02 March 2024
တနင်္သာရီတိုင်းမ်၊ မတ် ၂
မြန်မာစစ်အုပ်စုက အတင်းအဓမ္မစစ်သားစုဆောင်းနေမှုဟာ မြန်မာနိုင်ငံနဲ့ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်တာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၃၉၇ ဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။
စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရေးဟာ ပြည်သူတွေကို လူသားဒိုင်းတွေ၊ ပေါ်တာတွေနဲ့ ရှေ့တန်းတိုက်ခိုက်ရေးသမားတွေအဖြစ် အသုံးချကာ ရက်စက်ကြမ်းကြုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပြီး ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၂၆၆၉ မှာပါတဲ့ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရမယ်ဆိုတဲ့ အချက်နဲ့ လုံးဝဆန့်ကျင်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၄၀၀ နီးပါးတို့ရဲ့ တောင်းဆိုချက်ထဲမှာ ထောက်ပြထားပါတယ်။
လူငယ်တွေဟာ စစ်မှုထမ်းဖို့အတွက် ပြန်ပေးဆွဲခံရတာ၊ ဖိအားပေးခံရတာတွေ ရှိနေပြီး ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ ရာချီတဲ့ ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးတာတွေ ရှိနေတယ်လို့လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ အဆိုကို ကိုးကားဖော်ပြထားပါတယ်။
ပဲခူးတိုင်းနဲ့ ရန်ကုန်မြို့နေ ပြည်သူတွေမှာ စစ်မှုထမ်းခြင်းကနေ လွတ်မြောက်ဖို့အတွက် စစ်အုပ်စုလက်အောက်ခံတွေကို လာဘ်ထိုးရတာ၊ ငွေညှစ်ခံရတဲ့ ကိစ္စတွေ မလွှဲမရှောင်သာ ကြုံနေရသလို အထည်ချုပ်လုပ်သားတွေ၊ ဘေးဖယ်ကျဉ်ခံထားရသူတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေဟာ စစ်အုပ်စုရဲ့ အချက်အလက်စုဆောင်းနေမှုကနေ ရှောင်လွှဲဖို့အတွက် နည်းလမ်းမရှိဘူးလို့ ပြည်သူတွေရဲ့ အခြေအနေကို တောင်းဆိုချက်မှာ ထည့်သွင်းထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာလည်း အလုပ်အကိုင်ဝန်ဆောင်မှုတွေကနေ အလုပ်သမားသစ်ခေါ်ယူမှုကို ရပ်ဆိုင်းထားပြီး မြန်မာပြည်က ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်ထားတာကြောင့် ဒါဟာ အိမ်နီးချင်းနိုင်ငံတွေဆီကို ဒုက္ခသည်တွေနဲ့ လူကုန်ကူးခံရသူတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာဖို့ ဦးတည်စေမှာ ဖြစ်ပြီး ဥပဒေအရ လုံလောက်တဲ့ အကာအကွယ်မရရှိတာနဲ့ ပြန်ပို့ခံရမယ့် အန္တရာယ်ဖြစ်ပေါ်စေလိမ့်မယ်လို့ အရပ်ဘက်အဖွဲ့စည်းတွေက တွက်ချက်ပြောဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ဟာ အတင်းအဓမ္မစစ်မှုထမ်းစေခြင်း ကိစ္စ အပါအဝင် စစ်အုပ်စုကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေအတွက် တရားဝင်အကာအကွယ်ပေးဖို့ ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
တောင်းဆိုချက်ထဲမှာ အခုလအတွင်း လုံခြုံရေးကောင်စီ UNSC ဥက္ကဌဖြစ်လာမယ့် ဂျပန်နိုင်ငံအနေနဲ့ စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူပိတ်ဆို့ဖို့နဲ့ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံ ပိတ်ဆို့ရေး လုပ်ဆောင်သွားဖို့၊ မြန်မာအကျပ်အတည်းကို နိုင်ငံတကာခုံရုံး ICC ကို လွှဲပြောင်းဖို့ (သို့) အရေးပေါ်ခုံရုံးတခု တည်ထောင်ရန်အတွက် အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူဖို့ ဆိုတဲ့ အချက်တွေလည်း ပါရှိပါတယ်။
တောင်းဆိုထားတဲ့ အရပ်ဖက်အဖွဲ့အစည်း ၃၉၇ ဖွဲ့ထဲမှာ Dawei Youths Revolutionary Movement Strike Committee၊ Green Network (Myeik)၊ Southern Youths Development Organization စတဲ့ အဖွဲ့တွေအပြင် ပြည်တွင်းဒေသအသီးသီးနဲ့ နိုင်ငံတကာမှာရှိတဲ့ မြန်မာအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ပါဝင်တာကို တွေ့ရပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.