သန့်ရှင်းထွန်း
လူတစ်ယောက်အတွက် ‘ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တမနက်’ဆိုတဲ့ စကားကိုစစ်ဘေးရှောင်စခန်းတခု မှာနေထိုင်နေရတဲ့ ဒေါ်ခင်ညိုတယောက် ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပြီလို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာအပူဆုံးလတွေဖြစ်တဲ့ မတ်၊ ဧပြီနှင့်မေလတွေမှာ ဒေါ်ခင်ညိုဟာရခိုင်ပြည်မှာဖြစ်ပွားနေတဲ့ စစ်မီးနဲ့ အတူ သူနေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်ကနေ ဘေးလွတ်မယ်ထင်တဲ့ ကျေးလက်စစ်ဘေးရှောင်စခန်းတခုကို မိသားစု ငါးဦးနှင့်အတူ ခိုလှုံလာခဲ့တာဖြစ်ပါတယ်။
“ဒီအချိန်မှာ အလိုအပ်ဆုံးက ရေသန့်သန့်လေး ရရှိဖို့ပါပဲ။ လက်နက်ကြီးအန္တရာယ်ထက် ရေမသန့်တဲ့ အန္တရာယ်က ပိုကြီးနေပါတယ်”လို့ ဒေါ်ခင်ညိုက ပြောပါတယ်။
နှစ်စဉ် မိုးရာသီမှာ မိုးရေချိန်များစွာ ရွာသွန်းလေ့ရှိတဲ့ ရခိုင်ပြည်နယ်မှာ နွေရာသီရောက်ရင် ရေရှားပါးတာကို နှစ်စဉ် ကြုံတွေ့နေရပြီး အခုလို စစ်ဘေးရှောင်ဦးရေများလာတဲ့အချိန်မှာ ရေရှားပါးမှုကြုံနေရတာဟာ စစ်ရှောင်အမျိုး သမီးတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတခုဖြစ်နေတယ်လို့ လူမှုကူညီရေးလုပ်ငန်းလုပ်နေတဲ့ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
မိသားစုတစုမှာ ရေကို အမျိုးသားတွေထက် အမျိုးသမီးတွေဟာ ချက်ပြုတ်ရေး၊ လျှော်ဖွတ်ရေးနှင့် တကိုယ်ရေ သန့် ရှင်းရေးအတွက် ပိုပြီးအသုံးပြုနေကြရတယ်လို့ ဒေါ်ခင်ညိုက ပြောပါတယ်။
“ယောကျ်ားတွေက တပတ်လောက် ရေမချိုးဘဲ အင်္ကျီချွတ်နေလို့ ရတယ်။ အမျိုးသမီးတွေက အဲလိုနေလို့ မရဘူး။ ဓမ္မတာလာတဲ့ ရက်တွေဆို တကိုယ်ရေသန့်ရှင်းရေးအတွက် ရေပိုလိုအပ်တယ်”လို့ သူကဆက်ပြောပါတယ်။
သူတို့ယာယီခိုလှုံနေတဲ့စစ်ဘေးရှောင်စခန်းမှာ ရေမသန့်တဲ့အတွက် စစ်ဘေးရှောင်ဦးရေ ရှစ်ဆယ်ကျော်ဝမ်းလျော၊ ဝမ်းပျက်ရောဂါဖြစ်ပြီး သုံးဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ကျေးလက်ဒေသတွေမှာ သောက်သုံးရေရရှိဖို့ ရေတွင်း၊ ရေကန်တွေကို တူးဖော်ထားကြ ပေမယ့်အဲဒီရေတွင်း၊ ရေကန်တွေဟာ မတ်လကုန်ပိုင်းကစလို့ ခမ်းခြောက်ကုန်ကြပြီလို့ ကျေးလက်နေ ပြည်သူတွေ က ပြောပါတယ်။
“တချို့ရွာတွေက အိမ်ခြေနဲ့တွက်ပြီး ရေကန်အကျယ်ကို တူးကြတယ်။ တချို့က ကိုယ့်အိမ်ခြံထဲမှာ တွင်းသေးတွေ တူးပြီးသုံးကြတယ်။ ရွာဆိုတော့ကျွဲ၊နွားတွေကန်ကိုဝင်တာတွေရှိတော့ရေတွေညစ်ပတ်သွားတာရှိတယ်”လို့မောင် တောမြို့နယ် မြောက်ပိုင်းကျေးရွာက အမျိုးသမီးတစ်ဦးကဆိုပါတယ်။
ကျေးလက်ဒေသတွေမှာ ရေတွင်း၊ ရေကန်တွေကို ရွာလူဦးရေနှင့် တွက်ပြီး တူးဖော်ထားတဲ့အတွက် စစ် ဘေး ရှောင် တွေများလာတာနှင့်အတူရေလိုအပ်ချက်လည်းမြင့်မားလာတာဖြစ်တယ်လို့ရသေ့တောင်မြို့နယ်မယူကမ်းဘက်မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် ဒေါ်ခင်မျိုးသူကပြောပါတယ်။
ရေရှားပါးတဲ့အတွက် သောက်သုံးရေနှစ်ဆယ်လီတာ တစ်ဗူးကို ငွေငါးသောင်းကျပ်ထိပေး ဝယ်သုံးနေရပြီး ကလေး မိခင်တွေအတွက် ရေသန့်ဗူးက မရှိမဖြစ်လိုအပ်တယ်လို့ ဆိုပါတယ်။
“ကလေးကငယ်တော့ ဗိုက်နေမကောင်းဖြစ်မှာ စိုးရိမ်နေရတယ်။ အခုက ရောဂါဖြစ်ရင်လည်း ဆေးကုမယ့် နေရာ မရှိဘူးလေ။အဲဒါကြောင့် ဈေးကြီးပေမယ့် ရေသန့်ဗူးကို ဝယ်သောက်နေရတယ်။ တခြားလူကြီးတွေကတော့ အဆင် ပြေတဲ့ရေကိုသောက်နေကြရတယ်”လို့ သူကဆက်ပြောပါတယ်။
အခုနှစ်နွေရာသီကအရင်နှစ်တွေထက်အပူချိန်ပြင်းထန်တာကို လူတွေခံစားနေရပြီး စစ်ဘေးရှောင်အများစုက အနီး အနားက သစ်ရိပ်၊ ဝါးရိပ်တွေမှာ အပူရှောင်ပြီး နေကြရတယ်လို့ဆိုပါတယ်။
အပူချိန်ပြင်းထန်တာနဲ့အတူ မြိတ်ပေါက်တာ၊ ရေမသန့်တဲ့အတွက် ခန္ဓာကိုယ်တွေမှာ ယားနာပေါက်တာတွေလည်း ခံစားနေရတယ်လို့ ကလေးမိခင်တဦးဖြစ်တဲ့ ဒေါ်ခင်မျိုးသူက ပြောပါတယ်။
“ရခိုင်ဘက်ကရေချိုချောင်းတွေထက်ရေငန်ချောင်းတွေများတယ်။ ရေတွင်း၊ ရေကန်တွေရေခမ်းလို့ချောင်းထဲ ဆင်းဖို့ကလည်း ရေကဆားငန်ရေတွေဖြစ်နေတယ်”လို့ သူက ဆက်ပြောပါတယ်။
အခုလိုရာသီဥတုပူပြင်းချိန်ဘုန်းကြီးကျောင်းတွေမှာ လူဦးရေအများကြီးစုဝေးနေထိုင်နေကြရတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ အပူဒဏ်နှင့်အတူ ရေရှားပါးမှုဒဏ်ကိုပါ ကြုံနေရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။
“လူတွေ ပြွတ်သိပ်ပြီးနေရတော့ ပိုပူတယ်။ ရေကလည်း အများသုံးဆိုတော့ အလှည့်ကျစောင့်ရတယ်။ ချိုးဖို့ထက် အစားအသောက်မှာ ထည့်သုံးဖို့ကို ဦးစားပေးနေရတယ်”လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။
မိုးများတဲ့ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက် အစိုးရတွေလက်ထက်ကတည်းက မြို့ပေါ်နှင့်ကျေး လက်ဒေသအတွက် သောက်သုံးရေ ဖူလုံဖို့အတွက် စီမံကိန်းရေးဆွဲ လုပ်ဆောင်ခဲ့တာတွေ နည်းတယ်လို့ ယူအန် အဖွဲ့အစည်းတွေနှင့် တွဲဖက်အလုပ်လုပ်ကိုင်နေတဲ့ ဒေသတွင်းအဖွဲ့အစည်းတခုက တာဝန်ရှိသူတစ်ဦးကလည်း ဆိုပါတယ်။
“လွတ်တော်ခေတ်မှာလည်း ကိုယ့်ဂွင်နဲ့ကိုယ် လုပ်စားသွားကြတယ်။ မလိုအပ်ဘဲ ကျောင်းတွေဆောက်ကြတယ်။ သေသုံးရေ လုံလောက်ဖို့အတွက် ဘယ်သူမှ မကြိုးစားခဲ့ကြဘူး”လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မှာရှိတဲ့ အိမ်ထေင်စုရဲ့ ၃၇ ရာခိုင်နှုန်းကျော်သာ ရေကောင်း ရေသန့်ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာ အကူညီပေးရေးတွေ လုပ်နေတဲ့ ယူအန်အဖွဲ့အစည်း အပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းတွေဟာလည်း လုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အတွက် သောက်သုံးရေ အကူညီ ရရှိမှုမရှိ ဖြစ်နေတယ်လို့ ဒေါ်ခင်ညိုက ပြောပါတယ်။
“အရင်တိုက်ပွဲတွေတုန်းက အလှူပေးတဲ့အဖွဲ့တွေ အလုပ်မရပ်သွားဘူး။ ရေလိုအပ်တဲ့နေရာတွေကို ရေသယ် ကား တွေနဲ့ လာပေးခဲ့တယ်။ အခုက အဲလိုလည်း မရှိတော့ဘူး”လို့ သူက ပြောပြပါတယ်။
ရခိုင်က မြို့နယ်အားလုံးနီးပါးမှာ လူတိုင်းနီးပါး စစ်ဘေးရှောင်တွေဖြစ်နေတာကြောင့် တစ်ယောက်ကို တစ် ယောက် မကူညီနိုင်တော့ဘဲ ကိုယ့်အပူနဲ့ကိုယ် လုံးပမ်းနေရတယ်လို့ ဒေသခံအမျိုးသမီးတွေက ပြောပါတယ်။
ရာသီဥတုပူ၊ တိုက်ပွဲကြောင့်စိတ်ပူနေရတဲ့ ဒေါ်ခင်ညိုက ဖြစ်နိုင်ရင် အခုနှစ်နွေရာသီကို ရုပ်ရှင်ဇာတ်ကားတွေကျော် ပြီး ကြည့်လို့ရသလို ကျော်ပစ်လိုက်ချင်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ သောက်သုံးရေရှားပါးမှုဟာ နှစ်စဉ် ဧပြီလလယ်ကနေ ဇွန်လအထိ အမြဲကြုံတွေ့ရတဲ့ အဓိက ပြသနာဖြစ်ပြီး၊ ရပ်ရွာ လူထုတွေဟာ မသန့်ရှင်းတဲ့ရေကိုသုံးစွဲရတာ၊ ဒါမှမဟုတ် ချက်ပြုတ်ဖို့နဲ့ သောက်သုံး ရေ ရရှိ ဖို့အရေး အဝေးကြီး အထိ ခြေလျင်သွားပြီးသယ်ယူရတာမျိုးတွေ လုပ်နေကြရတယ်လို့ UNOCHA က မေလ ၁၀ ရက် က ထုတ်ပြန်ခဲ့ပါတယ်။
ထောင်သောင်းချီတဲ့ နေရပ်စွန့်ခွာရသူတွေဟာ ရေရှားပါးမှုဒဏ်ခံရနိုင်သလို ရောဂါဘယထူပြောနိုင်ခြေရှိကြောင်း ခန့်မှန်းရတယ်လို့ ရခိုင်ပြည်နယ်မှာ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။