14 March 2024
စစ်ကောင်စီကို လေယာဥ်ဆီရောင်းချပေးနေသည့် ကုမ္ပဏီများအား ပိတ်ပင်တားဆီးရေး လူထုလှုပ်ရှားမှုကို လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
RFA Burmese
2024.03.14
နိုင်ငံတကာအစိုးရတွေက စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့ရောင်းချပေးနေတာကို တားဆီးပိတ်ဆို့ပေးရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို မတ်လ ၁၀ ရက်နေ့က စတင်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့က ကြေညာခဲ့ပါတယ်။
ဒီလှုပ်ရှားမှုမှာ ပြည်တွင်းပြည်ပက ပြည်သူတစ်ဦးချင်းစီ၊ အဖွဲ့အစည်းတစ်ဖွဲ့ချင်းစီတိုင်းက နည်းလမ်းမျိုးစုံနဲ့ ပါဝင်လှုပ်ရှားကြမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ဒီလှုပ်ရှားမှုကနေ စစ်အုပ်စုကို အနည်းဆုံးတော့ အခုလက်ရှိဝင်နေတဲ့ ပမာဏအများနဲ့ အတိုင်းမရှိဝင်နေတဲ့ ဒီလေယာဉ်ဆီတွေကို ပိတ်ဆို့နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့လို အရပ်ဘက်အဖွဲ့အစည်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေကလည်း လေကြောင်းအားသာချက်နဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ စစ်ကောင်စီဆီ လေယာဉ်လောင်စာဆီ မရောက်အောင် ကြိုးပမ်းနေတယ်လို့ ပြောကြပါတယ်။
စစ်ကောင်ဆီကို လေယာဉ်ဆီ ဖြတ်တောက်ရေးအတွက် ကုလလုံခြုံရေးကောင်စီမှာ မဖြစ်မနေလိုက်နာဖို့လိုတဲ့ ဆုံးဖြတ်ချက် (Binding resolution) ချမှတ်နိုင်တာမျိုးအထိ ထိထိရောက်ရောက်ဖြစ်လာအောင် ကြိုးစားနေတယ် လို့
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။
“ဒီလေယာဉ်ဆီသွင်းတဲ့ ကုမ္ပဏီတွေအပြင် မြန်မာနိုင်ငံကိုပို့နေတဲ့ လေယာဉ်ဆီသင်္ဘောတွေကို အာမခံရောင်းနေတဲ့ကုမ္ပဏီတွေကို ဖိအားပေးအရေးယူဖို့အတွက်ကို ကျွန်တော်တို့တွေ တိုက်တိုက်တွန်းတွန်း ချိတ်ဆက်ဆောင်ရွက်နေတာတွေရှိပါတယ်။ နောက်ပြီးတော့ ကုလသမဂ္ဂမှာဆိုရင်လည်း ဒီဗီတိုအာဏာရှိပေမယ့်လည်း လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မဖြစ်မနေလိုက်နာဖို့လိုတဲ့ ဆုံးဖြတ်ချက် (Binding resolution) ချမှတ်နိုင်တာမျိုး ထိထိရောက်ရောက် ရအောင်လည်းလုပ်ကိုင်နေတာရှိပါတယ်”
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ တာဝန်ရှိသူ ကိုမိုက် (Mike) ကတော့ အခုလိုလှုပ်ရှားမှုက ထိရောက်မှုရှိလာလိမ့်မယ်လို့ ခန့်မှန်းပါတယ်။
“ဒီလှုပ်ရှားမှုကနေ စစ်အုပ်စုကို အနည်းဆုံးတော့ အခုလက်ရှိဝင်နေတဲ့ ပမာဏအများနဲ့ အတိုင်းမရှိဝင်နေတဲ့ ဒီလေယာဉ်ဆီတွေကို ပိတ်ဆို့နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အနိမ့်ဆုံးအဆင့်တော့ ဒါချက်ချင်း လက်ငင်း အကျိုးသက်ရောက်မှုမရှိပေမယ့် တဖြည်းဖြည်းနဲ့ အကျိုးသက်ရောက်လာမှာဖြစ်ပါတယ်”
စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ၂ဝ၂၃ ဩဂုတ်လ ၂၃ ရက်နေ့ မှာ ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပါတယ်။
ဒီလိုပိတ်ဆို့ အရေးယူထားပေမယ့် စစ်ကောင်စီဟာ နည်းဗျူဟာသစ်တွေသုံးပြီး တင်သွင်းခွင့်ရနေတဲ့ အထောက်အထားအသစ်တွေ တွေ့ရှိထားတဲ့အကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဖော်ထုတ်ခဲ့ပါတယ်။
ဗီယက်နမ်မှာရှိတဲ့ သိုလှောင်ရုံကနေ မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်က အနည်းဆုံး ခုနစ်ကြိမ် လေယာဉ်ဆီ တိုက်ရိုက် တင်ပို့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေးမှာ ပါဝင်ကြိုးပမ်းနေတဲ့ ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာကတော့ ပိုပြီးထိရောက်တဲ့လှုပ်ရှားမှုဖြစ်ဖို့ နိုင်ငံတကာရဲ့မူဝါဒ အပြောင်းအလဲဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
“ပိုပြီးတော့မှ ထိရောက်တဲ့လှုပ်ရှားမှုတွေဖြစ်ဖို့ အဓိက နိုင်ငံတကာရဲ့ မူဝါဒအပြောင်းအလဲ အဲလိုပြောရင် ကုလသမဂ္ဂလည်းပါတယ်။ အာဆီယံလည်းပါတယ်။ ဆိုတော့ သူတို့တွေရဲ့ နိုင်ငံရေးဆန္ဒ၊ နိုင်ငံတကာ ဥပဒေကြောင်းအရလည်း တာဝန်ရှိတယ်ဆိုတဲ့အပေါ်မှာ ကျွန်မတို့ သူတို့ကိုပိုပြီးတော့မှ မူဝါဒပိုင်းဆိုင်ရာ တာဝန်ရှိမှုတွေကိုလည်း ဒီထက်ပိုပြီးထောက်ပြမှုတွေလုပ်ကြရမယ်ပေါ့နော်”
စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို မတ်လ ၁၀ ရက်နေ့မှာ စတင်ပြီးနောက် စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းတို့မှာ ဒေသခံပြည်သူတွေက စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က မုံရွာမြို့နယ်တွင် ပြုလုပ်ခဲ့စဉ်။ (Photo: Blood Money – သွေးစွန်းငွေ)
လေကြောင်းတိုက်ခိုက်ခံမှု အများဆုံးခံရတဲ့ စစ်ကိုင်းတိုင်းထဲက မုံရွာမြို့နယ် ဒေသခံတစ်ဦးကတော့ စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေးမှာ နိုင်ငံတကာက ပူးပေါင်းပါဝင်လာအောင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့ တောင်းဆိုပါတယ်။
“ဒီလေယာဉ်ဆီဖြတ်တောက်ရေးကို နိုင်ငံတကာက ပါဝင်လာအောင် ကမ္ဘာ့အဖွဲ့အစည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ လုံး၀ကို ထိထိရောက်ရောက် မြန်မာ့အရေးကို ကိုင်တွယ်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုချင်တယ် ခင်ဗျ”
စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုဟာ ကောင်းမွန်တဲ့ ပစ်မှတ်ထားလှုပ်ရှားမှု တစ်ခုဖြစ်တယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် နိုင်ငံတကာပဋိပက္ခလေ့လာစောင့် ကြည့်ရေးအဖွဲ့ ICG ရဲ့အကြံပေး Tom Kean က သုံးသပ်ပါတယ်။
“လက်ရှိစစ်အစိုးရကို လေယာဉ်ဆီရောင်းချတာရပ်တန့်ဖို့ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ ပိတ်ဆို့အရေးယူရေး ကမ်ပိန်းလှုပ်ရှားမှုတွေရဲ့ ဆင့်ကဲပြောင်းလဲမှု စံနမှုနာတစ်ခုပါပဲ။ ပိတ်ဆို့အရေးယူမှုကို ထောက်ခံအားပေး သူတွေဟာ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ကြီးမားတဲ့ ထိခိုက်မှုတွေပြုလုပ်ဖို့နဲ့ အာဏာကို ဆုပ်ကိုင်ထားနိုင်စေဖို့ အထောက်အကူဖြစ်စေတဲ့ သီးခြားထုတ်ကုန်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ လေတပ်ဟာ စစ်အစိုးရရဲ့ ရပ်တည်ရှင်သန်ရေးအတွက် တကယ့်ကို အရေးပါတာပါ။ ဒါကြောင့် ဒါဟာ ကောင်းမွန်တဲ့ ပစ်မှတ်ထားလှုပ်ရှားမှုတစ်ခုလို့ ပြောလို့ရပါတယ်”
ဒါပေမဲ့ ရုရှား၊ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေလို မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို မလိုလားတဲ့ နိုင်ငံတွေရှိနေတာနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီလိုအပ်ချက်ပမာဏနည်းပါးမှုတွေကြောင့် စစ်ကောင်စီကို လေယာဉ်ဆီရောင်းချမှု ရပ်တန့်ဖို့က ခက်ခဲတယ်လို့လည်း Tom Kean က သုံးသပ်ပါတယ်။
ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ သဘောထား သိရဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ လေကြောင်းတိုက်ခိုက်မှု ၁၆၅၀ ကျော်ရှိခဲ့ပြီး ပြည်သူ တစ်ထောင်နီးပါး သေဆုံးခဲ့ရတဲ့အပြင် နောက်ထပ် ကိုးရာကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဆေးရုံ ၃ဝ ရှိပြီး စာသင်ကျောင်း ၇၅ ကျောင်း ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေသေးတဲ့အတွက် ပြည်သူတွေ ထိခိုက် သေဆုံးတာတွေ ထပ်မဖြစ်ရအောင် လေယာဉ်ဆီ ရနေတာတွေကို တားဆီးပိတ်ဆို့ရေး ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်လို့ လှုပ်ရှားမှု ဦးဆောင်သူတွေက ပြောပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.