23 May 2024
ရခိုင်ဒေသစစ်ပွဲအတွင်း သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးကြပြီး အရပ်သားတွေအပေါ် အကြမ်းဖက်ကျူးလွန်သူတဲ့ စစ်တပ်နဲ့ တခြားတာဝန်ရှိလက်နက်ကိုင်အဖွဲ့တွေကို ဒဏ်ခတ်အရေးယူမယ်လို့ အမေရိကန်ပြည်ထောင်စုက သတိပေးပါတယ်။ ရခိုင် ဘူးသီးတောင်တိုက်ပွဲဖြစ်စဉ်နဲ့ဆက်နွယ်ပြီး NUG က ထုတ်ပြန်ချက်မှာလည်း အရပ်သားတွေနဲ့ အရပ်သားပိုင်ဆိုင်မှုတွေကို မတိုက်ခိုက်ကြဖို့တိုက်တွန်းထားပြီး စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခတွေဖြစ်အောင် တမင်ဖန်တီးနေတာလို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ရခိုင်ဒေသတိုက်ပွဲတွေအတွင်း ဒေသခံအရပ်သားတွေ ထိခိုက်နစ်နာကြရတဲ့အခြေအနေအောက်မှာ အားနည်းတဲ့ရိုဟင်ဂျာလူမှုအသိုက်အဝန်းကို ပိုမိုထိခိုက်စေပြီး တကျော့ပြန်လူမျိုးရေးပဋိပက္ခတွေ ထပ်ဖြစ်လာမှာကို နိုင်ငံတကာအစိုးရတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေအကြား စိုးရိမ်လာကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူရဲ့ထုတ်ပြန်ချက်ထဲမှာလည်း အာရက္ခတပ် တော်ခေါ် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာ လူတွေအစုလိုက်အပြုံလိုက် အသတ်ခံရတာမျိုး တကျော့ပြန်ဖြစ်ပေါ်လာမှာကို စိုးရိမ်ထိတ်လန့်မိကြောင်း ဖော်ပြပါတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ယခင်ကဖြစ်ခဲ့တာကို ပြန်လည်ထောက်ပြပါတယ်။ မြန်မာစစ်တပ်နဲ့တာဝန်ရှိလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးပြီး လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိပေးခွင့်ပြုဖို့လည်း တောင်းဆိုပါတယ်။
ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်တဲ့ စစ်တပ်နဲ့ အခြားတာဝန်ရှိလက်နက်ကိုင်အဖွဲ့တွေကို ဒဏ်ခတ်အရေးယူသွားမယ်လို့လည်း အမေရိကန်ပြည်ထောင်စုက သတိပေးထားပါတယ်။
အလားတူပဲ ရခိုင်စစ်ပွဲတွေကို အရပ်သားတွေနဲ့ အရပ်သားပိုင်ဆိုင်မှုတွေကို တိုက်ခိုက်အကြမ်းဖက်မှုမလုပ်ကြဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရကတည်း ကြေညာတိုက်တွန်းခဲ့ပါတယ်။ စစ်ကောင်စီဟာ လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ တမင်ရည်ရွယ်လုပ်ဆောင်နေပြီး၊ အခြေအနေတွေက ရှုပ်ထွေးနေတယ်လို့ NUG ပြောခွင့်ရသူ ကိုနေဘုန်းလတ်က ပြောပါတယ်။
“ဘူးသီးတောင်မှာက စစ်လည်းဖြစ်နေတဲ့အခြေအနေဖြစ်တယ်၊ ဒီနေရာမှာ အကြမ်းဖက်စစ် အုပ်စုကလည်းဒီ ရခိုင်မှာ ဖြစ်တဲ့ကိစ္စဆိုတော့သိတဲ့အတိုင်းပဲ အရင်တုန်းက စစ်တပ်က ဘာသာရေးပဋိပက္ခဖြစ်အောင် လုပ်လေ့လုပ်ထရှိတယ်လေနော်။ အခုက ရခိုင်မှာရိုဟင်ဂျာတွေလည်းရှိနေတော့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့ ရှေ့မှာလည်း ဘာသာရေးအဓိကရုဏ်းတွေ ခဏခဏဖြစ်တာရှိတော့ လူမျိုးရေပဋိပက္ခဖြစ်အောင် လုပ်တာတွေလည်းပါတာပေါ့နော်။ အဲမှာ နေအိမ်မီးရှို့တာတွေ၊ ဖျက်ဆီးတာတွေ၊ နောက်ပြီး နေရပ်ကနေ ဖိအားပေးပြောင်း ရွှေ့ခိုင်းတာမျိုးတွေ တောက်လျှောက်လုပ်ခဲ့တာပေါ့နော်။ ဒီအခြေအနေက တကယ့်ကို စိတ်ပူစရာအခြေအနေဖြစ်တယ်ပေါ့နော်။ ဒါကိုကျနော်တို့အနေနဲ့တတ်နိုင်သမျှ စိုးရိမ်ပူပန်တဲ့ပုံစံမဟုတ်ဘဲနဲ့ တစုံတရာကူညီဆောင်ရွက်နိုင်ဖို့လည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။”
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ်စစ်ကောင်စီရော AA ဘက်ကပါ အကြောင်းမဲ့ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့ ပြောဆိုတာတွေရှိပါတယ်။ စစ်ကောင်စီဘက်က ကျူးလွန်မှုတွေအပေါ်မှာတော့ ခိုင်ခိုင်မာမာအချက်အလက်ရထားတယ်လို့ ကိုနေဘုန်းလတ်ကပြောပါတယ်။
“လက်ရှိမှတော့ ကျနော်တို့ကတော့ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်တယ်ဆိုတာကိုတော့ ခိုင်ခိုင်မာမာသတင်းရရှိထားတာရှိတယ်ပေါ့နော်။ ဒါပေမယ့်လည်း လက်ရှိမြေပြင်အခြေအနေမှာက ဘယ်လိုအခြေအနေမျိုးဖြစ်နေတယ်ဆိုတာ သေချာလေ့လာသုံးသပ်ပြီးမှကျနော်တို့ ပြောကြဆိုကြတာ။ ပိုပြီးတော့ ကောင်းတာပေါ့။ ကျနော်တို့ နားလည်တာက AA ကလည်း ဒီလိုမျိုး ရိုဟင်ဂျာပဲဖြစ်ဖြစ်၊ ဘယ်သူတွေပဲဖြစ်ဖြစ် ဒါပြည်သူတွေပဲလေ၊ ပြည်သူတွေအပေါ်မှာ ပစ်မှတ်ထားပြီးတော့ လုပ်လေ့လုပ်ထမရှိဘူး။ မလုပ်ဘူးဆိုတာကိုလည်း သူတို့ အမြဲတမ်းပြောခဲ့တာရှိတယ်။ နောက်ပြီးတော့ အရပ်သားပြည်သူတွေကို ထိခိုက်အောင်လုပ်တာမျိုး သူတို့မလုပ်ဘူး၊ နောက် ပြည်သူပိုင်ပစ္စည်းတွေ ထိခိုက်အောင်လုပ်တာ။ ဒါတွေကို မလုပ်ဘူး။ ကာကွယ်ပေးမယ်ဆိုပြီး ပြောတာတွေအများကြီးရှိတယ်။ AA မကဘူးပေါ့နော်။ ဘယ်တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီလိုကိစ္စတွေ ရည်ရွယ်ချက်ရှိရှိလုပ်တာမရှိဘူးလို့ ကျနော်တို့ကတော့ ယုံကြည် ထားတယ်။ ဒါပေမယ့်လည်း တချို့သောလူပုဂ္ဂိုလ်တဦးတယောက်အနေနဲ့ အဲလို ကိစ္စမျိုး လုပ်မှားကိုင်မှားဒါမျိုးတွေလည်း ရှိတတ်ပါတယ်နော်။ အဲတာတွေကို ခွဲခြားပြီးတော့ သိမြင်နိုင််ဖို့ လိုတယ်လို့တော့ ကျနော်တို့ မြင်တာပေါ့နော်။”
အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့ကလည်း ရခိုင်ဒေသနဲ့ တနိုင်ငံလုံးက အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအနေနဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပုံရိပ်တွေကို နိုင်ငံရေး စစ်ရေးလိုအပ်ချက်အတွက် အသုံးချနေတာတွေ ချက်ချင်းရပ်တန့် ဖို့တောင်းဆိုထားပါတယ်။
အဲဒီထုတ်ပြန်တဲ့ထဲမှာပါဝင်တဲ့ ရှေ့ပြေးအသံအဖွဲ့ရဲ့ ပြောခွင့်ရ မခင်ဥမ္မာကတော့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
“အာရက္ခတပ်တော် AA အနေနဲ့ ရိုဟင်ဂျာတွေကို ကိုယ့်ရဲ့ကာကွယ်စောင့်ရှောက်မှုကို ပိုတောင်ပေးရမယ့်အခြေအနေမှာ အခုဟာက မြန်မာစစ်တပ်လည်းမရှိတော့ဘူး။ ဒီစစ်အုပ်စုလည်းမရှိတော့ဘူး။ မရှိတဲ့ဟာကို မြို့ထဲက ထွက်ခိုင်းတယ်၊ ထွက်ခိုင်းတဲ့အချိန်မတိုင်ခင်မှာ စပြီးတော့ မီးရှို့တယ်ဆိုတဲ့ဟာက ကျမတို့ ဒါ မဖြစ်မနေ ဒါတွေလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမယ့်တာဝန် ရှိလာတယ်။ ဆိုတော့ AA သည်ဒီကိစ္စတွေနဲ့ပတ်သက်လို့ အခု သူတို့ရဲ့ အောက်ခြေက တပ်သားတွေကပဲ ကျူးလွန်တာပဲဖြစ်ဖြစ် တစုံတရာအထက်အမိန့်တဆင့်ဆင့်မှာ ဘယ်နေရာမှာ ဘယ်လိုလွဲလဲ တကယ်ပဲ ဖြစ်သွားတာလား၊ တကယ်ကျူးလွန်တာလား၊ ကျူးလွန်တယ်ဆိုရင်လည်း ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ အပြစ်ပေးအရေးယူမှုတွေ လုပ်နိုင်ဖို့အတွက် AA ဟာ ဦးဆောင်မှု ကောင်းမွန်မှန်ကန်တဲ့ ဒီမိုကရေစီနည်းကျပြီးတော့မှ လူသားဆန်တဲ့ဦးဆောင်မှု ပြဖို့လိုတယ်ပေါ့နော်။ သူတို့က လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေပေးဖို့ နိုင်ငံတကာသတင်းမီဒီယာတွေကို ဝင်ခွင့်ပေးပြီး အခြေအနေတွေကို ကြည့်ပေးဖို့ ဒါမျိုးတွေ အများကြီး လုပ်ဖို့လိုတဲ့အပေါ်မှာ ကျမတို့အနေနဲ့ ဒီလိုမျိုးစုပြီးတော့မှ ကျမတို့ရဲ့ သဘောထားကို တောင်းဆိုတိုက်တွန်းတာဖြစ်တယ်။”
ရခိုင်ပြည်နယ်ဟာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်လာတဲ့ စစ်မြေပြင် ပြန်ဖြစ်လာပြီး အရပ်သားပြည်သူတွေအတွက် အန္တရာယ်ကြီးတဲ့ နယ်မြေ ဖြစ်လာနေတယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်ရေး မဟာမင်းကြီး Volker Turk ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအကြား ရှိပြီးသား လူမျိုးရေးတင်းမာမှုတွေကို စစ်တပ်က မီးထိုးပေးတာ၊ အသုံးချလာတာကြောင့် အရင်က ကြုံခဲ့ဖူးတဲ့ ရက်စက် ဆိုးဝါးတဲ့ အစုလိုက်သတ်ဖြတ်မှုမျိုးတွေ တွေထပ်ပေါ်လာမှာကို စိုးရိမ်ရတဲ့အကြောင်း ကုလသမဂ္ဂလူ့အခွင့်ရေး မဟာမင်းကြီး က ပြောဆိုပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA အာရက္ခတပ်တော်ကတော့ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲမှာ AA လက်ချက်ကြောင့် အရပ်သားတွေသေဆုံးဒဏ်ရာရတယ်ဆိုတာကိုလည်း ငြင်းဆန်ထားပါတယ်။ ဘူးသီးတောင်မြို့နယ်တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ကယ်ထုတ်ပြီးတော့ လူသားချင်းစာမှုဆိုင်ရာအကူအညီပေးစောင့်ရှောက်ထားသလို လူမျိုးဘာသာမခွဲဘဲ အရပ်သားတွေကို အကာအကွယ်ပေးသွားမယ်လို့လည်း AA ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.