Statement 249 Views

အကြမ်းဖက် စစ်ကောင်စီ၏ တရားမဲ့ သေဒဏ်ချမှတ် သတ်ဖြတ်မှုများ အပေါ် ထုတ်ပြန်ချက်

September 24th, 2024  •  Author:   National Unity Consultative Council  •  1 minute read
Featured image

အကြမ်းဖက်စစ်ကောင်စီသည် မတရားဖမ်းဆီးထားသော တက်ကြွလှုပ်ရှားသူ လူငယ်များနှင့် ပြည်သူများအား သေဒဏ် အပါအဝင် မတရား ပြစ်ဒဏ်များ ချမှတ်ထားသည်။

ယင်းတို့အနက်မှ ၂၀၂၂ခုနှစ်၊ ဩဂုတ်လတွင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို တရားမဲ့ ကြိုးပေး သတ်ဖြတ်ခဲ့သည်။

ယခုအခါ သေဒဏ်ချမှတ်ခံထားရသော နောက်ထပ် တက်ကြွလှုပ်ရှားသူ လူငယ်များအား အကြမ်းဖက် စစ်ကောင်စီမှ ကြိုးပေးသတ်ဖြတ်ရန် ပြင်ဆင်နေသည့် အရိပ်အယောင်များနှင့် တရားမဲ့ စီရင် သတ်ဖြတ်လိုက်ပြီ ဟူသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အကြမ်းဖက် စစ်ကောင်စီ၏ သတင်းအမှောင်ချ လုပ်ဆောင်မှုများကြောင့် အဆိုပါ သတင်းများ၏ မှန်ကန်မှုကို လက်ရှိအချိန်ထိ တရားဝင် အတည်ပြုနိုင်ရန် ခက်ခဲသည်။

သို့ရာတွင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသည့် တရားဝင်အစိုးရ တရပ်အား စစ်တပ်အင်အားကို အလွဲသုံးစားပြုကာ အဓမ္မ အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ရာဇဝတ်ဂိုဏ်းတစ်ခုသာ ဖြစ်သည့်အလျောက်၊ ပြည်သူများအပေါ် မည်သည့် တရားစီရင်ခွင့်မျှ မရှိပေ။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအား မတရားဖမ်းဆီးခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းများသည် လုံးဝ တရားဝင်မှု မရှိဘဲ သေဒဏ်ကဲ့သို့ ပြစ်ဒဏ်စီရင်မှုကို ပြုလုပ်ရန် အခွင့်အာဏာလည်း လုံးဝ မရှိသည့်အပြင်၊ ယင်းသို့ လုပ်ဆောင်မှုများသည် ရာဇဝတ်မှုများ ထပ်ခါထပ်ခါ ကျူးလွန်နေခြင်းသာ ဖြစ်သည်။

ထို့အပြင် စစ်ပွဲအတွင်း ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ပဲ၊ သေဒဏ်ချမှတ်စီရင်ခြင်းသည် လူသားတစ်ဦးချင်းစီတိုင်း၏ မွေးရာပါရပိုင်ခွင့်တရပ်ဖြစ်သော အသက်ရှင်နေထိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေသော တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုများနှင့် ရာဇဝတ်မှုများကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး၊ ချက်ချင်း ရပ်တန့်ရန်လည်း တားမြစ်လိုက်သည်။

ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများ အနေဖြင့်လည်း နိုင်ငံတကာ ဥပဒေများနှင့် ဆုံးဖြတ်ချက်များကို တာဝန်ခံလျက် အကြမ်းဖက်စစ်ကောင်စီ၏ သွေးအေး ရက်စက်ယုတ်မာစွာ သတ်ဖြတ်၍ ရာဇဝတ်မှုကျူးလွန်နေမှုများအား ထိရောက်စွာ တားဆီး အရေးယူရန် တိုက်တွန်း အပ်သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် ပြည်တွင်းပြည်ပ အင်အားစုများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများကို အရေးယူရန်နှင့် နစ်နာသူများအတွက် တရားမျှတမှု ရရှိနိုင်စေရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

တော်လှန်ရေးသစ္စာဖြင့်
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ


pdf ဖိုင် ရယူရန်