ပြည်တွင်းက အမျိုးသမီးငယ်နဲ့ မိခင်တွေရဲ့ စစ်မှုထမ်းဥပဒေစိန်ခေါ်မှု

17 March 2024

ပြည်တွင်းက အမျိုးသမီးငယ်နဲ့ မိခင်တွေရဲ့ စစ်မှုထမ်းဥပဒေစိန်ခေါ်မှု

ဒေဝီ
မတ် – ၁၇

 “၁၈နှစ်ကနေ ၃၀ အတွင်း ကျားဘယ်နှယောက် မ ဘယ်နှစ်ယောက်ဆိုပြီး ရှေ့ရက်က မေးသွားတယ်၊ ဘာလို့ ကောက်တာလဲမေးတော့ ဒီတိုင်းလူဦးရေစာရင်းကောက်တာ လို့ပြောတယ်။ အခုမနက်လည်း သန်းခေါင်စာရင်း မိတ္တူ လာတောင်းသွားတယ်၊ အကုန်လန့်ဖြန့်သွားတာ၊ မျက်ရည်နဲ့မျက်ခွက်ပဲ”လို့ မိခင်တဦးကဆိုပါတယ်။

စစ်မှုထမ်းဥပဒေ မှာအမျိုးသမီးတွေမခေါ်သေးဘူးလို့ဆိုပေမယ့် ပြီးခဲ့တဲ့ရက်က လူဦးရေစာရင်းလာ ကောက်ရာမှာ ယောကျာ်းလေး မိန်းကလေးအသက် ၃၀အောက်အကျုံးဝင်တဲ့ လူငယ်စာရင်းတွေမှတ်ယူသွားတဲ့အတွက် စိတ်မအေးဖြစ်နေရတယ်လို့ အသက် ၂၆နှစ်မမွန်မွန်ရဲ့မိခင်ဖြစ်သူကပြောပါတယ်။

စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်နေတဲ့အရွယ်ထဲ သမီးဖြစ်သူနဲ့ တူတွေရှိနေတာကြောင့် စစ်မှုထမ်းတဲ့အခါ စစ်ပညာသင်ပေးဖို့ထက် တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို စေလွှတ်မှာစိုးရိမ်သလို ကလေးတွေအန္တရာယ်တွင်းထဲ ရောက်မှာကို သိလို့တွေးတောင်မတွေးရဲဘူးလို့ပြောပါတယ်။

 “ပူတာကတော့ ယောကျာ်းလေးမိန်းကလေးအတူတူပူရတာပဲ၊ နယ်​တွေမှာ သူတို့(စစ်တပ်)ရောက်တဲ့ နေရာတိုင်း မုဒိမ်းမှုဖြစ်​နေတာ၊ မိန်းကလေးတွေကိုလည်း စစ်မှုထမ်းဖို့ဆိုခေါ်သွားပြီး မမြင်ကွယ်ရာမှာဆိုသူတို့ ဘာလုပ်မလဲ မပြောနိုင်ဘူး တွေးတောင်မတွေးချင်ဘူး” လို့ မိခင်ဖြစ်သူကဆက်ပြောပါတယ်။

Freelance Content Writer တဦးဖြစ်သူ မမွန်မွန်ဟာစစ်မှုထမ်း ဉပဒေ ကြေညာခဲ့ချိန်ကစပြီး  ထိတ်လန့်ခဲ့ရသလို မဖြစ်ဖြစ်တဲ့နည်းနဲ့ နိုင်ငံခြားကို အမြန်ဆုံးထွက်ဖို့  စဉ်းစားမိပေမယ့် မိခင်နဲ့အဒေါ် ဖြစ်သူနှစ်ဦးထဲကျန်ခဲ့ပြီး အခက်အခဲဖြစ်မှာကိုလည်းပြန်လည်စိုးရိမ်ပူပန်နေရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီကထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေမှာ အသက်အရွယ်ကန့်သတ်တာတွေရှိပေမယ့်လည်း တကယ်စစ်ဘေးကြုံလာတဲ့အခါ အမျိုးသမီးကြီးကြီးငယ်ငယ်မရွေး ဓားစာခံအဖြစ်ခေါ်ဆောင်မှာဖြစ်တဲ့အတွက် ဘယ်အသက်အရွယ်မဆို စိတ်ချရတဲ့အနေအထား မဟုတ်ဘူးလို့ဆိုပါတယ်။

 “သူတို့တကယ်လုပ်ချင်ရင် အသက်ကျော်ပြီးသား အလုပ်လုပ်နိုင်တဲ့ လူလတ်ပိုင်းအမျိုးသမီးတွေလည်းခေါ်မှာ။ တကယ်လိုအပ်တဲ့ ဥပဒေတစ်ခုဆိုတာ force လုပ်ပြီး မဖြစ်မနေထမ်းဆောင်ခိုင်းရမယ့်အရာ မဟုတ်ဘူးလို့ မြင်ပါတယ်။ “ လို့  မမွန်မွန်ကပြောပါတယ်။

ဆွေမျိုးရင်းချာထဲက ဝမ်းကွဲမောင် တစ်ဦးလည်း စစ်မှုထမ်းရမယ့် အသက်အရွယ်ထဲ အကျုံးဝင်နေတဲ့အတွက် ပူပန်နေရပြီး မောင်ဖြစ်သူက ဂျပန်သွားဖို့ ပြင်ဆင်နေတဲ့သူဖြစ်တာကြောင့်ဉပဒေအသက်မဝင်လာခင် အမြန်ဆုံးထွက်နိုင်ဖို့ ဆုတောင်းနေရတယ်လိုပြောပါတယ်။

 “မောင်လေးကတော့ အထွေထွေအလုပ်သမားအနေနဲ့ ဂျပန်သွားဖို့ အင်တာဗျူးအောင်ထားပါတယ်။ သွားဖို့ အတွက် လိုအပ်တဲ့အဖြေတစ်ခု မသိရသေးတာမို့ အဲ့ဒါကိုတော့ စိတ်ပူနေရတယ်။ သူငယ်ချင်း ယောက်ျားလေးတွေလည်း ထွက်သွားဖို့ ပြင်ဆင်နေကြတယ်” လို့ သူမကပြောပါတယ်။

စစ်မှုထမ်းဉ‌ပဒေမှာ ကိုယ်တိုင်ဘယ်အချိန်ပါဝင်မလဲမသိတဲ့အတွက်  ကိုယ်တိုင်လည်း စိတ်ညစ်ရသလို လူကြီး မိဘတွေကလည်း သားသမီးတူမတွေအတွက် နေ့စဉ်နဲ့အမျှ စိတ်ပူပန်နေကြတဲ့အတွက် ပိုပြီးစိတ်ပင်ပန်းရပြန်တယ်လို့သူမကဆိုပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဉပေဒကို ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့ပြီး လက်ရှိမှာလည်း နည်းဥပဒေ(တတိယမူကြမ်း)အထိ ရေးဆွဲထားပြီးဖြစ်ပါတယ်။ဒါ့အပြင် စစ်မှုထမ်းသင်တန်းကျောင်းတွေပါ ဆောင်ရွက်ထားတဲ့အပြင် သင်္ကြန်အပြီး ဧပြီလပိုင်းကစ စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်တွေစမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်ပြီး စစ်မှုထမ်းဖို့အသက်ပြည့်ပြီသူဦးရေက နိုင်ငံတဝှမ်း ၁၃သန်း မျှရှိတယ် လို့ဖော်ပြထားပြီး အမျိုးသားဦးရေ ၆ဒသမ ၃သန်းနဲ့ အမျိုးသမီးဦးရေ ၇ဒသမ ၇သန်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

ပထမဆုံးခေါ်ယူမယ့်အကြိမ်မှာ အမျိုးသမီးတွေ မပါဝင်သေးပေမယ့် ရပ်ကွက်တွေမှာ လူငယ်စာရင်း ကောက်ယူတာ၊ စစ်မှုထမ်းရမယ့်အသက်အရွယ်တွေကို ဖုန်းမက်ဆေ့တွေကနေ စာပို့တာတွေကြောင့် အမျိုးသမီးငယ်တွေမှာ မိမိအလှည့်ဘယ်တော့ရောက်မလဲဆိုတာ စိုးရိမ်ပူပန်နေရပြီး တချို့ကလည်း ပြည်ပနိုင်ငံတစ်ခုခုမှာ ရရာအလုပ်လုပ်ဆောင်ဖို့  ဆုံးဖြတ်ချက်နဲ့ ပြည်ပထွက်တဲ့နည်းလမ်းကိုရွေးချယ်လာကြတာလို့ဆိုပါတယ်။

အဲ့ဒီလို အမျိုးသမီးတွေထဲအသက် ၂၂ နှစ်အရွယ် မသူသူလည်းအပါအဝင်ပါ။ ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့်     ဓာတုဗေဒဒုတိယနှစ်နဲ့ ကျောင်း ဆက်မတက်ဖြစ်တော့တဲ့နောက် ဝါသနာပါရာ ဖက်ရှင်ဒီဇိုင်နာ ပညာရပ်ကို လေ့လာပြီး အသက်မွေးဝမ်းကြောင်းအတွက် အကောင်အထည်ဖော်ခဲ့တာလို့ဆိုပါတယ်။

ကျော်ကြားတဲ့ မော်ဒယ်တွေမင်းသမီးတွေကို အဝတ်အစားဖန်တီးချုပ်လုပ်ပေးရတဲ့ ဖက်ရှင်ဒီဇိုင်နာ အိမ်မက်ကို အကောင်အထည်ဖော်နေတဲ့ မသူသူရဲ့ စိတ်ကူးအိမ်မက်တွေက စစ်ကောင်စီရဲ့ ဥပဒေအမိန့်ကြောင့် ယိုင်နဲ့ခဲ့ရတယ်လို့ပြောပါတယ်။

  ပိတ်စတွေ ကတ်ကြေးတွေနဲ့ဖက်ရှင်ကျတဲ့အင်္ကျီလေးတွေ ချုပ်လုပ်နေရမယ့်အစား အခု‌တော့ Passport (နိုင်ငံကူးလက်မှတ်) ရဖို့ ကြိုးစားနေရတယ်လို့ သူမကပြောပါတယ်။

ကြုံရတဲ့အခြေအနေတွေကြောင့် ဒီဇိုင်နာအဖြစ် ဆက်မလှမ်းနိုင်တော့သလို အခြားငွေကြေးပြည့်စုံသူတွေလို နိုင်ငံ ခြားမှာ စာသင်ကြားဖို့လည်း မဖြစ်နိုင်တဲ့အတွက်  ပြည်ပနိုင်ငံတစ်ခုခုမှာ ရတဲ့အလုပ်လုပ်ကိုင်ဖို့ ကြိုးပမ်းရတော့ မယ်လို့ ဆိုပါတယ်။

“စစ်မှုထမ်းရမယ်ဆို ဘယ်လိုမှမထမ်းနိုင်ဘူး၊ ပထမအခေါက်မှာ အမျိုးသမီးတွေမပါသေးဘူးဆိုပေမယ့် ဘယ်အချိန် ခေါ်မလဲဆိုတာကိုထိုင်စောင့်မနေနိုင်ဘူး။ သူတို့ခေါ်တာမပါခင် အမြန်ဆုံးထွက်ရဖို့ လုပ်နေရတယ်”လို့ သူမကပြောပါတယ်။

စစ်မှုထမ်းတဲ့ အထဲပါတဲ့အခါ သူတို့ကအမျိုးသမီးတွေကို  ရှေ့တန်းကနေ တံတိုင်းအနေနဲ့ထားမှာကို ကြောက်ရွှံသလို၊ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်တွေ့ရမယ့်လမ်းကိုလည်း မလိုချင်တဲ့အတွက် စစ်မှုထမ်းရမှာ ကို  ရှောင်ရှားလိုတာ ဖြစ်တယ်လို့ဆိုတယ်။

 “ဆွေမျိုးတွေကလည်း စစ်မှုထမ်းရမှာထက်စာရင်နိုင်ငံခြားပဲထွက်စေချင်တယ်၊ မလေးရှားမှာက လူခံလည်း ရှိတယ် အလုပ်က လည်း ဦးလေးရှာပေး မယ်ဆိုတော့ အရမ်းတော့မခက်ခဲလောက်ဘူးထင်ပါတယ်”လို့ သူမ တွေးထားကြောင်းပြောပါတယ်။

သူတို့မိသားစုမှာ စစ်မှုထမ်းရမယ့် အရွယ်နဲ့ကိုက်ညီတာတဲ့ သူမရယ် အသက်၂၀အရွယ် မောင်တစ်ဝမ်းကွဲရယ် နှစ်ဦးအကျုံးဝင်နေပြီး အသက်ငယ်သေးတဲ့ သူတို့မောင်နှမကို စစ်မှုမထမ်းစေလိုတာကြောင့် ပြည်ပနိုင်ငံ တစ်ခုခု ကို လျောလျောရှုရှု ထွက်နိုင်ဖို့ မိသားစုဝင်တွေအကုန်လုံးက ကြိုးပမ်းနေကြတာလို့ ဆိုပါတယ်။

 သူမကကျောင်းမပြီး‌သေးသူတစ်ဦးဖြစ်တဲ့အပြင် ဝါသနာပါတဲ့လမ်းကြောင်းကိုလည်း စလျှောက်လှမ်းဆဲဖြစ်တာကြောင့် ပြည်ပနိုင်ငံထွက်အလုပ်လုပ်တဲ့အခါ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကဖိစီးပေမယ့်စစ်မှု မထမ်း နိုင်တာသေချာတဲ့ အတွက် ကြုံတွေ့ရမယ့်အခက်အခဲတွေကို ရင်ဆိုင်ရမယ်ဆိုတဲ့ စိတ်နဲ့သွားတာ လို့ဆိုပါတယ်။

 မိသားစုဝင်တွေကလည်း တိုင်းတပါးမှာ မိန်းကလေးတစ်ဦးအနေနဲ့ရုန်းကန်ရတာ အခက်အခဲတွေရှိပေမယ့် ဒီမှာနေပြီး စစ်မှုထမ်းရတဲ့အခါ သေမလားရှင်မလားမသိတဲ့အပြင် ပြည်သူမချစ်မနှစ်သက်တဲ့ ဘက်မှာ ရပ်တည်ရတာထက် ရုန်းကန်ရတာ ပိုကောင်းတယ်လို့ အားပေးတဲ့အတွက် မောင်နှမနှစ်ဦး ပြည်ပထွက်ဖို့ ကြိုးစားနေတာ လို့ သူကပြောပါတယ်။

“ အခုကတော့ သူတို့လက်ကလွတ်အောင် သွားရဖို့ အရေးကြီးနေတယ် လက်ထဲ passport မရှိသေးတော့ ကိုယ်တွေအလှည့်မရောက်ခင် အမြန်ဆုံးထွက်နိုင်ပါစေဆုတောင်းနေရတယ်” လို့ သူမကပြောပါတယ်။

အနုတ်လက္ခဏာပြနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူငယ်တွေက ပြည်ပမှာ အလုပ်လုပ်ဖို့ ရွေးချယ်နေကြချိန် စစ်မှုထမ်းဥပဒေကလည်း ထပ်ဆင့်လာတဲ့အခါ အမျိုးသမီး၊ အမျိုးသား လူငယ်လူရွယ် အကုန်လုံးက အခက်အခဲအန္တရာယ်တွေမတွေးတော့ဘဲ ပြည်ပနိုင်ငံတွေကို ရတဲ့နည်းနဲ့ ထွက်ခွာလာဖို့ လုပ်ဆောင် နေကြတာပါ။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဉပဒေကို အမျိုးသမီးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ နဲ့ တော်လှန် ရေးအင်အားစုတွေက လည်း ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ ဒီဥပဒေကို အသက်သွင်းလိုက်ခြင်းက ရက်စက်ကြမ်းကြုတ်မှုတွေ ပိုမိုကျူးလွန်စေမှာဖြစ်သလို မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ စစ်ဘောင်ချဲ့မှု သံသရာကို အစွန့်ရှည်ကြာစေတယ်လို့ ထောက်ပြတယ်။

 နိုင်ငံက ထွက်ပြေးတာကလွဲပြီး ရွေးချယ်စရာမရှိတော့ တဲ့အတွက် အမျိုးသမီးတွေမှာ လူကုန်ကူးမှုနဲ့ အခြား ပုံစံတွေနဲ့ခေါင်းပုံဖြတ်တာကဲ့သို့သော မရေရာတဲ့ လွတ်မြောက်ရေးနည်းလမ်းတွေကို မှီခိုအားထားဖို့ ချောင် ပိတ် တွန်းပို့ခံရတာတွေ ဖြစ်လာနိုင်တယ်လို့ အမျိုးသမီးရေးလုပ်ဆောင်သူတွေက ထောက်ပြပါတယ်။

အဓမ္မတပ်သားစုဆောင်းမှု ကနေလွတ်မြောက်နိုင်တဲ့ နည်းလမ်းအလွန်နည်းပါးတဲ့အတွက် မိဘတွေနဲ့ မိသားစု တွေက အစွန်းရောက်တဲ့ ဖြေရှင်းနည်းတွေကို ရွေးချယ်လာကြကာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် တွေ ကို အိမ်ထောင်ပြုပေးတာ၊ မသမာတဲ့အကျိုးဆောင်(သို့မဟုတ်) ပွဲစားတွေကနေတစ်ဆင့် ပြည်ပကို ပို့တာတွေကြောင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အမြတ်ထုတ်မှု ပုံစံမျိုးစုံနဲ့ရင်ဆိုင်လာရတာတွေဖြစ်နိုင်တယ်လို့ဆိုတယ်။

“အိမ်ထောင်ရှိတဲ့အမျိုးသမီးတွေဆိုရင် စစ်မှုထမ်းလွတ်တယ်ဆိုတော့ အတင်းအဓမ္မအိမ်ထောင်ပြုစေတာ အိမ်ထောင်မဖြစ်မနေပြုရတာဖြစ်လာနိုင်တယ်၊  အဲ့နောက်ဆက်တွဲအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ နောက် အိမ်ကနေ အခြားနိုင်ငံတွေကို ထွက်ပြေးတိမ်ရှောင်ရတဲ့အခါမှာ လူကုန်ကုန်းမှုကိစ္စတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ကိစ္စတွေ  ဒါတွေကြားမှာ အမျိုးသမီးတွေက သားကောင်ဖြစ်လာနိုင်ခြေအများကြီးဖြစ်နေတယ်၊” လို့ မတ်လ၈ရက်နေ့ကပြုလုပ်ခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေနဲ့ အမျိုးသမီးအခွင့်အရေး စကားဝိုင်းဆွေနွေးပွဲမှာ  Sister to Sisters က ဦးဆောင်ကော်မတီအဖွဲ့ဝင်မသဉ္ဇာရွှန်းလဲ့ရည်ကပြောပါတယ်။

နိုင်ငံခြားထွက်ဖို့လမ်းရှိသူတွေ၊ငွေကြေးအခြေအ‌နေကောင်းမွန်သူတွေနဲ့ဘာအလုပ်ပဲလုပ်ရမဖြစ်မနေထွက်သွားတဲ့သူတွေသွားကြပေမယ့်မိသားစုအခြေအနေကြောင့်လွတ်ရာကိုထွက်သွားဖို့ခက်ခဲနေသူတွေလည်းအများအပြားရှိနေသေးတယ်လို့ဆိုပါတယ်။

ကျောင်းပညာရေးနဲ့ဖြစ်စေ အလုပ်နဲ့ဖြစ်စေ ပြည်ပနိုင်ငံတွေကို ထွက်ခွာကြသူတွေမြင်တဲ့အခါ သူလည်းထွက်သွားချင်ပေမယ့်တကိုယ်ရေစာလိုအပ်ချက်တွေနဲ့ မိဘအခြေအနေကြောင့်ရော ထွက်ဖို့မလွယ်ကူသေးဘူးလို့ Filmmaking ပညာရပ်ကိုလေ့လာနေသူဖြစ်တဲ့ အသက်၂၁နှစ်အရွယ် မသီရိကပြောပါတယ်။ 

“ နိုင်ငံခြားကို ထွက်ဖို့ပြင်တာမျိုး၊ သူငယ်ချင်းတချို့ကလည်း အိမ်မှာနေတာမျိုးမလုပ်‌တော့ပဲနဲ့ ပြည်တွင်းမှာပဲ တစ်ခြားတစ်နေရာကို အလုပ်‌လုပ်ဖို့ သွားကြတဲ့သူတွေလည်းရှိပါတယ်။ ဒါကတော့ ယာယီအခြေနေပဲဖြစ်မှာ ပါ။”လို့ သူမကပြောပါတယ်

သူမအနေနဲ့ကတော့နိုင်ငံခြားထွက်ဖို့အတွက် မိသားစုဝင်တွေရဲ့ကျန်းမာရေးအခြေအနေ၊ ငွေကြေးနဲ့ အခြားလိုအပ်ချက်တွေ မပြည့်စုံသေးတဲ့အတွက် ပြည်ပထွက်ဖို့လမ်းက စဉ်းစားရဦးမယ့် အခြေအနေလို့ပြောပါတယ်။

စစ်မှုထမ်းဥပဒေ ထွက်လာတုန်းက စိတ်ညစ်ရပေမယ့်  လက်ရှိစစ်ပွဲဖြစ်ပွားရာဒေသက ပြည်သူတွေထက်စာရင် မြို့ပြကလူတွေက အခြေအနေမဆိုးသေးတာကြောင့်နယ်ကသူတို့အတွက် ပိုစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

“ကိုယ့်အလှည့်ရောက်လာရင်တော့ အရင်ဆုံးမိန်းကလေးလည်းဖြစ်ပြီး မိဘရဲ့အခြေနေလည်း ရှိတော့ အတတ် နိုင်ဆုံးရင်ဆိုင်ကြည့်မယ်လို့ဆုံးဖြတ်ပြီး နေနေပါတယ်”လို့သူမကပြောပါတယ်။

သူမအခြေအနေအရ ပြည်တွင်းကနေလတ်လက်တလော စွန့်ခွာဖို့ မလွယ်ကူသေးပေမယ့် လွယ်ကူတဲ့ အခြေအနေရှိသူတွေ အနေနဲ့ကတော့ အမြန်ဆုံး ထွက်ခွာဖို့ တိုက်တွန်းတယ်လို့ဆိုတယ်။

 “နိုင်ငံခြားပဲဖြစ်ဖြစ် ထွက်နိုင်စွမ်းရှိရင် တော့ အခုထဲက သွားထားတာပိုအဆင်ပြေမှာပါ။ သူတို့ရဲ့ ရစ်နည်းပေါင်းစုံနဲ့ အရစ်မခံရအောင် အများကြီးစဉ်းစားပြီး ပြင်ဆင်ပီး သွားနိုင်တာ အ‌ကောင်းဆုံးပါ။”လို့ ပြောပါတယ်။

 စစ်မှုထမ်းဉပဒေအသက်သွင်းတာဟာ လူတစ်ဉီးတစ်ဖွဲ့ပေါ်မှာ သက်ရောက်တဲ့ဥပဒေမဟုတ်ဘဲ လူငယ်တိုင်းကို ဖိနှိပ်တဲ့ ဉ‌ပဒေဖြစ်တဲ့အတွက် စစ်တပ်ရဲ့ မတရားတဲ့ ဉပေဒကိုဆန့်ကျင်ပြီး အခြားနည်းလမ်းကို ရွေးချယ်တဲ့အပေါ် အသိအမှတ်ပြု လေးစားတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှုးဖြစ်သူ နာင်းမို့မို့က ပြည်သူ့စစ်မှုထမ်း ဉပဒေနဲ့ အမျိုးသမီးအခွင့်အရေး စကားဝိုင်းဆွေနွေးပွဲမှာဆွေးနွေးခဲ့ပါတယ်။

စစ်တပ်ကသူတို့ရဲ့ အာဏာ ဆက်လက်တည်မြဲရေးအတွက်နဲ့အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေပဲ ဖြစ်တာ ကြောင့် ဘေးလွတ်ရာ တိမ်းရှောင် ဆန့်ကျင်သလို  တက်နိုင်တဲ့နေရာကနေ တော်လှန်ရေးမှာ ဆက်ပါဝင်ဖို့အကြံ ပြုချင်တယ်လို့ဆိုပါတယ်။

 “လူငယ်တွေကလည်းနိုင်တဲ့အားကနေ  အဖက်ဖက်က ပုံစံမျိုးစုံနဲ့ တော်လှန်‌ရေးမှာ ပါဝင်လို့ရတယ်၊ လုံခြုံတဲ့နေရာရောက်သွားတဲ့အခါကျရင် ပုံစံမျိုးစုံနဲ့ တော်လှန်ရေးမှာပါဝင်တာ တော်လှန်ရေးမှာပံ့ပိုးတာမျိုးလုပ်ဆောင် တာမျိုးကို အကြံပြုချင်တယ်” လို့ နာင်းမို့မို့ကပြောပါတယ်။ 


view the original



PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia