14 March 2024
မတ်လ ၁၄ ရက် ၂၀၂၄ ခုနှစ်
ကျွန်ုပ်တို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့သည် ကရင်လူမျိုးများ အသက်ရှင်ရပ်တည်ရေးအတွက် အရေးပါသောမြစ်တစ်စင်းဖြစ်သည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာဆန့်ကျင်ရေး လှုပ်ရှားမှုများ အထူးသဖြင့် ဟတ်ကြီးရေကာတာစီမံကိန်း ဆန့်ကျင်ရေးကို နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ မြစ် ချောင်းများနေ့နှင့် ရေကာတာဆန့်ကျင်ရေးနေ့တွင် ကရင်အရပ်ဖက်အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားလူမျိုးစု များနှင့် စုပေါင်းပြီး ဆန့်ကျင်ကန့်ကွက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။
ခေတ်အဆက်ဆက် အုပ်စိုးသူများ၏ဆုံးဖြတ်ချက်ဖြင့် ပြည်သူများ၏သဘောဆန္ဒမပါပဲ ရေးထိုးခဲ့သည့် သံလွင်ရေကာတာစီမံကိန်းသဘောတူစာချုပ်များသည် သံလွင်မြစ်ဝှမ်းတွင် နေထိုင်ကြသော ဌာနေတိုင်းရင်းသား များနှင့် သဘာဝအရင်းအမြစ်များ၏အနာဂတ်ကိုစတေးမည့် စီမံကိန်းများ ဖြစ်သည့်အတွက် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့အနေဖြင့် အစိုးရများ၊ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၊ နိုင်ငံတကာအဖွဲ့အစည်းများအား ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့်အတူ ပူးပေါင်းပြီး ဟတ်ကြီးရေကာတာဆန့်ကျင် ရေး စည်းရုံးလှုံ့ဆော်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများသည် စီမံကိန်းမစတင်မီကပင် ရေကာတာ တည်ဆောက်ရန်အတွက် လမ်းဖောက်လုပ်ခြင်း၊ စီမံကိန်းနေရာများတွင် လုံခြုံရေးအတွက် စစ်အင်အားတိုးချဲ့ ခြင်း များကြောင့် ထိုဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွါး လေ့ရှိပြီး ဌာနတိုင်းရင်းသားများအနေဖြင့် နေရပ်စွန့်ခွါ ထွက်ပြေးရခြင်း၊ အတင်းအဓမ္မခိုင်းစေခံရခြင်း စသောလူ့အ ခွင့်အရေးချိုးဖောက်ခံရမှုများကို ရင်ဆိုင်ခဲ့ရပြီး ဖြစ်သည်။ ယခုနှစ်များအတွင်း သံလွင်မြစ်ဝှမ်းတစ်လျှောက် ပိုမို ပြင်းထန်လာသောပဋိပက္ခများကြောင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့်ခလေးသူငယ်များ ထိခိုက်သေဆုံးမှုများ၊ အိုးအိမ်ပျက်စီးမှုများ၊ နေ့စဉ်ဘဝလုံခြုံရေးအတွက်စိန်ခေါ်မှုများ၊ နေရာပြောင်းရွှေ့ရခြင်းများပိုမိုများပြားလာခဲ့သည်။
ကမ္ဘာအဝှမ်းတွင် ဌာနေတိုင်းရင်းသားများကို ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်သူများအဖြစ် လက်ခံထား ကြပြီး ဌာနေတိုင်းရင်းသားများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အသိအမှတ်ပြုလာကြသည်။ ထို့ပြင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကိုလည်း လေးစားလိုက်နာလာကြပြီး မူဝါဒများ၊ လှုပ်ရှားမှုများတွင် ထည့်သွင်းစဉ်းစားလာကြသည်။ ကော်သူးလေ ဒေသတွင်ရှိသော သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နှင့် သောသီတောအူး ဌာနေလူမျိုးစုများဥယျာဉ်တို့သည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စီမံအုပ်ချုပ်မှုများကို မြှင့်တင်သော ဌာနေတိုင်းရင်းသား လူမျိုးစုများ၏ ကြိုးပမ်းမှုများဖြစ်သည်။
မြန်မာနိုင်ငံ၏စွမ်းအင်မူဝါဒအရ လျှပ်စစ်မီးရရှိရေးအတွက် အုပ်စိုးသူအဆက်ဆက်၊ လက်ရှိ အကြမ်းဖက် စစ်ကောင်စီနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် ဌာနေတိုင်းရင်းသားများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် စီမံအုပ်ချုပ်မှု စနစ်များကို ခြိမ်းခြောက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကို ဦးတည်နေပါသည်။ ဒေသနေပြည်သူများကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် စီမံကိန်းများသာလျှင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုကို အနည်းဆုံးလျှော့ချနိုင်မည် ဖြစ်သည်။ ပြည်သူ များပါဝင်ဆုံးဖြတ်ပိုင်ခွင့်မရှိသော ရေကာတာစီမံကိန်းများတည်ဆောက်ပြီး မြန်မာနိုင်ငံ၏လျှပ်စစ်မီး လိုအပ်ချက် ကို ဖြည့်ဆည်းရန် ကြိုးပမ်းဆောင်ရွက်မှုများသည် ဌာနေတိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာ ဓလေ့ထုံးတမ်းများကို ပျောက်ကွယ်သွားစေရန် လုပ်ဆောင်မှုများဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးစုများ နေ ထိုင်ရာဒေသများတွင် အဖျက်စွမ်းအားကြီးမားသော ရေကာတာတည်ဆောက်ရေး ကြိုးပမ်းမှုများကို ရပ်တန့်ရန် အတွက် ယနေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နှင့် ရေကာတာဆန့်ကျင်ရေးနေ့တွင် ကျွန်ုပ်တို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့မှ သံလွင်မြစ်ရေကာတာစီမံကိန်းများနှင့် မြန်မာနိုင်ငံရှိ မြစ်ချောင်းများ၏ အနာဂတ်အတွက် အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။
တိုင်းရင်းသား တော်လှန်ရေး အစုအဖွဲ့များအနေဖြင့်
၁) ပြည်သူများ၏ သဘောဆန္ဒမပါဘဲ မိမိတို့၏ ထိန်းချုပ်ရာနေရာများတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေကာတာ စီမံကိန်းများကို ကန့်ကွက်ရန်နှင့် လက်ရှိတွင် စစ်ဘေးအန္တရာယ်ခံစားနေရသော ပြည်သူများအတွက် ထပ်ဆင့် ဒုက္ခပေးနိုင်သော ဖွံ့ဖြိုးရေး စီမံကိန်းများကို ပြည်သူများနှင့်အတူ ဆန့်ကျင်ကန့်ကွက်ရန်။
၂) တိုင်းရင်းသားများ၏ သယံဇာတအရင်းအမြစ်များကို အမြတ်ထုတ်နေသည့် ဗဟိုထိန်းချုပ်ထားသည့် စနစ်ကို သက်ဆိုးရှည်စေသည့် အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်နှင့် ဒေသအခြေပြု စီမံအုပ်ချုပ်မှုစနစ်များကို အသိအမှတ် ပြု လုပ်ဆောင်ရန်။
၃) တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများချုပ်ငြိမ်း၍ ဗဟိုချုပ်ကိုင်မှုစနစ်ရပ်တန့်ပြီး တိုင်းရင်း သားများ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိမှသာလျှင် ဒေသနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေး စီမံကိန်းများကို ထည့်သွင်းစဉ်း စားရန်
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့်
၁) ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို လေးစားလိုက်နာပြီး ဖက်ဒရယ်စနစ် သံယံဇာတ စီမံအုပ်ချုပ် မှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သင့်လျော်သော မူဝါဒများကို ထည့်သွင်းရေးဆွဲရန်။
၂) စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို နိုင်ငံတကာသို့ စည်းရုံးလှုံ့ဆော်ရန်နှင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
၃) စစ်အာဏာသိမ်းမှုကာလအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအား သုတေသနပြုလုပ်ပြီး ထိုက်သင့် သော ကုစားမှုများကို လုပ်ဆောင်ရန်။
နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်
၁) ပတ်ဝန်းကျင်နှင့် လူမှုဘဝအတွက် ထိခိုက်မှုနည်းသော အစိမ်းရောင်စွမ်းအင်စီမံကိန်း (ပြန်ပြည့်မြဲစွမ်းအင်စီမံ ကိန်း) များကို တွန်းအားပေး လုပ်ဆောင်ရန်။
၂) မြန်မာနိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ထိခိုက်ခံစားရသော ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများကို တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းများနှင့် အတူ ဆောင်ရွက်ရန်။
ဆက်သွယ်ရန်_
စောအယ်ထီးကော် _ +၆၆ ၉၆၂၈၄၂၅၁၃ (signal) (မြန်မာ၊ ကရင်)
နန်းတကော်အွာ _ +၉၅ ၉၇၉၃၉၃၀၅၄၀ (signal) (မြန်မာ၊ အင်္ဂလိပ်)
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.