29 May 2024
Photo: PV
ရှေ့ပြေးအသံအဖွဲ့ (Prograssive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာနှင့် ဆက်သွယ်မေးမြန်းချက်
“မဟုတ်ဘူးလို့ ငြင်းနေတာထက်စာရင် သူများက ဟုတ်တယ်လို့ပြောနေတဲ့ဥစ္စာမှာ သူတို့ဘက်က တာဝန်ယူမှု တာဝန်ခံမှုကို နိုင်ငံရေးအရ ဦးဆောင်သူတွေက သေချာလုပ်ပေးလိုက်ရင် ဖြစ်သွားတာကို တာဝန်ယူပေးရမယ် ပေါ့နော်။ ကျမတို့အပြုသဘောနဲ့ တင်ပြတဲ့ဟာကို သူတို့ဘက်က အပြုသဘောဆောင်ပြီး မြင်နိုင်တယ် ဆိုရင်တော့ အဖြေထွက်မှာပါ” ဒေါ်ခင်ဥမ္မာ – ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ရခိုင်ဒေသနေ ရိုဟင်ဂျာများနှင့် အာရက္ခတပ်တော် (ULA/AA) အကြား လူမျိုးရေး သွေးကွဲရန် တကျော့ပြန်လုပ်ဆောင်နေသောကြောင့် AA အနေဖြင့် ရိုဟင်ဂျာများအား စစ်ပွဲပစ်မှတ် မထားရေးနှင့် ကျုးလွန်သူများကိုလည်း စုံစမ်းဖော်ထုတ် အရေးယူရေးတို့ကို တော်လှန်ရေးတက်ကြွလှုပ်ရှားသူ အရပ်ဖက်အဖွဲ့ ၁၉၅ ဖွဲ့က မေလ ၂၂ ရက်နေ့တွင် ပူးတွဲထုတ်ပြန်တောင်းဆိုခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စစ်ကောင်စီက အကြမ်းဖက်မှုများရှိနေကြောင်း ဖော်ပြထားသလို အာရက္ခတပ်တော် (AA) သည် ရိုဟင်ဂျာများကို ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် AA တပ်ဖွဲ့ဝင်များက ကျူးလွန်နေကြောင်း စွပ်စွဲခံထားရသော ကိစ္စရပ်များ ရှိနေသည်ဟု ဖော်ပြပါရှိသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့၏ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အခြေအနေများနှင့် ပတ်သက်၍ ပူးတွဲထုတ်ပြန်ချက်သည် မှားယွင်းသော တဖက်သတ်စွပ်စွဲချက်ဖြစ်ပြီး မြေပြင် အချက်အလက်များနှင့် ကွဲလွဲနေသည့်အပြင် အခြေအမြစ်မရှိသည့် တဖက်သတ်စွပ်စွဲချက်များနှင့် နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေသည့် အသုံးနှုန်းများကို ထည့်သွင်းရေးသားထားသဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း မေလ ၂၄ ရက်နေ့တွင် ပြန်လည်တုံ့ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။
ထို့အပြင် အရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့တွင် မိခင်အဖွဲ့အစည်း၏ သဘောထားဆန္ဒမပါဘဲ အမည်ထည့်သွင်း ခံထားရခြင်း၊ အဖွဲ့အစည်း၏ တရားဝင်ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ အမည်စာရင်း ထည့်သွင်းဖော်ပြခံရခြင်း၊ လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် အသုံးချခံခဲ့ရသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အချို့မှ နိုင်ငံရေးအရ အဖွဲ့အစည်း အမည်ကို အသုံးချဖော်ပြခဲ့ခြင်းများရှိကြောင်း ULA/AA ၏ မေလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။
