19 August 2024
စင်ကာပူအခြေစိုက် Emerging Towns & Cities (ETC) ကုမ္ပဏီသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း တစ်စုံတစ်ရာမရှိဘဲ အတိုင်းမသိကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကို ဘဏ္ဍာငွေများ ဆက်လက်ပေးအပ်လျက်ရှိသည်။
ETC ၏ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ၆ လစာ ဘဏ္ဍာရေးဆိုင်ရာနောက်ဆုံးထုတ်ပြန်ချက် တွင် Golden City စီမံကိန်းအတွက် မြေငှားရမ်းခ ပရီမီယံကြေး စင်ကာပူဒေါ်လာ ၉၀၀,၀၀၀ ပေးချေခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းစီမံကိန်းသည် မြန်မာစစ်အုပ်စု၏ စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်း တည်ဆောက်ထားသည့် အိမ်ခြံမြေ၊ အဆောက်အအုံစီမံကိန်းတစ်ခု ဖြစ်သည်။
ယခင်ဘဏ္ဍာရေးအစီရင်ခံစာများအရ ၂၀၂၂ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁.၆၈ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၂.၉၉ သန်း ပေးချေခဲ့မှုကို တွေ့ရပြီး၊ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုထံ စုစုပေါင်းပေးချေငွေသည် စင်ကာပူဒေါ်လာ ၅.၅၇ သန်း ရှိလာပြီဖြစ်သည်။ ETC သည် ၂၀၂၁ ခုနှစ်အတွင်း ပေးချေထားသည်ကို မတွေ့ရပေ။
စစ်ထောက်ချုပ်ရုံးသည် စစ်ရာဇဝတ်မှုများကျူးလွန်နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လက်အောက်တွင် တည်ရှိသည်။ ယူကေအစိုးရက ၎င်းတို့၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ဒဏ်ခတ်ပိတ်ဆို့မှုထုတ်ပြန်ချက်တွင် စစ်ထောက်ချုပ်ရုံးသည် “မြန်မာစစ်တပ် တပ်ဖွဲ့များအတွက် လက်နက်ခဲယမ်း၊ ဗုံးများနှင့် လေယာဥ်ဆီများအပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ ယင်းလုပ်ရပ်သည် ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ လူနည်းစုဝင် လူမျိုးစုများ အပါအဝင် အရပ်သားပြည်သူများအပေါ် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်ခြင်းတို့ကို တိုက်ရိုက်အားပေးကူညီနေသည်” ဟုဖော်ပြထားသည်။
ထိုနေ့တွင်ပင် စစ်ထောက်ချုပ်ရုံးကို အမေရိကန်နှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူခဲ့သည်။
ETC သည် သုံးနှစ်ကျော်မျှ ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့သလို၊၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင်မှ ယခုကဲ့သို့ မြန်မာစစ်အုပ်စုထံ နောက်ဆုံး ငွေပေးချေမှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ETC ၏ မြန်မာစစ်အုပ်စုထံ ငွေပေးချေမှုများနှင့် စင်ကာပူ စတော့အိတ်ချိန်းအတွက် သက်ရောက်မှုများဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို Justice For Myanmar မှ ထုတ်ပြန်ခဲ့သည်။ ငွေပေးချေမှုများတွင် “မြေအသုံးပြုမှုပရီမီယံကြေး” အမေရိကန်ဒေါ်လာ ၆.၈ သန်းနှင့် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၂.၈ သန်းတို့ ပါဝင်သည်။ သဘောတူညီချက်သည် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (ဘီအိုတီ) စာချုပ်အရဖြစ်ပြီး၊ ငှားရမ်းမှုသက်တမ်း အများဆုံး နှစ် ၇၀နှင့်အတူ၊ ပြီးဆုံးသည့်အခါတွင် စစ်အုပ်စုသည် အဆိုပါအဆောက်အဦးကို ပိုင်ဆိုင်မှုအဖြစ် ရရှိသွားမည် ဖြစ်သည်။ နှစ် ၇၀ အတွင်း စစ်အုပ်စုထံ စုစုပေါင်းငွေပေးချေမှုသည် အမေရိကန်ဒေါ်လာ ၁၉၁.၁ သန်း ထိရှိသွားမည် ဖြစ်သည်။
Justice For Myanmar ၏ အစီရင်ခံစာအား တုံ့ပြန်သည့်အနေဖြင့် စင်ကာပူစတော့အိတ်ချိန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ETC အား စည်းမျဉ်းစည်းကမ်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ချမှတ်ခဲ့ပြီး၊ ကုမ္ပဏီက ကုန်သွယ်မှုကို ရပ်ဆိုင်းခဲ့သည်။
စင်ကာပူစတော့အိတ်ချိန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ မေးမြန်းမှုများအား ဖြေကြားရန်အတွက် ETC သည် မြန်မာစစ်အုပ်စုထံ ၎င်းတို့၏ ငွေးပေးချေမှုများနှင့် ဥပဒေကြောင်းဆိုင်ရာ လိုက်နာ ဆောင်ရွက်မှုများအပေါ် လွပ်လပ်သော ပြန်လည်သုံးသပ်မှုအဖွဲ့များကို ငှားရမ်းဆောင်ရွက်ခဲ့သည်။
Justice For Myanmar နှင့် Australian Center for International Justice တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရှေ့နေနှင့် နိုင်ငံတကာဥပဒေပညာရှင် Felicity Gerry KC နှင့် ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယန်းရှေ့နေများကောင်စီမှ Daye Gang တို့ ရေးသားသော ဥပဒေရေးရာမှတ်စုတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းမှတ်စုတွင် နိုင်ငံတကာဥပဒေနှင့် လမ်းညွှန်ချက် များသည် စင်ကာပူစတော့အိတ်ချိန်းတွင် တင်ကြိုစီစစ်လုပ်ဆောင်ရမည့် ဝတ္တရားများကို ပြဌာန်းထားပြီး ဖြစ်ပြီး၊ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ကိုင်နေသော ကုမ္ပဏီများကြောင့် စင်ကာပူငွေကြေးအာဏာပိုင်နှင့် စင်ကာပူအစိုးရတို့အနေဖြင့် နိုင်ငံတကာဥပဒေအရ ဆက်စပ်တာဝန်ယူရဖွယ်များ ရှိလာနိုင်ကြောင်း ဖော်ပြပါရှိသည်။
ဥပဒေရေးရာမှတ်စုတွင် စင်ကာပူနိုင်ငံအနေဖြင့် “မှားယွင်းသည့်လုပ်ရပ်များမြောက်နိုင်သည့် အရောင်းအဝယ်လုပ်ငန်းများကို စုံစမ်းစစ်ဆေးရန်၊ ကာကွယ်ရန်နှင့် ရပ်ဆိုင်းရန်အတွက် နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်တစ်ရပ်ရှိကြောင်း၊ ယင်းတာဝန်သည် မြန်မာစစ်အုပ်စု၊ ၎င်း၏ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းများလုပ်ဆောင်နေသည့်အပေါ်တွင် ကျင့်သုံးနိုင်သည့်အပြင်၊ အကယ်၍ မြန်မာစစ်အုပ်စု၏ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် နိုင်ငံတကာဥပဒေများကို သော်လည်းကောင်း၊ နိုင်ငံကာလူ့အခွင့်အရေးများနှင့် လူသားချင်းစာနာမှု ဥပဒေအပါအဝင် လိုက်နာရမည့် စည်းမျဉ်းများကိုသော်လည်းကောင်း ချိုးဖောက်ကြောင်း တွေ့ရှိပါက စင်ကာပူစတော့အိတ်ချိန်းနှင့်ပတ်သက်၍ ယင်းဥပဒေကျင့်ထုံးကို အလွယ်တကူ ချမှတ်ကျင့်သုံးနိုင်မည် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ETC သည် ၎င်းတို့အနေဖြင့် စင်ကာပူကုမ္ပဏီ Grand Ally Investments ကုမ္ပဏီနှင့် ရောင်းဝယ်မှုသဘောတူညီချက်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး၊ မကြာသေးမီကပင် စာချုပ်ပါနောက်ဆုံးရက် သတ်မှတ်ချက်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်ခဲ့သည်။
ETC နှင့် Grand Ally ကုမ္ပဏီနှစ်ခုလုံးသည် စင်ကာပူတွင် မှတ်ပုံတင်ထားသောကြောင့် စင်ကာပူသည် မြန်မာစစ်အုပ်စုနှင့် လုပ်ကိုင်နေသော Golden City ၏ စီးပွားရေးလုပ်ငန်းနှင့် ဆက်လက်ထိတွေ့ ချိတ်ဆက်နေဆဲပင်ဖြစ်ပြီး၊ ယင်းသည် လက်ရှိကျူးလွန်နေသည့် စစ်အုပ်စု၏ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကို ငွေကြေးဆက်လက် ထောက်ပံ့ ကူညီနေခြင်းလည်း ဖြစ်သည်။
စစ်အုပ်စုနှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် Golden City ကို ဆက်ခံမည့် ရင်းနှီးမြှုပ်နှံသူများနှင့် ETC တို့မှ မြန်မာစစ်အုပ်စုထံ ငွေကြေးများ ဆက်လက်ပေးချေမှုများကို တားဆီးပေးရန် စင်ကာပူနိုင်ငံကို ကျွန်ုပ်တို့ တိုက်တွန်းတောင်းဆို အပ်ပါသည်။
အကယ်၍ အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက၊ ETC ၏ ငွေကြေးနှင့် ပိုင်ဆိုင်မှုများသည် အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းများထံ ပြောင်းရွေ့ရောက်ရှိသွားနိုင်သည့်အတွက်၊ စင်ကာပူနိုင်ငံ၊ ၎င်း၏ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စင်ကာပူဘဏ္ဍာရေးအဖွဲ့အစည်းများသည် ပိုင်ဆိုင်မှုများကို ထိန်းချုပ်သိမ်းဆည်းခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။
