင်းဆောင်တွေဟာ မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာပြည်သူတွေအပေါ် ကောင်းကျိုး/ ဆိုးကျိုးသက်ရောက်မှုတွေရှိတဲ့ ဒေသတွင်းဆုံးဖြတ်ချက်တွေကိုချမှတ်ရာမှာ ကျွန်တော်တို့ရဲ့ အစိုးရကို ပါ၀င်တက်ရောက်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ လူသတ်စစ်အုပ်စုကိုပါ၀င်ခွင့်ပေးရမှာ မဟုတ်ပါဘူး”။

မှတ်ချက် များနှင့် သတင်းအချက်အလက် များအတွက် ဆက်သွယ်ရန်

နော်အောင်၊ Defend Myanmar Democracy
[email protected]

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia