Statement 160 Views

နိုင်ငံအနှံ့ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်

Featured image

နိုင်ငံအနှံ့ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်

၁။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလအစောပိုင်းတွင် တောင်တရုတ်ပင်လယ်၌ စတင်ဖြစ်ပေါ်ခဲ့သည့် အင်အား အလွန်ကြီးမားသည့် တိုင်ဖွန်းမုန်တိုင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံ့အပြား မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

၂။ ၃ရက်ခန့်မိုးကြီးခြင်းနှင့် ဆည်များ၏ ရေပိုလွှဲများမှ ရေထုတ်လွှတ်ခြင်းတို့ကြောင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ပါသည်။ ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ (၇) သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်း ထားပြီး လူနေအိမ်များပြိုကျ ပျက်စီးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေးတိရိစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ပါသည်။

၃။ ယင်းကဲ့သို့ ထိခိုက်ပျက်စီးမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအား ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။

၄။ မုန်တိုင်း၏အရှိန်နှင့် ရေဘေးအန္တရာယ်၏ ကြီးမားပြင်းထန်မှုကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများထောက်ပံ့ပေးခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူရေး စသည်တို့ ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးသွားသည့်နေအိမ်နှင့် အခြေခံအဆောက်အအုံများ ပြန်လည် တည်ဆောက်ရေးတို့အတွက် အကူအညီများစွာ လိုအပ်လျက်ရှိပါသည်။

၅။ သို့ဖြစ်ရာ လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများအား အောက်ပါအချက်များကို တောင်းဆိုအပ် ပါသည်-

(က) အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီ များကို ရေဘေးသင့်ပြည်သူများအား အညီအမျှရရှိစေရန် ဆောင်ရွက်ပေးခြင်း၊

(ခ ) အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးရှိ လူသားစာနာဝန်ကြီးဌာန တာဝန်ခံများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်း များသို့ တိုက်ရိုက်ပံ့ပိုးပေးခြင်း၊

(ဂ ) နိုင်ငံတကာကပေးအပ်သည့် လူသားစာနာမှုအကူအညီများကို နိုင်ငံရေးနှင့် စစ်ရေး တို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ခြင်း၊

(ဃ) ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသာမက ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကိုပါ ရေတိုရေရှည် ပံ့ပိုးကူညီ ခြင်း၊

(င ) တကမ္ဘာလုံးအတိုင်းအတာနှင့် ရန်ပုံငွေ ကန့်သတ်ချက်များရှိသော်လည်း စစ်ဘေးနှင့် သဘာဝဘေးကို တပြိုင်နက်ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာလှူဒါန်းမှုများ ရရှိစေရန် တိုက်တွန်းနှိုးဆော်ပေးခြင်း၊

(စ ) ရေဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းမှုများအား ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလုပ်ဆောင်ခြင်း၊

(ဆ) လူသားချင်းစာနာမှုဦးစားပေး (Humanitarian Imperative) အခြေခံမူကို လက်ကိုင် ထား၍ ထိခိုက်လွယ်အုပ်စုများ၏ လိုအပ်ချက်များကိုပါ ထည့်သွင်း ကူညီပံ့ပိုးကူညီခြင်း၊

(ဇ ) အကူအညီများ အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်စီမံခန့်ခွဲပေးခြင်း နှင့် စနစ်တကျစောင့်ကြည့်ကွပ်ကဲခြင်း။

၆။ မိမိတို့အနေဖြင့် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းသက်ရောက်မှု၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ထိခိုက်ခံစားရသည့် တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် တသားထဲ ရပ်တည်လျက်ရှိပြီး ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ထပ်တူ စာနာမိပါသည်။ ထို့အပြင် ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည့် လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ကျေးဇူးတင် ရှိပါသည်။ ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက်ကိုလည်း မိမိတို့အဖွဲ့အစည်း အားလုံး က ကျောချင်းကပ်၊ ရင်ချင်းအပ်လျက် အတူအကွ ပူးပေါင်းလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုအပ်ပါသည်။

ဆက်သွယ်ရန်-

အီးမေးလ်

MoHADM (Email: [email protected])
KNU (Email: [email protected])
KNPP (Email: [email protected])
CNF (Email: [email protected])


PDF ဖိုင်ကို ရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