အစိုးရများအနေဖြင့် စစ်ထောက်ချုပ်ရုံးနှင့် စီးပွားဆက်ဆံမှုများ ဆက်လက်ရှိနေသေးသည့် ETC ၏ မြန်မာနိုင်ငံမိတ်ဖက် Jewellery Luck Group of Companies နှင့် ယင်း၏ပိုင်ရှင်များ၊ ဒါရိုက်တာများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်သည်။ Jewellery Luck Group of Companies သည် Golden Land Real Estate Development ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ အဆိုပါအဖွဲ့သည် စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်ဝယ်ယူမှုများမှတဆင့် စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေကြောင်း Justice For Myanmar သတင်းရင်းမြစ်များအရ သိရသည်။
ရောင်းချမှုအောက်မှတဆင့် ETC သည် Golden Land Real Estate နှင့် နိုင်ငံတကာဘဏ်များ ဖြစ်သည့် ICBC of China၊ ထိုင်ဝမ်နိုင်ငံ E.SUN နှင့် မြန်မာခရိုနီဘဏ် KBZ တို့အကြား သဘောတူချုပ်ဆိုထားသည့် ချေးငွေဆိုင်ရာ လိုက်နာရမည့် တာဝန်နှင့်ကတိကဝတ်များမှ ၎င်းကိုယ်၎င်း လွတ်မြောက်သွားအောင် လုပ်ဆောင်သွားမည်သာဖြစ်သည်။ ယင်းဘဏ်များသည်လည်း Golden City စီမံကိန်းမှတဆင့် မြန်မာစစ်အုပ်စုအား ငွေကြေးထောက်ပံ့ခြင်းမျိုးဖြင့် ဆက်လက်ချိတ်ဆက် ပတ်သက်နေဦးမည်သာဖြစ်သည်။ ဘဏ်များအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ၎င်း၏မိတ်ဖက်များနှင့် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းသင့်သည်။ သို့မဟုတ်ပါက ၎င်းတို့၏ ဘဏ္ဍာငွေများနှင့် ပိုင်ဆိုင်မှုများသည် ပြည်တွင်းနှင့် နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုဆိုင်ရာ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများအတွင်း ထိန်းချုပ်သိမ်းဆည်း ခံရသည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေကို ဗုံးကြဲဖျက်ဆီးပြီး၊ လူသန်းချီ အိုးအိမ်မဲ့ဖြစ်အောင် လုပ်ဆောင်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတရားခံ စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေဆဲဖြစ်တဲ့ ETC ကုမ္ပဏီက စင်ကာပူနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေနိုင်တာကတော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။
ဒီလိုမြန်မာစစ်အုပ်စုကို ငွေကြေးဆက်လက်ထောက်ပံ့နေမှုတွေကတဆင့် ETC ဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်နေပြီပဲ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံအနေနဲ့ လူသတ်စစ်အုပ်စုကို ငွေကြေး၊ စစ်လက်နက်၊ နည်းပညာနဲ့ လောင်စာဆီ တွေပေးအပ်နေတဲ့ ၎င်းရဲ့ကုမ္ပဏီတွေကို ပိတ်ပင်အရေးယူဖို့ ပိုမိုလုပ်ဆောင်ရမယ့်အချိန် ရောက်လို့နေပါပြီ။
စစ်အုပ်စုနဲ့ ၎င်းရဲ့စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ စင်ကာပူနိုင်ငံ အပါအဝင် အစိုးရတွေကို ကျမတို့ တောင်းဆိုပါတယ်။ အစိုးရတွေအနေနဲ့ စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတဲ့ ETC ရဲ့ မြန်မာမိတ်ဖက်ဖြစ်တဲ့ Jewellery Luck Group အပေါ်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပိုမိုသိရှိရန်
Golden City အကြောင်း ကျွန်ုပ်တို့၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာကို ဖတ်ရှုရန် https://bit.ly/3YJSL4c
ဥပဒေကြောင်းဆိုင်ရာမှတ်စုကို ဖတ်ရှုရန် https://bit.ly/3YGjsH6
ETC ၏ နောက်ဆုံးဘဏ္ဍာရေးထုတ်ပြန်ချက်ကို ဖတ်ရှုရန် https://bit.ly/3Av29i8
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.