အရပ်ဖက် ၁၉၅ ဖွဲ့၏ ရခိုင်အရေးထုတ်ပြန်ချက်ကို AA ကန့်ကွက်

25 May 2024

အရပ်ဖက် ၁၉၅ ဖွဲ့၏ ရခိုင်အရေးထုတ်ပြန်ချက်ကို AA ကန့်ကွက်

ပုံအညွှန်း − ဘူးသီးတောင်မှ ရိုဟင်ဂျာ ၇၀၀၀ ခန့် မေလ ၈ ရက်နေ့က AA ထံခိုလှုံကြစဉ်။ ဓာတ်ပုံ − AA – HDCO

ဂျူချန်း

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်မြောက်ပိုင်းမှအခြေအနေများနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့၏ပူးတွဲထုတ်ပြန်ချက်သည် မြေပြင်အချက်အလက်များနှင့်ကွဲလွဲနေပြီး အခြေအမြစ်မရှိသည့် တဖက် သတ်စွပ်စွဲချက်များနှင့် နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေသည့် အသုံးနှုန်းများကို ထည့်သွင်းရေးသား ထားသဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က မေလ ၂၄ ရက်နေ့ တွင် ထုတ်ပြန်သည်။

ယင်းအရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့တွင် မိခင်အဖွဲ့အစည်း၏ သဘောထားဆန္ဒမပါဘဲ အမည်ထည့်သွင်း ခံထားရခြင်း၊ အဖွဲ့အစည်း၏ တရားဝင်ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ အမည်စာရင်း ထည့်သွင်းဖော်ပြခံ ရခြင်း၊ လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် အသုံးချခံခဲ့ရသည့်အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်အချို့မှ နိုင်ငံရေး အရ အဖွဲ့အစည်းအမည်ကို အသုံးချဖော်ပြခဲ့ခြင်းများရှိကြောင်း ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“တချို့အဖွဲ့တွေနဲ့ ကျနော်တို့စကားပြောပြီးပါပြီ။ တချို့မသိလိုက်တဲ့အဖွဲ့တွေရှိသလို၊ တချို့က အဲဒီထုတ် ပြန်ချက်ကို သဘောထားမပို့ပေးလိုက်ရဘဲ ထုတ်ပြန်ချက်မှာ နာမည်ပါသွားတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ တချို့ကတော့ အဖွဲ့အစည်းရဲ့သဘောထားကိုညှိနှိုင်းပြီး အကြောင်းပြန်မယ်ဆိုပြီး သဘောထားမပေး လိုက်ရတဲ့အဖွဲ့တွေလည်းရှိပါတယ်၊ တချို့က အဖွဲ့အစည်းတခုလုံးရဲ့သဘောထားမဟုတ်ဘဲ လူတဦး တယောက်ရဲ့ ဆန္ဒနဲ့ပါသွားတဲ့အဖွဲ့တွေလည်း တွေ့ရပါတယ်။ အဖွဲ့အစည်းတွေရဲ့နာမည်အတိအကျကို တော့ အဲဒီအဖွဲ့တွေရဲ့ဆန္ဒအရ ဒီနေရာမှာထုတ်ပြောဖို့မသင့်တော်ပါဘူး”ဟု ULA/AA ပြောခွင့်ရ ဦးခိုင်သုခ ကမဇ္ဈိမကို ပြောသည်။

ထို့ပြင် ULA/AA နှင့် ခင်မင်ရင်းနှီးသော အဖွဲ့အစည်းများကြားတွင် အပြန်အလှန်နားလည်မှုလွဲခြင်း၊ ယုံ ကြည်မှုပျက်ပြားခြင်း၊ စိတ်ဝမ်းကွဲခြင်းမှရှောင်ရှားနိုင်ရန် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အခြေအနေ အကျိုးအကြောင်း ရှင်းလင်းစွာမသိဘဲ ဖော်ပြခံရသည့် အဖွဲ့အစည်းများရှိပါက မည်သည့်အတွက်ကြောင့် ပါဝင်ခဲ့ရသည်ကို ရှင်းလင်းချက်ထုတ်ပြန်ပေးရန်လည်း ULA/AA က တောင်းဆိုထားသည်။

ယင်းအကြောင်းအရာနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့ တွင်ပါဝင်သည့် သွေးစွန်းငွေဖြတ် တောက်ရေး လှုပ်ရှားမှု၊ မြန်မာ့ဒီမိုကရေစီကာကွယ်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် ရှေ့ပြေးအသံအဖွဲ့ထံသို့ အီးမေးလ်ဖြင့် မေးမြန်းထားသော်လည်း တစုံတရာ အကြောင်းပြန်ခြင်းမရှိသေးပေ။

မေလ ၂၂ ရက်နေ့က အရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့မှ စုပေါင်းကာ ရခိုင်ဒေသအခြေအနေနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်ချက်အတွင်းတွင် အာရက္ခတပ်တော် (AA)သည် ရိုဟင်ဂျာများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ပါဟု ထုတ်ပြန်ထားသော် လည်း မြေပြင်တွင် အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များက ကျူးလွန်နေကြောင်း စွပ်စွဲခံထားရသော ကိစ္စရပ်များရှိနေကြောင်း၊ ဧပြီလနှင့် မေလတွင် ဘူးသီးတောင်မြို့ရှိ သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာ နှင့် မောင်တောမြို့ရှိ သရက်အုတ်ရွာ စသည့်နေရာများတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရ ခြင်းများ၊ ရိုဟင်ဂျာများ မတရား ဖမ်းဆီးခံရခြင်းများ၊ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီးနောက် မေလ ၁၇ ရက်နေ့ညပိုင်းတွင် ရိုဟင်ဂျာ အရပ်သားအများစုနေထိုင်သည့် ဘူးသီးတောင်မြို့ပေါ်ရှိနေအိမ်များအား AA က မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းသည် စစ်ရာဇဝတ်မှုအပြင် လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုဖြစ်ကြောင်း ယင်းကိစ္စရပ်များအား လွတ်လပ်သော စုံစမ်းစစ် ဆေးမှုများပြုလုပ်ပေးရန်နှင့် ကျူးလွန်မှုများ အမှန်တကယ်ရှိနေပါက ကျူးလွန်သူများအား အပြစ်ပေး အရေးယူရန် အာရက္ခတပ်တော် (AA) ကို အရပ်ဖက်အဖွဲ့များက တောင်းဆိုကြောင်း ပါရှိသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း ရခိုင်ဒေသရှိ ပြည်သူ များအားလုံး၏ လုံခြုံရေးကို အထူးစိုးရိမ်မိကြောင်းနှင့် ရခိုင်ဒေသအတွင်းနေထိုင်နေကြသော ပြည်သူ လူထုအားလုံးကို ကာကွယ်ပေးရန် အာရက္ခတပ်တော်(AA) ၌ တာဝန်ရှိကြောင်းလည်း ဆိုထားသည်။

အာရက္ခတပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခကမူ ယင်းစွပ်စွဲချက်များသည် အခြေအမြစ်မရှိသည့် စွပ်စွဲ ချက်များဖြစ်ပြီး အကယ်၍ ကျူးလွန်ခဲ့သည်များရှိပါက အချက်အလက်ခိုင်မာစွာဖြင့် ULA/AA တရားရေး ဌာနသို့လာရောက်တိုင်ကြားနိုင်ပြီး ဥပဒေကြောင်းအရစုံစမ်းစစ်ဆေးကာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား ပါက လူမျိုး၊ ဘာသာမရွေး အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့မှာ အုပ်ချုပ်ရေးဌာန စနစ်တကျရှိတယ်၊ ပရမ်းပတာဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ULA/AA ဟာ ရခိုင်မှာ ဒီဖက်တို အစိုးရဖြစ်တယ်။ ဆိုတော့ စနစ်တကျ လာတိုင်စမ်းပါ။ ဥပဒေကြောင်းအရ သေသေချာချာ စစ်ဆေးပြီးတော့မှ တကယ်ကျူးလွန်သူကို ကျူးလွန်လို့ရှိရင် ပစ်မှုနဲ့ပစ်ဒဏ်ကို မျှတ အောင် ကျနော်တို့အပြစ်ပေးမှာပဲ။ ရခိုင်မှာဖြစ်တဲ့ကိစ္စ ဥပဒေကြောင်းအရဖြေရှင်းလို့ရတဲ့ နေရာတွေ ကျနော်တို့မှာရှိရဲ့သားနဲ့ ဥပမာပေါ့ဗျာ OCHA ကို အီးမေးနဲ့သွားတိုင်တယ်တဲ့။

OCHA ကို အီးမေးနဲ့ သွား တိုင်လို့ ဒီမှာ တရားမျှတမှုရမှာလား။ ဒါ ခုတ်ရာတခြား ထစ်ရာတခြားဖြစ်နေတယ်။ ရခိုင်မှာဖြစ်တဲ့ကိစ္စကို ရခိုင်တရားရုံးမှာ လာတိုင်စမ်းပါ။ ကျနော်တို့ သေသေချာချာ အရေးယူပေးမှာပါ။ ဘယ်သူ့ကိုမှ ကျနော် တို့ချန်ထားမှာမဟုတ်ပါဘူး။ ကျနော်တို့ ဘာသာလူမျိုးမခွဲခြားဘဲနဲ့ ပြည်သူတယောက်ချင်းစီတိုင်းကို စောင့်ရှောက်ပေးနေတာဖြစ်တယ်။ ကျနော်တို့ကို ဝါးလုံးရှည်ရှည်နဲ့ လှမ်းရိုက်နေတာမျိုး အခြေမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ကျနော်တို့ လက်ခံနိုင်စရာမရှိပါဘူး” ဟု ဦးခိုင်သုခကမဇ္ဈိမကို ပြောသည်။

အာရက္ခတပ်တော်(AA)က မေလ ၁၇ ရက်နေ့တွင် ဘူးသီးတောင်မှ လူနေအိမ်အများအပြား မီးလောင် ပျက်စီးရခြင်းမှာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၎င်းတို့နှင့် သက်ဆိုင်မှု မရှိ ကြောင်း မေလ ၂၀ ရက်နေ့တွင် ‌တုံ့ပြန်ငြင်းဆိုထားသည်။

ယင်းအပြင် အာရက္ခတပ်တော်(AA) အနေဖြင့် ပြည်သူတိုင်းကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ အကောင်းဆုံး ကူညီကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် ၎င်းထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ဘေးရှောင် ၅၀၀,၀၀၀ ကျော် ရောက်ရှိနေပြီး ယင်းအနက် ၂၀၀,၀၀၀ မှာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ ဖြစ်ကာ ၈၀ ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်ကာ စစ်ဘေးရှောင်များအတွက် အခြေခံအစားအစာ၊ ကလေး နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ အမိုးအကာများ အရေးတကြီးလိုအပ်လျက်ရှိရာ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် NGO အဖွဲ့အစည်းများအနေဖြင့် ကူညီပေးကြရန်လည်း AA မှ တောင်းဆိုထားသည်။

စာတည်း။ ။စောဖေ


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia