19 March 2024
၅၅ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေး
အကြောင်းအရာ(၄)- မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် အပြန်အလှန်ဆွေးနွေးမှု
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာရှဖိုရမ် (FORUM-ASIA) ကိုယ်စား ဒေါ်ခင်ဥမ္မာ၏ ပြောကြားချက်
၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်
Mr. President, Mr. Special Rapporteur,
တရားမ၀င်စစ်အုပ်စုကို မဆုတ်မနစ် တော်လှန်ရာတွင် မိမိတို့ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များသည် စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရန်နှင့် လူသားဆန်မှု၊ အားလုံး (အားလုံး) ၏ပါဝင်မှု၊ ဒီမိုကရေစီနှင့် တရားမျှတမှု တို့ကို လက်ကိုင်ပြုသော မြန်မာနိုင်ငံ အသစ်ကို ထူထောင်ရန် မယိမ်းယိုင်သော သန္နိဋ္ဌာန်ကို ပြသခဲ့ကြပြီး ဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်တာကာလအတွင်း မျိုးဆက်သစ်လူငယ်များ၏ မကြုံစဖူးသော စွန့်လွှတ် အနစ်နာခံမှုများနှင့် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ် ပြုမှု၊ နိုင်ငံရေးစိတ်ဆန္ဒနှင့် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ထပ်တူကျမှု ရှိရပါမည်။
လက်နက်တင်ပို့ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းတို့ကြောင့် နိုင်ငံကို အလုံးစုံပျက်သုဉ်းစေသည့် လေကြောင်း တိုက်ခိုက်မှုများ၏ ဆိုးရွားလှသော အခြေအနေများကို ဖြေရှင်းရပါမည်။ မြန်မာနိုင်ငံရှိ ကလေးများအတွက် ကာကွယ်ဆေးများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်ရာတွင် လေကြောင်းလောင်စာဆီများကို အသုံးပြုသည်ဟု မှားယွင်းစွာ မှတ်ယူထားကြသည်။ အမှန်တကယ်အားဖြင့် ထိုလေယာဥ်ဆီသည် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားများအပေါ် အလွန်ကြီးမားသော ဒုက္ခ၀ေဒနာများကို ဖြစ်ပေါ်စေသည့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်ရန် အားဖြည့်ပေး နေခြင်းသာ ဖြစ်ပါသည်။ စစ်အုပ်စုထံ လက်နက်နှင့် လေကြောင်းလောင်စာဆီများ လွှဲပြောင်းရောင်းချခြင်း များကို ချက်ခြင်းရပ်တန့်ရန် မိမိတို့မှ တောင်းဆိုပါသည်။
နက်ရှိုင်းလာနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများအကြား စစ်အုပ်စု၏ အကြမ်းဖက် ဖိနှိပ်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၂.၇ သန်းကျော်ထံ အကူအညီများ ရောက်ရှိ စေရန်အတွက် ပြင်ပအကူအညီပေးရေးအဖွဲ့များသည် လူသားဆန်မှုနှင့် ဒုက္ခရောက်နေသည့် လူထုနှင့် လူသားစာနာအကူအညီလုပ်ဆောင်နေသူများ မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး (principles of do no harm and humanity) အခြေခံမူများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး၊ စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များနှင့် ဆက်နွယ်မှုမရှိဘဲ သီးခြားလုပ်ဆောင်နေသည့် နယ်မြေခံများ ဦးဆောင်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်း များမှတစ်ဆင့် ပံ့ပိုးကူညီပေးရပါမည်။
ဖယ်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ် ဖော်ဆောင်ရန် မိမိတို့ မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှု ကို အသိအမှတ်ပြုရန် အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး အလှူရှင်များမှ လေးစား အသိအမှတ်ပြုရန်လိုအပ်သည်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်သည် မိမိတို့ ပြည်သူများ၏ သဘောဆန္ဒနှင့် ပူးပေါင်းပါဝင်မှု ကင်းမဲ့ရုံသာမက အကျပ်အတည်း၏ မူလဇစ်မြစ်ဖြစ်သည့် မြန်မာ စစ်တပ်ကိုပါ ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေသောကြောင့် တရားဝင် ငြိမ်းချမ်းရေး အစီအစဉ်တစ်ခု အနေဖြင့်
မသတ်မှတ်နိုင်ပေ။
မိမိတို့ ပြည်သူများ၏ သဘောဆန္ဒမပါသည့်အပြင် တာဝန်ယူမှု တာ၀န်ခံမှုလည်း မရှိသည့် ပြင်ပမှ တစ်ဘက်သတ် ချမှတ်ထားသော ယခင် ဆယ်စုနှစ်ကြာ ငြိမ်းချမ်းရေးအစီအစဉ်သည်လည်း မိမိတို့ မျက်မြင် တွေ့နေရသည့်အတိုင်း အကြမ်းဖက်မှု သံသရာကိုသာ ရှည်ကြာစေခဲ့သည်။
အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာနှင့် အာဆီယံတွင် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ ရရှိစေရန်အတွက် တာ၀န်ယူမှု တာဝန်ခံမှုနှင့် တရား မျှတမှုကို ဦးစားပေးဆောင်ရွက်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ (EROs)၊ အရပ်ဘက်လူထုအဖွဲ့အစည်းများ (CSOs) နှင့် တရား၀င်စေ့စပ်ညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်ရန်နှင့် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီသွားရန် မိမိတို့မှ တိုက်တွန်းသည်။
မြန်မာနိုင်ငံအတွက် မည်သည့်ငြိမ်းချမ်းရေး အစီအစဥ်ကိုမဆို မြန်မာပြည်သူလူထု၏ သဘောဆန္ဒကို ရယူရမည် ဖြစ်သည်။
ကျေးဇူးတင်ပါသည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.