အသွေးအသားရင်းကာ တော်လှန်ရေးလုပ်နေတဲ့ နိုင်ကျဉ်းမိခင်သီချင်းရှင်

June 20th, 2024  •  Author:   Honest Information  •  1 minute read
Featured image

ရှင်ငြိမ်း

အာဏာသိမ်းဖို့ကြိုးပမ်းတာကိုဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူတွေထဲမှာ“နိုင်ကျဉ်းမိခင်”သီချင်းကိုရေးဖွဲ့ခဲ့တဲ့ လူမမယ်ကလေးလေးနှစ်ယောက်ရဲ့ မိခင် ဇူးဇူးမေယွန်းလည်းပါဝင်ပါတယ်။

ဇူးဇူးမေယွန်းဟာ ဆူပူအောင် သွေးထိုးလှုံဆော်တယ်ဆိုတဲ့ပုဒ်မ ၅၀၅ – ကနဲ့ တရားစွဲခံရပြီး အင်းစိန်ထောင်မှ ပြောင်းကာ ဒိုက်ဦးထောင်မှာ ပြစ်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတဲ့နိုင်ကျဉ်းမိခင်တစ်ဦးဖြစ်ပါတယ်။

“ထောင်ကျတော့ သားလေးနဲ့ ကိုးလသမီးလေးကို အစိမ်းဖြတ်သလိုထားခဲ့ရတော့ ရင်ဘတ်တခုလုံး ဘယ်နားနာလို့နာမှန်း မသိအောင် နာကျင်ခဲ့ရတယ်။ သမီးလေးနို့ဆာလို့ အမေနို့ကြောတွေတင်းလာတိုင်း မငိုဘဲနဲ့ မျက်ရည်ကျရတဲ့မိခင်တွေရဲ့ ခံစားချက်ကို မိခင်တိုင်းနားလည်ပါတယ်။”လို့ ပြောနေတဲ့ သူ့ရဲ့မျက်ဝန်းမှာ မျက်ရည်တွေအပြည့်နဲ့ပါ။

သားသမီးကို လွမ်းတဲ့စိတ်ထောင်တွင်းနှိပ်စက်ခံရတာတွေကြောင့် စိတ်ဒဏ်ရာရခဲ့သလို ပြင်ပမှာရှိတဲ့ ၄နှစ် အရွယ်သာ ရှိသေးတဲ့သားကြီးကလည်း မိခင်ကို သတိရလွမ်းတဲ့စိတ်နဲ့ စိတ်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

“ထောင်ကျနေတဲ့ ၂ နှစ်ကျော်ကာလမှာ ကလေးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတယ်။ သားအမေကို အနားခေါ် ထားရင် သားအမေဆိုးတောင် သားသားက ထိန်းမှာပေါ့။”ဆိုတဲ့သားဖြစ်သူရဲ့စကားကို တဆင့်စကားနဲ့ သိရချိန် မှာ ဇူးဇူးမေယွန်းဟာ ထိန်းမရအောင် ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရတယ်လို့ဆိုပါတယ်။

မိခင်ကို တွယ်တာလွန်းတဲ့သားကြီးဟာ မိခင်ကို သတိရလွမ်းဆွတ်တိုင်း ကလေးသဘာဝအတိုင်း လွတ်လပ်စွာမငိုကြွေးဘဲ တစ်ယောက်ထဲ အခန်းတံခါးပိတ်ကာ ကြိတ်ငိုလေ့ရှိတယ်လို့ သူကဆက်ပြောပါတယ်။

နောက်ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့ကိုးလအရွယ် သမီးလေးကိုလည်း သူလွတ်လို့ပြန်တွေ့ကြရင်မှတ်မိပါ့မလားဆိုတဲ့ ပူပန်စိတ်ကခုထိစိတ်ဒဏ်ရာလိုဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။

ထောင်ထဲမှာ သားသမီးကို လွမ်းဆွတ်တဲ့ဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရတဲ့အချိန်မှာ ခင်ပွန်းဖြစ်သူက ကွာ ရှင်းစာချုပ်ပို့ခဲ့တဲ့အတွက် လက်မှတ်ထိုးကွာရှင်းခဲ့သလို မိသားစုကလည်း အမွေပြတ်ကြေညာခဲ့တာပါ။

