23 June 2024
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလမှ စတင်ကာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သော အမျိုးသမီးကို ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်မှ အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် အမြတ်ထုတ် ခဲ့သည်ဟု ကာယကံရှင် အမျိုးသမီးထံမှ ကြားသိရသည်။ ကျုးလွန်ခံရသူ အမျိုးသမီးသည် တရားမျှတမှု ရရှိရန်နှင့် ကျုးလွန်သူအား ထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားမှုပြုလုပ်ခဲ့သော်လည်း ဝန်ကြီးဌာနအနေဖြင့် ထိရောက်သည့် အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် ကျူးလွန်ခံရသူအမျိုးသမီးနှင့် အခြားဝန်ထမ်းနှစ်ဦးအား မတရား ရာထူးမှ ရပ်နားခဲ့သည့် လုပ်ရပ်အပေါ် မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ပြင်းထန်စွာ ရှုတ်ချသည်။
အလားတူပင် ၂၀၂၃ ခုနှစ်၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် NLD ပါတီ မြို့နယ် အလုပ်အမှုဆောင်၊ အတွင်းရေးမှူး ဦးအောင်မင်းမှ CDM ဆရာမ၏ (၅) နှစ်အရွယ်သမီးငယ်အား လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု၊ မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တိုင်ကြားခဲ့သော်လည်း ကျူးလွန်ခံရသူသည် ယနေ့အချိန်ထိ တရားမျှတမှုမရရှိသေးပေ။ ကျူးလွန်သူ ဦးအောင်မင်းကိုလည်း ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွှတ်ခွင့် ပေးလျက်ရှိသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ အခြားလက်နက်ကိုင်အဖွဲ့အစည်းများ အုပ်ချုပ်သည့် နယ်မြေဒေသတွင် ဖြစ်ပွားသော ကျား-မ အခြေပြု အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို ထိရောက်စွာ အပြစ်ပေးအရေးယူရန် ပျက်ကွက်ပြီး ကျူးလွန်သူသည် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေသည်။
စစ်တပ်မှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မုဒိမ်းမှုကိုစစ်လက်နက်သဖွယ်အသုံးပြုမှုနှင့် ကျူးလွန်သူအား ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပေးသည့် စနစ်ကို မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် ၂၅ နှစ်တိုင်တိုင် ဖော်ထုတ်ရှုတ်ချခဲ့သည်။ စနစ်နှင့် အကြမ်းဖက်စစ်တပ်ကို တော်လှန်ပြီး ပိုမိုကောင်းမွန်သော၊ တရားမျှတမှုရှိသော လူမှုအသိုင်းအဝိုင်းတရပ်ကို တည်ထောင်ရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်းများ အနေဖြင့် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပေးနေသည့် အလေ့အထ (System of Impunity) ကို ဦးစားပေးတိုက်ဖျက်သွားရန် အထူးလိုအပ်သည်။
ထို့ကြောင့် အန္ဒိယ မြန်မာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်မှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုအပါအဝင်၊ အလားတူ အကြမ်းဖက်မှုများကို ကျူးလွန်သည့် ကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးအရေးယူရန်နှင့် နစ်နာသူ အမျိုးသမီး၊ မိန်းကလေးငယ်များအတွက် အမှန် တရား၊ တရားမျှတမှု အမြန်ဖော်ဆောင်ပေးရန် မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အား လေးနက်စွာတိုက်တွန်းအပ်ပါသည်။
ဆက်သွယ်ရန်
နာင်းမို့မို့ +959 45650 8944 (Signal)
မီးငယ် +91 9366 813315 (Whats app & Phone) +959 776 438269 (Signal)
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.