AA ၏ ထိုသို့တုံ့ပြန်သည့် ထုတ်ပြန်ချက်အပေါ် အရပ်ဖက်အဖွဲ့ ၁၉၅ ဖွဲ့တွင် ပါဝင်ပြီး အဖွဲ့ကိုယ်စား ပြောခွင့်ရ လည်းဖြစ်သည့် ရှေ့ပြေးအသံအဖွဲ့ (Prograssive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး။ ။ AA ဘက်ကဒီ ၁၉၅ ဖွဲ့ထဲမှာ တချို့က ခွင့်ပြုချက်မပေးဘဲ နာမည်ပါသွားတာဖြစ်တယ်လို့ ဆိုထားတဲ့အပေါ်မှာ ဘာများပြောချင်ပါလဲ။
ဖြေ။ ။ ကျမတို့ Statement မှာ လက်မှတ်ထိုးတဲ့ အဖွဲ့အစည်းတွေက သူတို့အဖွဲ့အစည်းရဲ့ မူနဲ့ ပေါ်လစီနဲ့ ကိုက်လို့ လက်မှတ်ထိုးကြတာပေါ့နော်။ ဒါပေမဲ့ လက်မှတ်ထိုးပြီးတော့မှ တစ်ဖွဲ့ကတော့ သူတို့သဘောဆန္ဒနဲ့သူတို့ ပြန်ထွက်ပါတယ်။ အဖွဲ့တွင်း ဆက်သွယ်ရေး လွဲမှားမူအရ အဖွဲ့နာမည်ပါခြင်း မပါခြင်းကိစ္စမှာ အခက်အခဲတွေ ဘာတွေရှိတယ်နဲ့ တူပါတယ်။ ဒါပေမဲ့ ကျမတို့အဖွဲ့ အပါအဝင် ဒီ ထုတ်ပြန်ချက်ကို သဘောတူလို့ လက်မှတ်ထိုးတာဖြစ်တယ်။
ဒီ Statement မှာပါတဲ့ အကြောင်းကို ကြည့်ပြီးတော့မှ လူ့အခွင့်အရေးအရ လူသားဆန်မှု အပေါ်မှာ ရပ်တည်တဲ့ အနေနဲ့ တရားမျှတမှု၊ တာဝန်ယူ တာဝန်ခံမှုအပေါ်မှာ ကျမတို့ရဲ့ရပ်တည်ချက်အတိုင်း ကျမတို့လက်မှတ်ထိုးတာ ဖြစ်တယ်။ ကိုယ့်အဖွဲ့အစည်းတွေရဲ့ တရားမျှတမှု တာဝန်ယူမှုတာဝန်ခံမှုအပေါ်မှာ အဖွဲ့အများစုက ရှိနေကြ တာပါ။ ပြီးတော့ လက်မှတ်ပါဝင်ထိုးကြတဲ့ အဖွဲ့အစည်းတွေက သူတို့သဘောဆန္ဒနဲ့ သူတို့ပါဝင်ကြတာ ဖြစ်တယ်။ ဆရာခိုင်သုခတို့ ပြောထားသလို ကျမတို့က အဲဒီအဖွဲ့အစည်းတွေက မသိဘဲနဲ့ စာရင်းထည့်ထားတဲ့အဖွဲ့ တစ်ဖွဲ့မှ မရှိပါဘူး။
မေး။ ။ ၁၉၅ ဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ပါဝင်ကြတဲ့အဖွဲ့တွေက ဘယ်လိုအဖွဲ့မျိုးတွေပါလဲ။
ဖြေ။ ။ လက်မှတ်ထိုးတဲ့အဖွဲ့တွေက နိုင်ငံတကာမှာရော မြေပြင်မှာပါ ကူနေတဲ့အဖွဲ့တွေ၊ အကြမ်းဖက် မြန်မာစစ်အုပ်စုကို ဆန့်ကျင်တော်လှန်တဲ့အဖွဲတွေ၊ စစ်ဘေးရှောင်တွေ အပါအဝင် ကိုယ့်လူထုလိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းနေကြတဲ့ အဖွဲ့တွေပါ။ သူတို့ယုံကြည်ချက် သဘောထားခံယူချက်တွေနဲ့ ပါဝင် လက်မှတ်ထိုးကြတာပါ။
မေး။ ။ AA ဘက်က သူတို့ကို မတရားစွပ်စွဲထားတဲ့ အချက်တွေပါတယ်လို့ ပြောထားတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ အဲဒီမှာ AA ကို မတရားစွပ်စွဲထားတယ်တို့ ဘာတို့ဆိုတာက ကျမတို့ရေးထားတဲ့အတိုင်း သတင်းမီဒီယာ နဲ့ မျက်မြေသက်သေတွေရဲ့ အပြောအရဆိုရင် ဒီလိုတွေရှိတယ်။ ဘူးသီးတောင် မီးရှို့တဲ့ကိစ္စဆိုရင်လည်း နိုင်ငံတကာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး စသဖြင့် သက်သေမှတ်တမ်းတွေ ဘယ်နေ့ ဘယ်အချိန် ဆိုတာကအစ ဒါတွေက ညာလို့ရတာမဟုတ်ဘူး။ မြေပြင်ပေါ်မှာ ကိုယ့်အိမ်ကထွက်သွားခိုင်းလို့ ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာတွေအနေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ သတင်းတွေမှာ အကုန်ပါ ပြီးသား။ ဆိုတော့ ကျမတို့က AA ဟာ တော်လှန်ရေးအင်အားစုထဲမှာ အင်အားကောင်းတဲ့ အင်အားစုဖြစ်တယ်။
