ရိုဟင်ဂျာတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေကို ကာကွယ်ဖို့ အရပ်ဘက်အဖွဲ့ ၈ဝ ကျော်တိုက်တွန်း

27 June 2024

ရိုဟင်ဂျာတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေကို ကာကွယ်ဖို့ အရပ်ဘက်အဖွဲ့ ၈ဝ ကျော်တိုက်တွန်း

မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတိုင်းရင်းသားတွေကို အကာအကွယ်ပေးနိုင်အောင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၈၀ ကျော်က ဇွန်လ ၂၇ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ စစ်အုပ်စုကို စီးပွားရေးအရ ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာ၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချနေတာကို ပိတ်ဆို့တာ၊ မြန်မာပြည် အကျပ်အတည်းကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးတာ ဒါမှမဟုတ် ရာဇဝတ်ခုံရုံးတစ်ခု ထူထောင်ပေးတာလို ဆုံးဖြတ်ချက် အမြန်ဆုံးချမှတ်ဖို့ တိုက်တွန်းပါတယ်။

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်တို့ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ မကြာခင်ကာလမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အိတ်ဖွင့်ပေးစာမှာ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာနေအိမ်တွေကို မေလ ၁၇ ရက်နေ့က ပစ်မှတ်ထား လုယက်၊ မီးရှို့ဖျက်ဆီးခဲ့ပြီး ရိုဟင်ဂျာလေးဦးကို AA က ခေါင်းဖြတ်သတ်ခဲ့တယ်လို့ သတင်းမီဒီယာတွေရဲ့ ရေးသားချက်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။

ဘူးသီးတောင်မြို့နယ် အခြေအနေတွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေဖြစ်တယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက မေလ ၂၅ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှာတော့ မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသား ၇၆ ဦး သတ်ဖြတ်ခံခဲ့ရပြီး သက်သေတွေကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီး ဖျောက်ဖျက်ခဲ့တယ်လို့ ပြောထားပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဇွန်လ ၄ ရက်နေ့မှာလည်း သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကရော ရေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ လူဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာတွေဟာ ပြန်ပေးဆွဲခံရပြီး AA နဲ့တိုက်ခိုက်ဖို့ စစ်ကောင်စီ တပ်ထဲကို အဓမ္မသွတ်သွင်းခံနေရတယ်လို့ ပြောထားပါတယ်။

ဒီလိုကျူးလွန်မှုတွေအတွက် စစ်ကောင်စီကို တာဝန်ယူခိုင်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့တာဝန်ရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

၂၀၂၄ ခုနှစ် ပထမ လေးလတာကာလအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၆ ကြိမ်ကျူးလွန်ခဲ့ပြီး လူ ၃၆၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အိတ်ဖွင့်ပေးစာကို မြန်မာ-ရိုဟင်ဂျာအသင်း ယူကေ၊ မူလန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့၊ ရှေ့ပြေးအသံအဖွဲ့အပါအဝင် အဖွဲ့အစည်း ၈၉ ဖွဲ့က လက်မှတ်ရေးထိုးပြီး ကုလသမဂ္ဂကို ပေးစာပေးပို့လိုက်တာဖြစ်ပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia