ဒုဗိုလ်မှူးကြီးတစ်ဦး အပါအဝင် စစ်သုံ့ပန်း အရာရှိ ၇ ဦးတို့ အခန်းကျဉ်းတစ်ခုအတွင်း ပလတ်စတစ် ထိုင်ခုံစိမ်းများပေါ်တွင် စိတ်မသက်မသာဖြင့် ထိုင်နေကြပြီး ၎င်းတို့ကို မေးခွန်းထုတ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အရာရှိ ၂ ဦးကို ကြည့်နေကြသည်။
မြန်မာပြည်အလယ်ပိုင်း အထင်ကရမြို့ဖြစ်သည့် မန္တလေး၏ မြောက်ဘက် မိုင် ၅၀ ကျော်အကွာ ဧရာဝတီမြစ်ကမ်းဘေးမှ စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှ ရရှိသည့် ထိုသုံ့ပန်းများကို စစ်ကြောမေးမြန်းနေသည့် PDF အရာရှိ ၂ ဦးအနက် တစ်ဦးမှာ အမှတ် (၁၂၂၂) တပ်ရင်းတာဝန်ခံ ကိုနွယ်နီ ဖြစ်သည်။
စစ်ကောင်စီ၏ စဉ့်ကူးတပ်နယ်မှ အရာရှိကြီးများကို ထိုသို့ မေးမြန်းနေပုံ ရုပ်သံမှတ်တမ်းမှာ ဇူလိုင်လလယ်ပိုင်းက အွန်လိုင်းတွင် လူကြည့်များသောရုပ်သံဖြစ်ခဲ့ပြီး အသက် ၃၂ နှစ်အရွယ် လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) ကိုနွယ်နီကိုလည်း သတိထားမိစေသည့် ရုပ်သံ ဖြစ်သည်။
စဉ့်ကူးသည် မန္တလေးတိုင်းအတွင်း PDF ထိန်းချုပ်သည့် ပထမဆုံးမြို့ ဖြစ်လာပြီးနောက် ကိုနွယ်နီလည်း စစ်ကောင်စီ သိမ်းဆည်း သော့ခတ်ထားသည့်သူ၏အိမ်ကို ၃ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်နိုင်ခဲ့ရာ သူ၏ အိမ်အဝင် မှတ်တမ်းဓာတ်ပုံများသည် စစ်သုံ့ပန်းအင်တာဗျူး မတိုင်ခင် Facebook တွင် လူသိများသည့်ပုံများ ဖြစ်လာသည်။
ကိုနွယ်နီကမူ အနားယူရန် အခြေအနေမပေးဘဲ မိုးကုတ်ဗျူဟာသို့ ပြန်ပြီး စစ်ဦးစီးအဖွဲ့၊ စစ်ဆင်ရေးနှင့် မဟာမိတ်ဆက်ဆံရေးတာဝန်၊ စစ်ဆင်ရေးတာဝန်များ ဆက်လက်ထမ်းဆောင်ရမည်ဟု ပြောသည်။
“ကျွန်တော် နားကိုမနားရသေးဘူး။ အိမ်မှာ သော့လေးဖွင့်ကြည့်ပြီးကတည်းက မနားရသေးဘူး။ ကျွန်တော်တို့က Operation (စစ်ဆင်ရေး) ကာလလည်းဖြစ်တယ်ဆိုတော့ အလုပ်တွေက တရစပ်လုပ်နေရတာပဲ” ဟု ကိုနွယ်နီက Myanmar Now ကို ပြောသည်။
အိမ်ကို ချန်ခဲ့ရခြင်း
ကိုနွယ်နီ၏ အမည်အရင်းမှာ ကိုဝေမိုးကျော်ဖြစ်ပြီး ၎င်းသည် စစ်တပ်အာဏာမသိမ်းမီက စဉ့်ကူးမြို့နယ် ညောင်ဝန်းရွာရှိ အထက်တန်းကျောင်းခွဲတွင် အထက်တန်းပြ ကျောင်းဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
မိသားစုတွင် သားအလတ်ဖြစ်ပြီး အစ်ကိုကြီးဖြစ်သူမှာ ကွယ်လွန်သွားပြီဟု သိရသည်။ ၎င်းတွင် ညီမတစ်ဦး ကျန်ရှိသည်။
မြို့မြောက်ဘက် ၈ မိုင်ကျော်အကွာ ကျေးလက်ဒေသ နေအိမ်တွင် ကျောင်းသူ၊ ကျောင်းသားများကို ကျူရှင်သင်သူလည်းဖြစ်သည်။
၂၀၂၁ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းလိုက်သည့်အခါ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ သူက ပါဝင်လာခဲ့သည်။
ကိုနွယ်နီသည် အိမ်၌ စာလာသင်သည့် တပည့်များကို ချန်ထားပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်တွင် ၎င်းနေထိုင်ရာ နှစ်ထပ်အိမ်ကို စတင်စွန့်ခွာခဲ့သည်။
ထို့နောက် စဉ့်ကူးမြို့နယ် စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်ကော်မတီတွင်လည်း ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့ပြီး ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သည်။
ကိုနွယ်နီ အိမ်မပြန်ဘဲ ဆန္ဒပြပွဲများကို ဦးဆောင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကားဖြင့် ရောက်လာကာ ကိုနွယ်နီ့အိမ်ကို ဝင်စီးပြီး ဖခင်ဖြစ်သူကို ရန်ရှာကြသည်။
နောက်ဆုံးတွင် ဖခင်ဖြစ်သူသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေသို့ တိမ်းရှောင်ရသည်ဟု ၎င်းက ဆိုသည်။
“ဧပြီလဆန်းပိုင်းမှာပေါ့။ ကျွန်တော့အဖေကို ဖမ်းသွားတယ်။ တစ်ရက်တည်းဖမ်းပြီး ပြန်လွှတ်ပေးတာပေါ့၊ ခြိမ်းခြောက်ပြီးပြန်လွှတ်တာပေါ့။ လွှတ်ပြီးတော့ ပြန်ဖမ်းတယ်၊ ပြန်ဖမ်းတော့ အဖေက KNU ဘက်ကို ပြေးရတာပါ”
ဖခင်ဖြစ်သူ အဖမ်းခံရသည့်ဖြစ်စဉ်အပြီး မိသားစုကို ဘေးလွတ်ရာသို့ တိမ်းရှောင်စေကာ ကိုနွယ်နီသည် ဆန္ဒပြပွဲများတွင် ဆက်လက်ပါဝင်ခဲ့သည်။ စစ်ကောင်စီကလည်း အိမ်ကို သွားရောက်ချိပ်ပိတ်ကြောင်း၊ ပတ်ဝန်းကျင်ကိုလည်း ခြံထဲတွင် မိုင်းများထောင်ထားသည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ကိုနွယ်နီလည်း ခင်မင်သူများအိမ်တွင် နေထိုင်ကာ ဆန္ဒပြပွဲများတွင် ဆက်လက်ပါဝင်ခဲ့သည်။ စစ်ကောင်စီလက်နက်ကိုင်တို့က ကိုနွယ်နီ နေထိုင်ခဲ့ဖူးသည့် စဉ့်ကူးမြို့နယ်ရှိ အိမ်တစ်အိမ်မှ အိမ်ရှင်ကို ပါးရိုက်ခဲ့ကြောင်း ပြောပြသည်။
“ပြောင်းရရွှေ့ရလည်း များတာပေါ့။ ဟိုအိမ်က စိုးရိမ်လို့ ဆင်းခိုင်းလိုက်၊ ဒီအိမ်က စိုးရိမ်လို့ ဆင်းခိုင်းလိုက်နဲ့ပေါ့။ ကျွန်တော်လည်း ဆင်းရပါများလာတဲ့အခါ ခြေသလုံးအိမ်တိုင် အိမ်မဲ့ပုံစံ ခံစားလာရတယ်။ အဲဒီအချိန်မှာ အိမ်ကို သတိရတယ်” ဟု သူက ဆိုသည်။
ဆန္ဒပြသူများ နိုင်ငံအနှံ့တွင် ပစ်သတ်ခံရသည့်အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေသို့ သွားရောက်ကာ စစ်ပညာသင်ယူသည်။
လက်နက်ကိုင်တော်လှန်ရေးတွင်ပါဝင်နေသည့် ကာလအတွင်း အိမ်ကို သတိရသော်လည်း အားတင်းကာ ရှေ့ဆက်ခဲ့ရသည်ဟု ကိုနွယ်နီက ဆိုသည်။
“ကျွန်တော် ပြည်သူတွေကိုလည်း ပြောခဲ့ပြီးပြီ၊ ကတိတွေလည်း ပေးခဲ့ပြီးပြီလေ၊ ပြီးအောင် လုပ်ကြမယ်၊ အဆုံးထိတိုက်ကြမယ်လို့ အော်ခဲ့ပြီးမှ ကျွန်တော်က အိမ်ပြန်စရာလားပေါ့။ အစအဆုံးထိ လုပ်ရမယ်ဆိုတာ တွေးထားတယ်။ အိမ်လွမ်းတဲ့စိတ်ကတော့ သက်သက်ပေါ့။ ဒီလို ကျော်လွှားရတယ်” ဟု သူက ရှင်းပြသည်။
LGBT အဖြစ် ထုတ်ပြောသူ
ကိုနွယ်နီသည် ၎င်း LGBT တစ်ဦးဖြစ်သည်ဆိုသည့်အချက်ကို ကွယ်ဝှက်မထားဘဲ ထုတ်ပြောတတ်သူဖြစ်ကြောင်း ၎င်းနှင့် သိကျွမ်းဖူးသူတချို့က ဆိုသည်။
LGBT တစ်ဦးဖြစ်နေသော်လည်း အင်အား ရာထောင်ချီရှိသည့် တပ်ကို ဦးဆောင် စီမံခန့်ခွဲရာတွင် ပြဿနာ အထွေအထူးမရှိကြောင်း ကိုနွယ်နီက ပြောပြသည်။
၎င်းသည် PDF ရဲဘော်များကို စစ်သင်တန်းပြန်ပေးသည်၊ အများကလည်း ခေါင်းဆောင်တစ်ဦးအဖြစ် လက်ခံကြသည်ဟု သိရသည်။
သို့သော်လည်း LGBT များ တိုက်ခိုက်ရေးတွင် ပျော့ညံ့သည်ဆိုသည့် ရှေးရိုးစွဲအမြင် ရှိတတ်ကြသည်ဟု ကိုနွယ်နီက ပြောသည်။
“ကျွန်တော်တို့တပ်မှာတော့ တအားကြီး ဆိုးဝါးတာမရှိပါဘူး၊ LGBT ဆိုရင် မယုံကြည်မှုပေါ့။ ဒါက ကျွန်တော့်ဘက်က စိတ်ထင်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို မယုံကြည်ခံရတာမျိုး ခံစားရတယ်။ ဒါက ထွေထွေထူးထူး အများကြီးတော့မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
“LGBT ဖြစ်တဲ့အပေါ်မှာ ဂုဏ်ယူပါတယ်။ LGBT လည်းလူပဲလေ။ LGBT ဖြစ်တဲ့အတွက် အခြား Gender တွေထက် ထွေထွေထူးထူး ထူးခြားတာမရှိဘူး။ သူ့လိင်စိတ်ခံယူမှုအရ ဒါပဲ။ Normal ပဲပေါ့”
၃ နှစ်ကြာခွဲပြီးနောက် အိမ်အပြန်
ကိုနွယ်နီသည် အိမ်နှင့် ၃ နှစ်ကျော် ခွဲခွာပြီးနောက် တော်လှန်ရေးတပ်၏ အောင်ပွဲကြောင့် အိမ်ပြန်နိုင်ခဲ့သည်။
ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းနယ်စပ်တွင် တပ်ရင်း ၅ ရင်းဖြင့် လှုပ်ရှားနေသည့် MDY-PDF က စဉ့်ကူးမြို့နယ်ကို ဇူလိုင်လအတွင်း ထိန်းချုပ်လိုက်သည်။ PDF ယူနီဖောင်းဝတ်ထားသည့် ကိုနွယ်နီက စစ်ကောင်စီ ခတ်ထားသည့် ခြံတံခါးသော့ကို သံတူဖြင့် ထုဖွင့်ပြီးနောက် ခြံထဲ ခြေချလိုက်သည်။ ၃ နှစ်ကျော်ကြာ လူနေထိုင်မှုမရှိသဖြင့် အစိမ်းရောင် ချုံနွယ်များ တောထနေသောအိမ်သို့ ပြန်ဝင်သည့် မှတ်တမ်းဓာတ်ပုံများကို ဇူလိုင်လ ၁၃ ရက်နေ့က သူ၏ Facebook တွင် တင်ခဲ့ရာ ပြန်လည်မျှဝေသူ ၇,၀၀၀ ခန့် ရှိသည်။
စစ်ကောင်စီက အာဏာသိမ်းမှုဆန့်ကျင်သူတို့၏ နေအိမ်အများအပြားကို နိုင်ငံအနှံ့ ချိပ်ပိတ်ထားချိန်တွင် ကိုနွယ်နီသည် ဟန့်တားသူမရှိ သော့ဖျက်ဝင်ရောက်နေထိုင်လိုက်ကြောင်း လူအများ သိရှိရန် ပထမဆုံးပြသနိုင်ခဲ့သည့်ပုဂ္ဂိုလ်ဖြစ်လာသည်။
“အိမ်ပြန်ရောက်တော့ ရပ်ကွက်ထဲကလူတွေ အကုန်ထွက်ကြိုကြတာ၊ ဖက်နမ်းကြတာတို့ ဘာတို့ပေါ့၊ ဝမ်းသာတယ်။ တော်တော်တော့ပျော်တယ်” ဟု ၎င်းက ပြောသည်။
ထိုအဖြစ်အပျက်မျိုးသည် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသူ အများစု၏ အိပ်မက်လည်း ဖြစ်သည်။
မန္တလေးတိုင်းတွင် တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေတချို့ ရလာသည့်နောက် အိမ်ပြန်ခွင့်ရကြသူများထဲတွင် စဉ့်ကူး၊ မိုးကုတ်နှင့် မတ္တရာမြို့နယ်သား ရဲဘော်များ ပါဝင်ကြောင်း၊ ရဲဘော်တချို့ကို ကိုယ်တိုင် အိမ်လိုက်ပို့ပေးခဲ့ကြောင်း ကိုနွယ်နီက ပြောပြသည်။
“အလုပ်တွေလည်း ဆက်ရှိသေးတော့ ကြာကြာလည်း နေလို့မရဘူးပေါ့။ ရပ်ကွက်ထဲက နှုတ်ဆက်ကြ၊ ဩဘာပေးကြပေါ့၊ ဖက်ကြနမ်းကြပေါ့။ ပီတိဖြစ်ရပါတယ်၊ ရဲဘော်တွေ ကြည့်ရတာလည်း ပျော်စရာကောင်းပါတယ်” ဟု သူက ဆိုသည်။
စစ်ရေးအရ အရေးပါသည့် မိုးကုတ်မြို့ကို TNLA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ရာ လေကြောင်းရန် စိုးရိမ်နေရလင့်ကစား ဒေသခံတို့က တော်လှန်ရေးတပ်သားများကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။ တစ်မြို့လုံးကို မသိမ်းနိုင်သေးသည့် ဇူလိုင်လဆန်းတွင် မြို့နှင့် ၇ မိုင်အကွာတွင် သီးခြားတည်ရှိသည့် အနောက်ပိုင်းရပ်ကို အပြည့်အဝ ထိန်းချုပ်ခဲ့စဉ်ကလည်း လူငယ်တချို့ အိမ်ပြန်ခွင့်ရခဲ့ကြသည်။
မိုးကုတ်အနောက်ပိုင်းတွင် PDF တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနေကြသည်ကို တွေ့ရသည့် ဒေသခံများ စိတ်အားတက်စရာဖြစ်ခဲ့သည်။
ထို့ကြောင့် မိုးကုတ်တစ်နယ်လုံး ရသွားသဖြင့် ယခုနှစ်ဆန်းက TNLA ထိန်းချုပ်ထားသည့် မိုင်းလုံမြို့နှင့် မိုင်းလုံ-မိုးကုတ် – စစ်ကိုင်းတိုင်းတို့အထိ နယ်မြေတစ်ဆက်တည်း တည်ရှိသွားသည်။
မိုးကုတ်မြို့နယ်နှင့် ကချင်တပ် (KIA) သိမ်းထားသည့် မဘိမ်းမြို့နယ်ကြားရှိ မိုးမိတ်မြို့ကိုလည်း TNLA က ထိန်းချုပ်နိုင်ရန် ဆက်လက် ထိုးစစ်ဆင်နေသည်။
မိုးကုတ်၊ မိုးမိတ်မြို့တို့၏ အရှေ့ဘက်တွင် TNLA ထိန်းချုပ်ထားသော နမ့်ဆန်၊ နမ္မတူမြို့တို့ရှိပြီး အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် စစ်ကိုင်းတိုင်းအထက်ပိုင်း တော်လှန်ရေးအင်အားစု အားကောင်းသည့် ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ရွှေဘိုတို့နှင့် ထိစပ်နေသည်။
နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့မှ ၅၄ မိုင်အကွာ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီစခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ရက် ၂၀ ကျော် တိုက်ခိုက်ပြီးနောက် ဇူလိုင် ၁၇ ရက် နေ့တွင် MDY-PDF နှင့် ပူးပေါင်းတပ်များက အပြီးသတ်ထိန်းချုပ်ထားသည်။
မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူရရှိသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးအတွင်း သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများ၊ ဗီဒီယိုများနှင့်တကွ ထုတ်ပြန်ခဲ့သည်။
ထိုစစ်ဆင်ရေးတွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအတွင်းမှ တပ်ရင်းများလည်း ပါဝင်ခဲ့သည်။
ကိုနွယ်နီတို့ကဲ့သို့ပင် အောင်ပွဲနှင့် အိမ်ကို ခဏတာပြန်ရောက်ကြသူ အခြားတစ်ဦးလည်း ကရင်နီပြည်၊ မိုးဗြဲဒေသတွင် ရှိသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ၊ တစ်လေးလုံးစစ်ဆင်ရေးကာလအတွင်း ရှမ်း-ကယားနယ်စပ်က မိုးဗြဲမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ကင်းစင်သွားသည့် မိုးဗြဲမြို့အတွင်း အိမ်ပြန်ခွင့်ရသူမှာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ သူများကို ကယ်ဆယ်သည့် Mobye Rescue Team တည်ထောင်သူ ခွန်းမျိုးအောင် ဖြစ်သည်။
ထိုစဉ်က ခွန်းမျိုးအောင်၏ အိမ်အပြန်မြင်ကွင်းကို မြင်တွေ့ရပုံကို ပြန်ဖော်ပြရလျှင် ၎င်း၏ အိမ်သည် ချုံနွယ်ပိတ်ပေါင်းထူထပ်ခြင်းတော့မရှိ။ ခြံအဝင်အဝ မြေသားမြောင်းငယ်လေးထဲတွင် အဝါရောင်ဒေစီပန်းများ ပွင့်နေသည်။ ခွေးလေးနှစ်ကောင်နှင့် ဆွေမျိုးများက ခွန်းမျိုးအောင်ကို ပျော်ရွှင်စွာ လာကြိုကြသည်။
သို့သော် ထိုအပျော်သည် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးရန်ကြောင့် ကြာရှည်မခံခဲ့ပေ။
တိုက်လေယာဉ်နှင့် မကြာခဏ လာရောက်ဗုံးကြဲနေသလို မိုးဗြဲမြို့ မြောက်ဘက်ရှိ ခမရ (၄၂၂) တပ်က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသဖြင့် မြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ လက်ထဲထားပြီး အရပ်သားများ ခေါ်ထုတ်ကာ ဘေးလွတ်ရာပြေးခဲ့ရသည်။
ထိုဖြစ်ရပ်ကဲ့သို့ပင် လက်ရှိဖြစ်ပွားနေသော “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း (သို့မဟုတ်) ရှမ်း-မန်း စစ်ဆင်ရေးသည် မပြီးပြတ်သေးပေ။
ထို့ကြောင့် စဉ့်ကူးနယ်က LGBT တော်လှန်ရေးခေါင်းဆောင်ဖြစ်သူ ကိုနွယ်နီသည်လည်း နေအိမ်ကို ခဏတာ ခြေချပြီး တပ်ရင်းသို့ ပြန်ရသည်။
သူ့အနေဖြင့်လည်း စစ်ကောင်စီတပ် လုံးဝချုပ်ငြိမ်းမှသာ အိမ်တွင် အေးအေးဆေးဆေး အနားယူမည်ဟု ဆိုကာ ဘဝတူ အိမ်ပြန်ခွင့်မရသေးသူများအတွက် အားပေးစကားပြောလိုက်သည်။
“ပြည်သူတွေအတွက် ကျွန်တော်တို့က ကိုယ့်နယ်သူ့နယ်မခွဲဘူး၊ တိုက်ကြမှာပေါ့။ အဲဒီတော့ဗျာ မပူနဲ့၊ ကျွန်တော်တို့က တစ်နိုင်ငံလုံး စစ်ကောင်စီ ပြုတ်ကျအောင် တိုက်မှာဖြစ်တဲ့အတွက်မို့ တစ်နိုင်ငံလုံး …..အိမ်ပြန်ရမှာပါ…” ဟု ကိုနွယ်နီက ပြောလိုက်သည်။