02 March 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင်အသက်သွင်းပြီး အဓမ္မစစ်သားစုဆောင်းတာဟာ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုနိုင်တာကြောင့် ချက်ချင်းအရေးယူပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အရပ်ဖက်အဖွဲ့အစည်း လေးရာဝန်းကျင်က လက်မှတ်ရေးထိုးပြီး မတ်လ ၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) မှာ ဥက္ကဋ္ဌဖြစ်လာမဲ့ ဂျပန်နိုင်ငံအနေနဲ့ စစ်ကောင်စီအပေါ် စီးပွားရေးအရ ပစ်မှတ်ထားပိတ်ဆို့အရေးယူဖို့၊ လက်နက်တင်ပို့ရောင်းချတာတွေ အလုံးစုံပိတ်ဆို့ဖို့နဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) လွှဲပြောင်းပေးဖို့အတွက် ဆုံးဖြတ်ချက်ချနိုင်အောင် အရေးပေါ်အစည်းအဝေးခေါ်ယူဖို့လည်း တောင်းဆိုထားပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းတာနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင် ကာကွယ်စောင့်ရှောက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီက အတင်းအဓမ္မစစ်မှုထမ်းခိုင်းဖို့ ကြိုးပမ်းတာဟာ အရင်ကမကြုံဖူးတဲ့ နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေထက် ပိုမိုဆိုးဝါးစေပြီး လူထုကို သူတို့ရဲ့ အမိန့်တွေ နာခံလာဖို့၊ အကြောက်တရားလွှမ်းမိုးလာဖို့၊ ပြည်သူအချင်းချင်းသတ်ဖြတ်စေဖို့၊ တိုင်းရင်းသားအချင်းချင်းကြား ပဋိပက္ခတွေနဲ့ ဘာသာရေးတင်းမာမှုတွေ မီးထိုးပေးဖို့အတွက် စိတ်ဓာတ်စစ်ဆင်ရေးအရ ဒီဥပဒေကို အကောင်အထည်ဖော်လာတာလို့ ဆိုပါတယ်။
ဒီအချိန်မှာ စစ်မှုထမ်းအသစ်တွေကို လူသားဒိုင်းတွေ၊ ပေါ်တာတွေနဲ့ ရှေ့တန်းတိုက်ခိုက်ရေးသမားတွေအဖြစ် အသုံးချပြီး ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်တာ ပေါ်လွင်ထင်ရှားနေတယ်လို့လည်း ဝေဖန်ထားပါတယ်။
ဒီလုပ်ရပ်ဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ မှာတောင်းဆိုထားတဲ့ နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်မှု အားလုံးကို ရပ်တန့်ရမယ်ဆိုတဲ့အချက်ကို လုံးဝဆန့်ကျင်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
ရခိုင်ပြည်နယ်က ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့အတွက် အဖမ်းခံရတာ၊ ပဲခူးတိုင်းနဲ့ ရန်ကုန်မြို့တွေက ပြည်သူတွေ စစ်မှုထမ်းဖို့ အဓမ္မစေခိုင်းခံနေရပြီး လွတ်မြောက်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံတွေကို ပိုက်ဆံပေးရတာတွေ၊ ငွေညစ်ခံရတာတွေ ကြုံနေရတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဒီပြည်သူ့စစ်မှုထမ်းဥပဒေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေ နှစ်ခုစလုံးအောက်မှာ ခေတ်သစ်ကျွန်ပြုတာ ဒါမှမဟုတ် အဓမ္မလုပ်အားခိုင်းစေတာဖြစ်တယ်လို့ ဆိုပါတယ်။
အသက်ပြည့်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ကြေညာခဲ့တာပါ။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.