ခင်ပွန်းသည်နဲ့ မိသားစုကဖူးဖူးမှုတ်ထားခံခဲ့ရတဲ့အခြေအနေကနေ ရုတ်တရက် ချစ်ခင်သူအားလုံးက စွန်ပစ်လိုက်တဲ့ ခံစားချက်က သာမာန်လူဆိုရင် ပြိုလဲသွားနိုင်တဲ့အခြေအနေပါ။

သူကတော့စိတ်ဓါတ်မာမာနဲ့ ဝါသနာပါတဲ့ အနုပညာနဲ့တစ်မျိုး၊ ဘဝတူနိုင်ငံရေးအကျဉ်းသူတွေကို ကူညီလို့တသွယ်သန်မာတဲ့အမျိုးသမီးတစ်ဦးအဖြစ် ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ တော်လှန်ရေးမိခင်တစ်ဦးဖြစ်ပါတယ်။

မန္တလေးသူဖြစ်တဲ့ ဇူးဇူးမေယွန်းဟာ အသက် ၁၈ နှစ်အရွယ်မှာ စာသင်ဖို့နဲ့ ဝါသနာပါတဲ့အဆိုတော်ဖြစ်ဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့ကိုတစ်ဦးထဲပြောင်းရွှေ့လာကာ အနုပညာရပ်ဝန်းမှာ ရှင်သန်နေထိုင်ခဲ့ပါတယ်။

သူကစာရေး၊ စာဖတ်ဝါသနာပါတာကြောင့် မဂ္ဂဇင်းတစ်ခုမှာလည်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး စာပေ နယ်ပယ်မှာလည်း ကျင်လည်ခဲ့သူတစ်ယောက်ပါ။

တကိုယ်တော် သီချင်းခွေထွက်ဖို့ ကြိုးစားနေတဲ့အချိန် အသက် ၂၂ အရွယ်မှာ အိမ်ထောင်ကျပြီး သားသမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ အိမ်ထောင်ကျတဲ့အချိန်မှာ အနုပညာအလုပ်ကို ဆက်မလုပ်တော့ဘဲ အွန်လိုင်းကနေ အစားအသောက်ရောင်းတဲ့လုပ်ငန်း လုပ်ကိုင်ရင်း မိသားစုတွေ အေးချမ်းပျော်ရွင်စွာနေထိုင်ခဲ့ကြတာပါ။

“ကျမက ငယ်ငယ်ထဲက မိဘကရော၊ ခင်ပွန်းသည်ကပါ ဖူးဖူးမှုတ်ခံရသူတွေထဲမှာပါတယ်။ အိမ်ထောင်သက် ဆယ်စုနှစ် ဝန်းကျင်လောက်က အဆင်ပြေပြေပဲ။”လို့ ဇူးဇူးမေယွန်းက ဖွင့်ဟပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ကလေးမွေးပြီးစအချိန်ဖြစ်နေတော့ ဆန္ဒပြပွဲတွေမှာမလိုက်ပါနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့မှာ ဆန္ဒပြပွဲတစ်ခုကို ဖြိုခွင်းရင်း စစ်တပ်က ရမ်းပစ်လိုက်တဲ့ ကျဉ်ဆန်က သူ့ကလေးနဲ့ ရွယ်တူ လသားကလေးရဲ့မျက်လုံးကို ထိမှန်သွားတဲ့သတင်းက လမ်းပေါ်ထွက်ဖို့ တွန်းအားတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီနေ့စလို့ ဇူးဇူးမေယွန်းဟာ ဆန္ဒပြ သပိတ်စစ်ကြောင်းတွေမှာပါဝင်ခဲ့သလို အိမ်ရှင်မတွေစုဝေးပြီး ဆန္ဒပြနေ တဲ့ ကလေးတွေကို စားသောက်ဖွယ်ရာတွေဝေငှကျွေးမွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

“စစ်တပ်က တော်လှန်ရေးလုပ်သူတွေကိုထောက်ပံ့လို့ဆိုပြီး ကျမဆီက စားသောက်စရာဝယ်သူလို ဟန်ဆောင်ပြီးဝင်ဖမ်းတာပေါ့။”လို့ သူကပြောပါတယ်။

၂၀၂၁၊ ဧပြီလဖမ်းဆီးခံရချိန်မှာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့သူ့ကို အာဏာပိုင်တွေက မြို့နယ်ရဲစခန်ကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါတယ်။ နောက်နေ့မှာ ရွှေပြည်သာစစ်ကြောရေးမှာ တပတ်ကြာဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

“စစ်ကြောရေးဆိုတာကလည်း တကယ့်လူ့ငရဲခန်းပါပဲ။ ရောက်တဲ့နေ့မှာ အိမ်သာရေတွေချိုးခိုင်းတယ်။ သူတို့ချိုးတဲ့ ရေကို သောက်ရတာရှိတယ်။ ပြီးရင် ခွေးကတက်လိုနေရာတွေမှာ အိပ်ခဲ့ရတယ်။ အဲ့ဒီအချိန်က အရမ်းဆိုးဝါး  လွန်းတဲ့အချိန်ပေါ့။” လို့ ဇူးဇူးမေယွန်းက ဆိုပါတယ်။

သူဖမ်းဆီးခံရချိန်က စစ်တပ်ကပြည်သူတွေကို အိမ်တွေထဲ အတင်းဝင်ရောက်ဖမ်းဆီးသွားပြီး နောက်နေ့မှာ အလောင်းလာထုတ်ခိုင်းတဲ့ဖြစ်စဉ်တွေကြောင့် သူ့ကိုယ်သူလည်း သေလူအဖြစ်မှတ်ယူထားခဲ့တာပါ။

“တဖက်မှာလည်း ငါ့သား၊ ငါ့သမီးအဆင်ပြေပါ့မလားဆိုတဲ့စိုးရိမ်ပူပန်စိတ်၊ သမီးလေးကို ၉ လနဲ့ထားခဲ့ရတော့ ငါ့ ကို ငါ့ သမီးလေးက ပြန်ရောက်ရင် မှတ်မိပါ့မလားဆိုတဲ့စိတ်က ထရော်မာလို့ဖြစ်သွားတယ်။”လို့ သူက ရင်ဖွင့်ပါ တယ်။

စစ်ကြောရေးမှာ အပြင်းအထန် ရိုက်နှက်ခံရတာမရှိပေမယ့် သားသမီးကို စိတ်ပူတာ၊ သမီးလေးကြောင့် နို့ကြော တွေတင်းတဲ့ဝေဒနာကို အပြင်းအထန်ခံစားရတဲ့အတွက် အဖျားဝင်ပြီး သတိလစ်သွားခဲ့ရပါသေးတယ်။

စစ်ကြောရေးမှာ တပတ်ကြာနေခဲ့ရတဲ့အချိန်မှာလည်း စစ်တပ်က မတရားစွပ်စွဲပြီး ဖမ်းဆီးလာသူတွေထဲမှာ အ သက် မပြည့်သေးတဲ့အမျိုးသမီးတွေလည်း ပါဝင်နေခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒီအမျိုးသမီးလေးတွေဟာသံ ပုံးတီးမှု၊ လက်နက်မှုစတဲ့အမျိုးစုံသော စွတ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရတဲ့သူတွေဖြစ်ပါတယ်။

“စစ်ကြောရေးရောက်ရင် အရင်ဆုံးသူတို့က ဦးကျိုးသွားအောင် ပုံစံပေးတယ်။ လူတစ်ယောက်ရဲ့အရှက်သိက္ခာ ကိုယ် ကျင့်တရားစတာတွေကို အကုန်ရိုက်ချိုးပစ်တာ။ အဲ့ဒီမှာဆို မုဒိန်းကျင့်ခံခဲ့ရတဲ့ အမျိုး သမီးလေးတွေလည်း တွေ့ခဲ့ရတယ်။ လက်နက်မှုနဲ့ ဖမ်းလာတဲ့အမျိုးသမီးလေးတွေကိုလည်း အသေနှိပ်စက်ခံရတယ်။”လို့သူကဆိုပါ တယ်။

သူကတော့ သူများလိုရိုက်နှက်မခံရပေမယ့် တခြားသူအရိုက်ခံရတာ အသံကြားတိုင်း ကိုယ်တိုင် အရိုက်ခံနှိပ် စက်ခံရသလို နာကျင်ခဲ့ရတယ်လို့ ပြောပါတယ်။ စစ်ကြောရေးကာလမှာ သားသမီးကို လွမ်းဆွတ်တဲ့စိတ်ကို နာ ကျဉ်စရာတွေနဲ့ ဖြေသိမ့် ခဲ့တာဖြစ်ပါတယ်။

တပတ်လောက် စစ်ကြောရေးမှာနေပြီး နောက်နေ့မှာ အင်းစိန်ထောင်ကို ပို့ခံခဲ့ရပါတယ်။ ထောင်ရောက်တော့ လည်း နိုင်ငံ ရေးအကျဉ်းသားအခွင့်အရေးတွေဆုံးရှုံးခဲ့ရပြန်ပါတယ်။ အင်းစိန်ထောင်ရောက်တော့ စစ်တပ်က သူ့ ကို ၅၀၅-ကနဲ့ တရားစွဲတဲ့အတွက် အမှုရင်ဆိုင်ခဲ့ရတယ်။

“ထောင်ရောက်တော့လည်း စိတ်ပိုင်းဆိုင်ရာစော်ကားခံရတယ်။ ထောင်ဝန်ထမ်းတွေက အကျဉ်းသူတွေကို ခိုင်း တယ်။ နောက် တံမြက်စည်းလို သန့်ရှင်းရေးသုံးပစ္စည်းတွေကို အကျဉ်းသူတွေကဝယ်ပေးရတယ်။ ရုံးဝင်ထွက် လည်း လုံခြုံရေးဆိုပြီး တကိုယ်လုံးချွတ်ရှာတယ်။”လို့ ဇူးဇူးမေယွန်းက ပြောပါတယ်။

ထောင်တွင်း အစားအစာတွေမသန့်ရှင်းတာ၊ လူအများနဲ့ ပြွတ်သိပ်နေထိုင်ရတာ၊ ရေကို ခွက်ရေသတ်မှတ် ချိုး ရတာ၊ အိမ်သာမလုံလောက်တာ၊ ပို့တဲ့ပါဆယ်တွေမရောက်တာစတာတွေကိုလည်း အများနည်းတူ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

“မိုးတွင်းဆို မိုးစိုထဲ ဒီအတိုင်းနေရတယ်။ အင်္ကျီတွေက မခြောက်တော့ ဒါပဲထပ်တလဲလဲဝတ်ရတယ်။ အဲ့မှာ ယား နာတွေ၊ ဝဲတွေပေါက်တော့တာပဲ။”လို့ သူကရှင်းပြပါတယ်။

ဆေးဝါးကုသခွင့်ရဖို့က ကျားဖင်ထဲလက်နှိုက်ရသလို ခက်ခဲတာကြောင့် တချို့လည်း ဝေဒနာကိုကြိတ်မှိတ်ခံစား ပေမယ့် မခံစားနိုင်တော့တဲ့အဆုံးမှာတော့ ထောင်ဖောက်ပြေးတာတွေလည်းရှိတယ်လို့ ရှင်းပြပါတယ်။

ဒီအဖြစ်အပျက်တွကို ပြည်သူသိဖို့နဲ့ အကျဉ်းသူတွေစိတ်ခွန်အားရဖို့ ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အ ကြောင်းကို မီးသွေးခဲနဲ့ သီချင်းတွေရေးနေခဲ့တာဖြစ်ပါတယ်။

“သံတိုင်နောက်က တို့ဘဝတွေကမ်းလှမ်းမယ့် လက်တွေကို မျှော်လင့်ရင် အချိန်တွေကုန်လွန်ကာ နေခဲ့ ….

ငါတို့အနာဂါတ် ငါတို့ မျှော်လင့်ချက် မြန်မာအမျိုးကောင်းသားသမီးတွေမှာ အစဉ်လာရှိတဲ့ သွေးသစွာ ကမ္ဘာတည်မြဲ…”

ဆိုတဲ့စာသားတွေနဲ့အဲ့ဒီအချိန်ကဖိနှိပ်ခံနိုင်ငံရေးအကျဉ်းသားတွေရဲ့အကြောင်း ရေးဖွဲ့ထားတဲ့“သံတိုင်နောက်က တွဲလက်များ” ဆိုတဲ့ တော်လှန်ရေးသီချင်းက လူထုကြားမှာပျံနှံခဲ့တဲ့သီချင်း တပုဒ်ဖြစ်လာခဲ့ပါတယ်။

“ထောင်ထဲမှာ စိတ်ဓါတ်မကျမိအောင်လို့ ဝါသနာပါတဲ့သီချင်းတွေရေးတယ်။ စာတွေရေးတယ်။ အဲ့ဒါကြောင့် ထောင်ထဲမှာ စောင့်ကြည့်တာ၊ လူစုခွဲတာတွေခံခဲ့ရတယ်။”လို့ဆိုပါတယ်။

စောင့်ကြည့်ခံရသူဖြစ်တာကြောင့် ၅၀၅ အမှုနဲ့ ၃ နှစ်ပြစ်ဒဏ်ချမှတ်ခံရတော့ သူ့ကို အာဏာပိုင်တွေက ဆိုးသွမ်း သူ အနေနဲ့ အင်းစိန်ထောင်ကနေ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။

အကျဉ်းထောင်တွေရဲ့လုပ်ရိုးလုပ်စဉ်အရ ထောင်ပြောင်းလာသူတွေဟာ ပြစ်ဒဏ်တိုက်ထဲမှာ ၃ ပတ်နေကြရတာ ဖြစ်ပါတယ်။ အမှောင်ကြောက်တတ်တဲ့သူ့အတွက် ၃ ပတ်ဟာ ၃ ကမ္ဘာလောက်ကြာခဲ့ပြီး အဲ့ဒီမှာလည်း စိတ်ဒဏ် ရာအကြီးအကျယ်ရခဲ့ကြောင်း ဇူးဇူးမေယွန်းက ပြောပါတယ်။

“ကျမက အမှောင်ကြောက်တတ်တဲ့သူဆိုတော့ ပြစ်ဒဏ်တိုက်မှာနေရတော့ မမြင်ရတဲ့အရာတွေ မယုံကြည်ခဲ့တဲ့ အရာတွေ ကို မျက်မြင်ကိုယ်တွေ့ကြုံရတော့ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်လာတာပေါ့။”လို့ သူကရှင်းပြပါတယ်။

ထောင်ထဲမှာလည်း သားသမီးတွေကို မတွေ့လို့ အသက်ကြီးပိုင်းမိဘတွေကို ဖမ်းခေါ်လာကာ နှိပ်စက်ခံရတာတွေ မြင်ရတိုင်း စိတ်မကောင်းဖြစ်ရသလို စစ်အာဏာရှင်ကိုလည်း  နာကျဉ်းမုန်းတီးနေခဲ့တာဖြစ်ပါတယ်။

“လူကြီးတွေကို နှစ်သိမ့်ပေးဖြစ်တယ်။ လူငယ်တွေနဲ့လည်း စည်းစည်းလုံးလုံးတိုင်ပင်ဖြစ်တယ်။ ကျန်းမာရေး က အစ တတ် နိုင်တဲ့ အပိုင်းတွေမှာ လုပ်ဆောင်ပေးဖြစ်တယ်။ ဒါတွေနဲ့ ထောင်ထဲမှာ ရှင်သန်ခဲ့တယ်။”လို့ ပြောပါ တယ်။

ထောင်ထဲနေရစဉ်တလျှောက်လုံး သူအချိန်ရရင် ရသလို ဝါသနာပါတဲ့သီချင်းတွေကိုရေးရင်း စိတ်ပင်ပန်းမှုတွေ ကိုဖြေဖျောက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ၂ နှစ်ကျော်အကျဉ်းကျပြီးနောက် ၂ဝ၂၃ မေလ ၃ ရက်မှာ ပြန်လွတ်လာ ခဲ့ပါတယ်။

လွတ်လာပေမယ့် တော်လှန်ရေးမှာ ဆက်လက်ပါဝင်ချင်တာစောင့်ကြည့်ခံရတာတွေ၊ ပြန်လည်ဖမ်းဆီးခံရတာ တွေရှိလို့ သားသမီးတွေကို မတွေ့ရဘဲ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို တိမ်းရှောင်လာခဲ့ရပါတယ်။

မဲဆောက်ရောက်တဲ့အခါမှာ အရာရာသူမျှော်လင့်သလိုမဖြစ်တာတွေနဲ့ ထောင်ထဲက ရခဲ့တဲ့စိတ်ဒဏ်ရာတွေ ကြောင့် ပြိုလဲ မလိုဖြစ်ခဲ့ပေမယ့် သားသမီးမျက်နှာပြန်မြင်ရင်း စိတ်အားတင်းခဲ့ရတယ်လို့ ဇူးဇူးမေယွန်းက ဆိုပါ တယ်။

ဒါပေမဲ့ အဆိုးထဲက အကောင်းလို့ပြောမလား။ဘဝရပ်တည်ရေးအတွက် အလုပ်တစ်ခုရရှိခဲ့ပြီးလစာကို သူ့ကိုယ် ရေးကိုယ်တာအတွက် အနည်းငယ်သုံးပြီး ကျန်တာတွေကို ဘဝတူနိုင်ငံရေးအကျဉ်းသားတွေကိုထောက်ပံ့ ကူ ညီ ပေးနေခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးနိုင်ကျဉ်းတွေကို ကူညီပေးဖို့ ရည်ရွယ်ပြီး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသူ တွေနဲ့စုပေါင်းဖွဲ့စည်းထားတဲ့“နိုင်ငံရေးအကျဉ်းသူများအဖွဲ့”မှာလည်းသူက ဦးဆောင်သူအနေနဲ့ပါဝင်နေပါတယ်။

“ထောင်ဝင်စာခက်ခဲတဲ့အမျိုးသမီး နိုင်ကျဉ်းတွေကို ထောက်ပံ့ဖို့တစ်ယောက်ထဲ အားဆိုတာထက် အများအား နဲ့ဆိုရင် ပိုပြီး ထိထိရောက်ရောက်ကူညီပေးနိုင်မယ်ဆိုပြီး ဖွဲ့လိုက်တာပေါ့။”လို့ မဇူးဇူးမေယွန်းက ပြောပါတယ်။

တကယ်တော့ ဒီအဖွဲ့လေးက သူတို့ဝင်ငွေအားတစ်ခုထဲနဲ့ ရပ်တည်နေတာမဟုတ်ပါ။ ပြည်တွင်း ပြည်ပကမြန်မာ နိုင်ငံသားတွေရဲ့ကူညီပံ့ပိုးမှုတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေက ထောင်ထဲမှာနေထိုင်စားသောက်ဖို့ အရမ်းခက်ခဲကြတယ်။ ကျန်ခဲ့တဲ့မိသားစုတွေ ကမပို့နိုင်တာ များတယ်။ အဲဒီထဲမှာ ပါဆယ်မလာ၊ ဈေးဘားမလာ၊ ဆေးဝါးကုသခွင့်မရတာမျိုး၊ အဲဒါတွေ ထောက်ပံ့မှုတွေလည်း လုပ်နေပါတယ်။ အဓိကက သူတို့လွတ်မြောက်ဖို့၊ ထောင်ဝင်စာတွေ့ခွင့်ရဖို့၊ လစဉ်ကမ် ပိန်းပုံစံမျိုးနဲ့ လုပ်ပါတယ်။”လို့ သူက ရှင်းပြပါတယ်။

ဒီအတွက် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူတွေ တစ်ယောက်မကျန်လွတ်မြောက်ဖို့နဲ့ တော်လှန်ရေးနိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ဇူးဇူးမေယွန်းက ကတိပေးစကားဆိုပါတယ်။

အခုဆိုရင် သူလွတ်မြောက်လာတာ ၈ လနီးပါးရှိပြီဆိုပေမယ့် ရခဲ့တဲ့စိတ်ဒဏ်ရာကြောင့် လူအများကြား မနေရဲ တာ၊ အသံ ဆူတာတွေကြောက်တာ၊ ထိတ်လန့်တာတွေကို ခံစားနေရဆဲဖြစ်ပါတယ်။

“စိတ်ဓါတ်ကျတာ၊ ဝမ်းနည်းတာတွေဖြစ်လာရင် ငါတို့အကူအညီတွေကို မျှော်လင့်နေသူတွေရှိသေးတယ်။ တိုက်ပွဲတွေမှာ အသက်ပေးလိုက်ရတဲ့ပြည်သူတွေ၊ ကလေးငယ်တွေ သူတို့လေးတွေအကြောင်းတွေးရင်း ငါ လုပ် နိုင်သေးတယ်လို့ အားပေးဖြစ်တယ်။”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဇူးဇူးမေယွန်းဟာ သားသမီးကို သတိရမိတဲ့အခါတိုင်းသူကိုယ်တိုင်ရေးစပ်ထားတဲ့“နိုင်ကျဉ်းမိခင်”ဆိုတဲ့ သီချင်းကိုသီဆိုရင်း လွမ်းတာတွေကိုဖြေဖျောက်နေခဲ့တာပါ။

ဒီသီချင်းကို ဒိုက်ဦးထောင်ထဲမှာရေးသားခဲ့တာဖြစ်ပြီး အကျဉ်းသူတွေ အားတက်စေဖို့ ရည်ရွယ်ရေးဖွဲထားတဲ့ သီချင်းပါ။အကျဉ်းသူတွေ တိုက်ပိတ်ခံရတိုင်း ဒီသီချင်း အော်ဆိုပြီး အားယူခဲ့ရတဲ့သီချင်းဖြစ်ပါတယ်။

ဇူးဇူးမေယွန်းဟာ တစ်ယောက်တည်းမဲဆောက်မှာ ဘာသာစကားကအစ နေထိုင်စားသောက်မှုအဆုံး အရာအရာ မတူညီတဲ့ လူ့အသိုင်းအဝိုင်းမှာ နေထိုင်ရတာကြောင့် စိတ်ဒဏ်ရာတွေ အထီးကျန်မှုတွေကို သူများထက်ပိုခံစား နေရတာပါ။

“တခါတလေ သားသမီးကို လွမ်းတဲ့စိတ်နဲ့ ဒီအချိန်မှာ ငါ့သားနဲ့ သမီးကို ၃ မိနစ်လောက်လေး ရင်ခွင်ထဲထားထား ရင်တော်လှန်ရေးမှာ ဆက်ပြီးတော့ အများကြီးလုပ်ဆောင်နိုင်မယ်လို့တွေးဖြစ်တယ်။”လို့ သူ့ခံစားချက်ကိုပြောခဲ့ ပါတယ်။

အကြမ်းဖက်စစ်တပ်ကတော့ ပြည်သူတွေကို မတော်လှန်နိုင်အောင် သူတို့ကို ကြောက်ရွံ့နေအောင်ဆိုပြီး နည်း မျိုးစုံနဲ့ မတရားဖမ်းဆီးအကျဉ်းချကာ လူတစ်ယောက်ရဲ့ခံယူချက်တွေ၊ စိတ်ဓါတ်တွေကို ပျက်ပြားသွားအောင် ရိုက်ချိုးပစ်နေတာဖြစ်ပါတယ်။

သို့သော် ပြည်သူတွေကတော့ စစ်တပ်အနေနဲ့ သူတို့အပေါ်ဘယ်လောက်ပဲရက်စက်ကြမ်းကြုတ်နေပါစေ။ မုဒိမ်း ကျင့်လူသတ်နေပါစေ။ ကျေးရွာတွေကို မီးရှို့နေပါစေ။ ကြောက်စိတ်မရှိဘဲ တွန်းလှန်နေကြတယ်ဆိုတာ လက်ရှိ အချိန်ထိ တော်လှန်နေတဲ့ ပြည်သူတွေရဲ့လုပ်ရပ်တွေက သက်သေခံလျှက်ရှိပါတယ်။


View the original