ရခိုင်မှာလည်း စစ်အုပ်လက်အောက်ကနေ လွတ်မြောက်ပြီးတော့မှ ကိုယ့်ကံကြမ္မာကိုယ်ပြဌာန်းတဲ့ ဒေသတစ်ခု အနေနဲ့ ဒေသတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုအားလုံး၊ လူနည်းစု ဘာသာရေး၊ လူမျိုးရေး အရ ဘယ်သူကိုမှ ကျောသားရင်သားမခွဲဘဲ စောင့်ရှောက်မှု၊ လုံခြုံမှုပေးဖို့ AA ကို တိုက်တွန်းတယ်ပေါ့။ ဒါပေမဲ့ မီဒီယာတွေမှာ မျက်မြင်သက်သေတွေအရ ဖြစ်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေကကြတော့ နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေစိုးမိုးမှုအရ အုပ်ချုပ်ထားနိုင်တဲ့ တော်လှန်ရေးတပ်ကြီးကို ဦးဆောင်သူတွေက တာဝန်ယူပြီးတော့ ဒီအခြေအနေကို သူတို့ဖြေရှင်းပေးရမယ်။ ကျမတို့က စွပ်စွဲနေတယ်ဆိုတာမျိုး ပြန်မငြင်းဘဲနဲ့ ဒါတွေက မြေပြင်မှာ ဟုတ်လားမဟုတ်လား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု အဖွဲ့တွေဖွဲ့ပြီး စုံစမ်းရမယ်။ ပြီးတော့ နိုင်ငံတကာ သတင်းမီဒီယာတွေကို ပေးပြီးဝင်မယ်ဆိုရင် ဒါတွေက အဖြေပေါ်ပါတယ်။
မေး။ ။ ဒေါ်ခင်ဥမ္မာတို့အနေနဲ့ AA ဘက်က တာဝန်ရှိသူတွေကို ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာများထောက်ပြ ပြောချင်ပါလဲ။
ဖြေ။ ။ ၁၉၉၀ ကျော်တုန်းကဆိုရင်လည်း မြန်မာစစ်တပ်က ကရင်မှာမီးရှို့တယ်။ ကျမတို့သက်သေတွေ မှတ်တမ်းတွေနဲ့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဆီက ပြေးလာရတဲ့အကြောင်း မှတ်တမ်းတွေကို ကျမတို့ ကုလသမဂ္ဂကို တင်တယ်။ စစ်အုပ်စုကလည်း မဟုတ်ဘူးလို့ ငြင်းတယ်။ တောက်လျှောက်ပဲ နောက်ဆုံး ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်တဲ့ ၂၀၁၇ အထိက သူတို့လုပ်တာကို မလုပ်ဘူးလို့ ငြင်းကြတယ်။ အဲဒီတော့ ဒါတွေကို ကျမတို့က စွပ်စွဲတယ်ဆိုပြီးတော့မှ အချင်းချင်း အပြန်အလှန် ပြောနေရမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ လူသားတွေနဲ့ ပတ်သက်တဲ့ကိစ္စ ဖြစ်တဲ့အတွက် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချပ်ရေးအရ လုပ်နေတဲ့ AA က သေချာလေး စုံစမ်းစစ်ဆေးပေးမယ်ဆိုရင် သူတို့ရဲ့ဂုဏ်သိက္ခာလည်း ကောင်းသွားမယ်လေနော်။
မဟုတ်ဘူးလို့ ငြင်းနေတာထက်စာရင် သူများက ဟုတ်တယ်လို့ ပြောနေတဲ့ဥစ္စာမှာ သူတို့ဘက်က တာဝန်ယူမှု တာဝန်ခံမှုကို နိုင်ငံရေးအရ ဦးဆောင်သူတွေက သေချာလုပ်ပေးလိုက်ရင် ဖြစ်သွားတာကို တာဝန်ယူပေး ရမယ်ပေါ့နော်။ ကျမတို့ အပြုသဘောနဲ့ တင်ပြတဲ့ဟာကို သူတို့ဘက်က အပြုသဘောဆောင်ပြီး မြင်နိုင်တယ် ဆိုရင်တော့ အဖြေထွက်မှာပါ။ AA အနေနဲ့ ကျမတို့ စုပေါင်းထုတ်ပြန်ချက်မှာ ပါတာတွေက မဟုတ်မမှန်ဘူး။ တဖက်သတ် စွပ်စွဲခံရတာ ဆိုရင်လည်း လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေ သတင်းရယူနိုင်မှု ခွင့်ပေးခြင်း အပါအဝင် ကျမတို့အားလုံးကို တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်မှု ပြစေချင်ပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.