19 May 2024
၂၀၂၄ ခုနှစ် မေလ ၁၉ ရက်။
မြန်မာနိုင်ငံအနောက်ပိုင်းမှာ နေထိုင်လျှက်ရှိသော ရိုဟင်ဂျာများသည် လူမျိုးသုဉ်းသတ်ဖြတ်မှုအန္တရာယ်ကို ထပ်မံ ရင်ဆိုင်နေရသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ဤအန္တရာယ်နှင့် မြန်မာနိုင်ငံရှိ ပိုမိုဆိုးရွားလာသော လူ့အခွင့်အရေး အရေးပေါ်အခြေအနေကို ဖြေရှင်းရန်အလို့ငှာ အရေးပေါ် အထူးအစည်းအဝေးတရပ်ကို ကျင်းပရန်လိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဆိုသည်။
ဤရက်သတ္တပတ်အဆုံးတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် ကျန်ရှိနေသော ရိုဟင်ဂျာများသည် မေလ ၁၇ ရက်၊ သောကြာနေ့မှ စတင်ကာ စနစ်တကျစီမံထားသော သတ်ဖြတ်မှုများ၊ ပမာဏကြီးမားသော မီးရှို့မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများဖြင့် ပစ်မှတ်ထား ခံနေရကြောင်း သတင်းပေးပို့ထားသည်။ လူ ၂၀၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် အတည်မပြုရသေးသော ထိခိုက်သေဆုံးသူအရေအတွက် ရှိကြောင်းလည်း သတင်းပေးပို့ထားသည်။ ခိုင်လုံသောအရင်းအမြစ်များက ရက္ခိုင့်တပ်တော်သားများက တိုက်ခိုက်မှုများကို ကျူးလွန်ထားကြောင်း ဖော်ပြထားသည်။ ရက္ခိုင့်တပ်တော်က မေလ ၁၈ ရက်တွင် ယင်းတို့မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘူးသီးတောင်မြို့နယ်မှ မြန်မာစစ်တပ်၏ နောက်ဆုံးကျန်ရှိသော စစ်အခြေစိုက်စခန်းများကို သိမ်းပိုက်ခဲ့သည်ဖြစ်ကြောင်း ဆိုသည်။ လူ့အခွင့်အရေးကောင်စီသည် ဤအကျပ်အတည်းကို ဖြေရှင်းရန် အရေးပေါ်အထူးအစည်းအဝေးတရပ်ကို မဖြစ်မနေ ကျင်းပရမည်ဖြစ်သည်။
ရက္ခိုင့်တပ်တော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက် မြန်မာစစ်တပ်ကို ဆန့်ကျင်သည့် အထိရောက်ဆုံး လက်နက်ကိုင်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ မြန်မာအနောက်ပိုင်းရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း အတော်များများတွင် စစ်တပ်ကို အနိုင်ရရှိထားသည်။ ရက္ခိုင့်တပ်တော်သည် မြန်မာနိုင်ငံအရှေ့မြောက်ဘက်ရှိ နယ်မြေအများအပြားကို လွတ်မြောက်ရေးအတွက် အခြားသော တော်လှန်ရေးအင်အားစုများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ယခုတွင် ၎င်းတို့ကိုယ်တိုင် ဆန့်ကျင်လျက်ရှိသော မြန်မာစစ်တပ်ကျူးလွန်ထားသည့် လူမျိုးသုဥ်းသတ်ဖြတ်မှုကို လတ်စသတ်ပေးရန်အတွက် အကာအကွယ်မဲ့သော ရိုဟင်ဂျာများအပေါ် ၎င်းတို့၏ သေနတ်ပြောင်းလှည့်လာသည့် အသွင်ဆောင်နေပုံရသည်။ ရက္ခိုင့်တပ်တော်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်မှ ၀တ္တရားများကို လိုက်နာရမည်ဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရ ၎င်းတို့၏ ထိန်းချုပ်မှုအောက်ရှိ တပ်သားများအား ကျူးလွန်ရန် ဖြစ်နိုင်ခြေရှိသည့် ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် လိုအပ်သည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) သည် ၂၀၁၈ ခုနှစ်တွင် လူ့အခွင့်အရေးကောင်စီထံသို့တင်ပြခဲ့သည်မှာ မြန်မာစစ်တပ်က ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်နိုင်ခြေရှိသည်များ ကျူးလွန်ခဲ့ကြောင်း ဟူ၍ဖြစ်သည်။ ရလဒ်အနေဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များ ၇၅၀,၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခဲ့ကြပြီး စစ်တပ်၏ အစောပိုင်းကာလ စစ်ဆင်ရေးများကြောင့် ထွက်ပြေးလာသည့် အခြားသော ရိုဟင်ဂျာ ၃၀၀,၀၀၀ နှင့်အတူ ယနေ့ထိ နေထိုင်လျှက်ရှိသည်။ ရိုဟင်ဂျာ ၆၀၀,၀၀၀ ခန့်မှာ မြန်မာနိုင်ငံအတွင်း ရှိနေဆဲဖြစ်သည်။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအား လူမျိုးသုဥ်းစေမှုဆိုင်ရာစာချုပ် (Genocide Convention) အရ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) မှ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး နိုင်ငံတကာတရားရုံး (ICJ) ထံတွင်လည်း ဆက်လက်တရားစွဲဆိုလျက်ရှိသည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ICJ မှ ကြားဖြတ် စီရင်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ၎င်းစီရင်ချက်တွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ အခွင့်အရေးနှင့်စပ်လျဥ်း၍ ပြန်ပြင်၍မရနိုင်လောက်အောင် ထပ်မံထိခိုက်စေမည့် အန္တရာယ်စင်စစ်များ ကျရောက်အံ့ဆဲဆဲရှိနေသည်ကို တွေ့ရှိခဲ့ပြီး လူမျိုးသုဥ်းသတ်ဖြတ်ခံရမှုအပြင် ယင်းနှင့်ဆက်စပ်သော တားမြစ်ထားသောလုပ်ရပ်များမှ ကာကွယ်ရန် ဖော်ပြထားသည်။ နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေစဉ် ICJ သည် ယင်းအခွင့်အရေးများကို ကာကွယ်ရန် စည်းနှောင်မှုရှိသော ယာယီအစီအမံများ အတွဲလိုက်ကို ညွှန်ပြထားခဲ့သည်။ လေးနှစ်ခွဲကြာပြီးနောက်၊ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများသည် ဖိနှိပ်ခြင်းနှင့် ၎င်းတို့၏ အခွင့်အရေးများကို ငြင်းပယ်ခြင်းတို့ ခံနေရဆဲဖြစ်ပြီး လူမျိုးသုဥ်းသတ်ဖြတ်မှုအန္တရာယ်ကို စိုးရိမ်စွာဖြင့် ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။
ICC သည် ၂၀၁၉ ခုနှစ်မှစ၍ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရမှုအပေါ် စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း ယင်းကာလတွင်ဖြစ်ပွားခဲ့ပြီးသောနှင့် မျက်မှောက်ကာလတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသော မြန်မာစစ်တပ် ခေါင်းဆောင်များအပေါ် ယနေ့ထက်ထိ မည်သည့်အရေးယူမှုမျှ မပြုလုပ်နိုင်သေးပေ။
မြန်မာနိုင်ငံတွင်း အခြေအနေသည် သိသာထင်ရှားစွာ ပြောင်းလဲလျက်ရှိသည်။ မြန်မာစစ်အုပ်စုသည် နိုင်ငံတစ်ဝန်းကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ၎င်းတို့၏ သြဇာသက်ရောက်မှုမှာ ရခိုင်ပြည်နယ်တွင် တစ်ဟုန်ထိုး မှေးမှိန်ကျဆင်းလျက်ရှိသည်။ စစ်အုပ်စုသည် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများအပြင် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ကြီးမားပြင်းထန်စွာ ချိုးဖောက်မှုများ၏ ပင်မရင်းမြစ်အဖြစ် ကျန်ရှိနေဆဲဖြစ်ပါသည်။ ၎င်းအနက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ တော်လှန်ရေးအင်အားစုများမှ သိမ်းယူထားသော မြို့များအား မြို့လုံးကျွတ်မီးလောင်ကျွမ်းစေခြင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းစသည့် စစ်တပ်၏ဖျက်ဆီးမှုများလည်း အပါအဝင်ဖြစ်သည်။
လူ့အခွင့်အရေးကောင်စီသည် ICJ မှ ချမှတ်ထားသော ယာယီအစီအမံများကို အပြည့်အဝလိုက်နာရန် နှင့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို မြန်မာနိုင်ငံတွင်း အမြဲတစေ လိုက်နာစောင့်ထိန်းရန် ပါ၀င်ပတ်သက်သူများအားလုံးကို တောင်းဆိုတိုက်တွန်းသည့် ဆုံးဖြတ်ချက်တစ်ခုချမှတ်ရန် အထူးအစည်းအဝေးကို အသုံးပြုသင့်သည်။ ကောင်စီသည် မြန်မာနိုင်ငံအတွင်း တာဝန်ယူမှု၊ တာဝန်ခံမှု လျော့ကျနေခြင်းကို ဖြေရှင်းရန်အတွက် ကြိုးပမ်းမှုများကိုလည်း မဖြစ်မနေ အရှိန်မြှင့်တင်ရမည်ဖြစ်ပြီး လုံခြုံရေးကောင်စီအား မြန်မာနိုင်ငံရှိ အခြေအနေတစ်ခုလုံးကို ICC သို့ လွှဲပြောင်းပေးရန်အတွက် သို့မဟုတ် မြန်မာနိုင်ငံအတွက် နိုင်ငံတကာအထူးရာဇဝတ်ခုံရုံး တစ်ရုံး တည်ထောင်ရန်အတွက် တောင်းဆိုတိုက်တွန်းခြင်းအပါအ၀င် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားမှ စုဆောင်းထားသော အထောက်အထားများကို အသုံးပြုရန် နည်းလမ်းများကို မဖြစ်မနေ ဖော်ထုတ်ရမည်ပင်ဖြစ်သည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.