ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အခြေအနေနှင့်စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အခြေအနေနှင့်စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဘူးသီးတောင်ဒေသခံ ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူပြည်သူ တို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု၊ ဘူးသီးတောင်ဒေသခံ ပြည်သူများ၏ နေအိမ်များလောင်ကျွမ်းစေရန် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် ဒေသခံပြည်သူအများအပြား နေရပ်မှဖိအားပေးပြောင်းရွှေ့ခံရမှု၊ အများပြည်သူပိုင် အဆောက်အဦးများ ဖျက်ဆီးခံရမှု၊ ကျေးရွာများ မီးရှို့ခံရမှုများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာ စိုးရိမ်မိပါသည်။ထို့အပြင် အရေအတွက် အတိအကျ အတည်မပြုနိုင်သော ပြည်သူများ သတ်ဖြတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသည်ဟု စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်မှာ စိတ်ပူစရာ အခြေအနေဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဆိုးရွား နေသော အခြေအနေများ ဆက်လက်ဖြစ်ပွားနေမည်ကိုလည်း အထူးစိုးရိမ်ပူပန်မိပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် အရပ်သားပြည်သူများနှင့် ပြည်သူပိုင်ပစ္စည်းများအား တိုက်ခိုက်ဖျက်ဆီးနေခြင်းကို ရပ်တန့်ရန်တောင်းဆိုနေကြသော အခြားအဖွဲ့အစည်းများနှင့်အတူ တကွ ရပ်တည်ပါသည်။ တောင်းဆိုမှုများတွင် အရပ်သားပြည်သူများ၊ ပြည်သူပိုင်ပစ္စည်းများနှင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ထိခိုက်လွယ်သောသူများကို အကာအကွယ် ပေးရန်နှင့် နယ်စပ်ဖြတ်ကျော် အကူအညီများအပါအဝင် အကန့်အသတ်မဲ့ လူသားချင်းစာနာ အကူအညီများ အားလုံးကို လူမျိုးဘာသာမရွေး တန်းတူညီမျှစွာ အချိန်မဆိုင်းပဲ ရရှိနိုင်ကြရန် တောင်းဆိုလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာစောင့်ထိန်းရမည့်စည်းမျဥ်းဥပဒေများနှင့် စစ်ဘက်ဆိုင်ရာ စစ်သည်တော်တို့ လိုက်နာရမည့် ကျင့်ဝတ်ဥပဒေများကိုပါ အပြည့်အဝလေးစား လိုက်နာလျက် ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါစံနှုန်းများအတိုင်း ဆက်လက်ရပ်တည် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မည်သည့်အဖွဲ့အစည်းမဆို ဥပဒေနှင့်အညီ အတူတကွ လုပ်ဆောင်ကြရန် မျှော်လင့်ပါသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ၊ ရခိုင်များနှင့် အခြားလူမျိုးစုများအပါအဝင် တနိုင်ငံလုံးရှိ လူနည်းစုလူမျိုးများအပေါ် ရှက်ဖွယ်ကောင်းသည့် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခံ ခဲ့ရမှုများကို အမျိုးသားညီညွတ်ရေးအစိုးရသည် အမြဲအမှတ်ရနေသည်။ မိမိတို့အနေဖြင့် အလားတူ အဖြစ်အပျက်များ နောင်အနာဂတ်တွင် ထပ်မံမဖြစ်ပွားစေရန်လည်း ခိုင်မြဲစွာ ကတိပြုသည်။ မတူကွဲပြားသောလူမျိုးများအကြား သွေးကွဲစေသည့်လုပ်ရပ်မှန်သမျှကို ရပ်တန်းက ရပ်ကြရမည့် အချိန်ဖြစ်ပါသည်။ မိမိတို့အားလုံးသည် စစ်အာဏာရှင်စနစ်ပျက်သုဥ်းရေးသာမက ပြည်သူများ အားလုံး ငြိမ်းချမ်းစွာ အတူတကွယှဥ်တွဲ နေထိုင်နိုင်ရေးအတွက် လိုအပ်သော အခြေခံကျသည့် ပြောင်းလဲမှုတခုလုံးကို အမြင်သဘောတူညီစွာ ဆက်လက်ဆောင်ရွက်သွားရန် ကတိပြုထားသည်။ မိမိတို့အားလုံးသည် ယုံကြည်မှုတည်ဆောက်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ နားလည်ခြင်းနှင့် သဘောထားအမြင် ကြီးခြင်းများကို ဆက်လက်မွေးမြူ မြှင့်တင် သွားကြရန်လိုအပ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Rosenthal အစီရင်ခံစာ၏ အကြံပြုချက်များကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တရားမျှတမှုကို အထောက်အပံ့ပေးသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ဆက်လက်လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

Download the pdf in Burmese | English

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia