Statement 85 Views

ဒိုက်ဦးအကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသူများအပေါ် ကျူးလွန်ခဲ့သည့် ဥပဒေမဲ့လုပ်ရပ်များနှင့်စပ်လျဥ်း၍ ပူးတွဲ သဘောထားထုတ်ပြန်ချက်

Featured image

၂၀၂၄ခုနှစ် ဇွန်လ ၁၂ရက်နေ့တွင် ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသားတစ်ဦးကို တန်းပိတ်ချိန်၌ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်ကြားတွင် ဖိအား​ပေး သံပြားကာခိုင်းရာ ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပြီး  အရေးပေါ် ဆေးကုသခွင့်ရရှိရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ရာမှ နိုင်ငံရေးအကျဉ်းသူ၊ သားများ အပါအဝင် အကျဉ်းသား စုစု‌ပေါင်း (၁၆၀)ကျော်အား အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနမှ အင်အားသုံး ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် မူးယစ်ဆေးဝါးများပါလာသည်ဟု လုပ်ကြံစွပ်စွဲကာ မူးယစ်အမှုများဖြင့် ထပ်တိုးတရားစွဲဆိုရန် အကြောင်းအမျိုးမျိုးပြ၍ နိုင်ငံရေးအကျဉ်းသူများ၏ အသုံးအဆောင်နှင့်အဝတ်အစားများထဲမှ တချို့တစ်ဝက် ကိုသာ ပေးပြီး အနိုင်ကျင့်သိမ်းဆည်းသွားခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့ ထောင်တန်းပိတ်ချိန်တွင် မိမိတို့၏ အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးရန်အတွက် နိုင်ငံရေးအကျဉ်းသူများမှ တောင်းဆိုခဲ့ကြသောကြောင့် အကျဉ်းထောင် ဝန်ထမ်းများမှ မကြားဝံ့မနာသာသော စော်ကားသည့် စကားလုံးများဖြင့်  အော်ဟစ်ဆဲဆိုကာ အမျိုးသမီးဆောင်ကို သေနတ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်း၊ လေးဂွနှင့် အုတ်ခဲများကိုင်ဆောင်ကာ အင်အားသုံး ဝိုင်းပစ်ခြင်းတို့ဖြင့် အကြမ်းဖက်မှုများ ပြုလုပ်ကျူးလွန်ခဲ့ကြောင်း သိရပါသည်။

ထို့သို့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသူ (၅)ဦးနှင့်အထက် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့ပါသည်။ ထို့ပြင် အကြမ်းဖက်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ဇွန်လ ၁၅ရက်မှ စတင်ကာ နိုင်ငံရေးအကျဉ်းသူ (၃၀)ကျော်သည် ယခုအချိန်ထိ ထိရောက်သည့် ဆေးဝါးကုသခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ လုံးဝ(လုံးဝ)မရရှိဘဲ တိုက်ပိတ်ခြင်းခံထားရပါသည်။

ဒိုက်ဦးအကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသူများအပေါ် ထောင်ဝန်ထမ်းအမျိုးသားများမှ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ဖိနှိပ်နေမှုများသည် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး အဆိုးဝါးဆုံးနှင့်အပြင်းထန်ဆုံး ချိုးဖောက်နေမှုများကို မီးမောင်းထိုးပြနေခြင်းဖြစ်ပြီး လူသားတစ်ဦး၏ အခြေခံအခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ခွင့်(Right to Life)ပင် အာမခံချက်မရှိတော့သည့်အပြင် ညှဉ်းပန်းမှုမှ ကင်းလွတ်ခွင့် (Freedom from Torture)လည်း လုံးဝ ဆုံးရှုံးလျက်ရှိနေပါသည်။

အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူများသည် အကျဉ်းဦးစီးဌာန၏ လက်ခုပ်ထဲမှ ရေကဲ့သို့ ပြုလုပ်ချင်တိုင်း ပြုလုပ်၍ရနေသည့် အရာများမဟုတ်ဟု မိမိတို့မှ အလေးအနက် ခံယူသည်။ထို့အပြင်အားလုံးသည် အသက်၊ သွေး၊ ချွေး၊ စိတ်ခံစားချက်များနှင့် သက်ရှိလူသားများ ဖြစ်သည်။ သို့အတွက်  ဥပဒေမဲ့ လုပ်ရပ်များကို ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့်လက်အောက်ခံ အကျဉ်း‌ဦးစီးဌာနတာဝန်ရှိသူများအား အောက်ဖော်ပြပါအတိုင်း လက်တွေ့လိုက်နာဆောင်ရွက်ရန် သတိပေးလိုက်သည်။

၁။ အတင်းအဓမ္မ ထောင်ပြောင်းရွှေ့ပြီးနောက် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများအတွက်မိသားစုဝင်များပို့ဆောင်သည့် ထောင်ဝင်စာပါဆယ်များကို လက်ခံရန်နှင့် ထောင်ဝင်စာဧည့်တွေ့ခွင့် အမြန်ဆုံးပြန်လည်စီစဥ်ဆောင်ရွက်ပေးရန်

၂။ ဒိုက်ဦးအကျဉ်းထောင်အတွင်း အကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူများအား ခြွင်းချက်မရှိ တိုက်ထဲမှ ​အမြန်ဆုံး ထုတ်ပေးရန်

၃။ ဥပဒေမဲ့ ရိုက်နှက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူများကို ကောင်းမွန် လုံလောက်သည့် ဆေးဝါးကုသမှုများ ကျန်းမာရေးစောင့်ရှောက်မှုများအမြန်ဆုံး ဆောင်ရွက်ပေးရန်။

၄။ ထောင်ပြောင်းရွှေ့စဉ် သက်သေမရှိဘဲ လုပ်ကြံ၍ မတရားစွဲဆိုခံထားရသည့် မူးယစ်ဆေးမှုများအပါအဝင် ပုဒ်မအမျိုးမျိုးတပ်၍ ထပ်တိုးစွဲဆိုထားသော အမှုများအားလုံး ချက်ချင်းပိတ်သိမ်းရန်။

၅။ အကြောင်းပြချက်မခိုင်လုံဘဲ သိမ်းဆည်းထားသည့် နိုင်ငံရေးအကျဉ်းသူများ၏ အသုံးအဆောင် ပစ္စည်းများအား ပြန်လည်ပေးအပ်ရန် မိမိတို့မှ တောင်းဆိုလိုက်သည်။

နိုင်ငံတကာအစိုးရများနှင့်လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများအားမတရားညှဉ်းပန်းနှိပ်စက်မှုများကျူးလွန်နေသည့်စစ်ကောင်စီအပေါ်ပြင်းထန်ထိရောက်သည့် ဖိအားပေးမှုကို လက်တွေ့ လုပ်ဆောင်‌‌ရန် မိမိတို့မှ ထပ်မံတောင်းဆိုလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနအနေဖြင့် အထက်ပါ အချက်များအား လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက မိမိတို့၏ လုပ်ငန်းစဉ်များအတိုင်း အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို သက်ဆိုင်သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ အားလုံးနှင့်ချိတ်ဆက်ကာ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိ​ပေးလိုက်သည်။

ပူးတွဲထုတ်ပြန်သည့်အဖွဲ့များ

(၁) နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)
(၂) နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)
(၃) မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)
(၄) နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)
(၅) ထောင်ဝင်စာပို့ကြမယ်
(၆) နွေဦးတမန်နိုင်ကျဉ်းကူညီထောက်ပံ့ရေးအဖွဲ့
(၇) ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)
(၈) Eat My Heart

ဆက်သွယ်ရန်

(signal)
မဇူးဇူးမေယွန်း +66947471269
ကိုသိုက်ထွန်းဦး +959784346600

အီးမေးလ်
ကိုဂဏန်း [email protected]


PDF ဖိုင်ကိုရယူရန်