03 February 2024
တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၃
ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ဟာ စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် ပစ်မှတ်ထားကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိရောက်တဲ့အစီအမံတွေကို ဖော်ဆောင်ရမယ့်အစား အာဆီယံနဲ့ သူတို့ရဲ့ ကျရှုံးနေတဲ့ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus -5PC) အပေါ် မှားယွင်းစွာ မှီခိုနေတယ်လို့ တော်လှန်ရေးအင်အားစု ၅၀၀ နီးပါးတို့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
စစ်အုပ်စုတွေရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို အဆုံးသတ်ဖို့နဲ့ မြန်မာပြည်သူတွေကို ကာကွယ်ဖို့ UNSC က အရေးယူမှုတွေ အရေးတကြီး ဆောင်ရွက်ပေးဖို့ ဆိုပြီး ကုလလုံခြုံရေးအဖွဲ့ဝင်နိုင်ငံတွေဆီကို တော်လှန်ရေးလုပ်ဆောင်နေတဲ့ အရပ်ဘက်လူထုအဖွဲ့အစည်း ၄၆၂ ဖွဲ့တို့က ပေးပို့တဲ့ တောင်းဆိုစာထဲမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စာထဲမှာ စစ်အုပ်စုရဲ့ လူထုတွေအပေါ် အကြမ်းဖက်နေမှုတွေကို UNSC အနေနဲ့ တုံ့ပြန်ရာမှာ ထိရောက်မှုမရှိခြင်းနဲ့ အရေးယူဆောင်ရွက်မှု ကင်းမဲ့နေခြင်းအပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ရေးသားထားပါတယ်။
ကုလလုံခြုံရေးကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလကတည်းက ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ချမှတ်ခဲ့ပေမယ့် အဆိုပါ ဆုံးဖြတ်ချက်ဟာ စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ပြီး အချိန်အတော်နှောင်းမှ ချမှတ်ခဲ့သလို ယင်း ၂၆၆၉ ချမှတ်ပြီးနောက်ပိုင်းမှာလည်း စစ်အုပ်စုက ကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေကို ကာကွယ်တားဆီးနိုင်ရန်အတွက် တစုံတရာ မတွေ့ရှိရဘူးလို့ ထောက်ပြထားပါတယ်။
UN ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ထဲမှာ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူတွေအားလုံးကို လွှတ်ပေးဖို့ဆိုတဲ့ အချက် ပါဝင်ပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ချမှတ်ခဲ့အပြီးမှာ စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၉၀၉ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး ကလေးသူငယ် အပါအဝင် အရပ်သား ၃၆၀ ကျော် သေဆုံးခဲ့ရသလို နေအိမ်ပေါင်း ၈၀၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းကြိုးစားချိန်ကစပြီး ပြည်သူပေါင်း ၄၄၅၀ ကို စစ်တပ်က သတ်ဖြတ်ခဲ့သလို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၂၀၀၀၀ နီးပါးတို့ကို စစ်အုပ်စုက အကျဉ်းချထားဆဲ အခြေအနေကိုလည်း ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဆီ ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး UNSC ဘက်က ရိုဟင်ဂျာတွေဟာ ဘေးကင်းလုံခြုံစွာနဲ့ မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးအတွက် စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့ ပြောခဲ့ပေမယ့် စစ်တပ်ကတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စမ်းသပ်စီမံချက်ကို ဆက်လက်နေဆဲဖြစ်သလို ရိုဟင်ဂျာဒုက္ခသည်တွေဟာ ၂၀၂၃ ထဲမှာ အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် တနှစ်ထဲ မြန်မာနဲ့ ဘင်္လားဒေ့ရှ်ကနေ စွန့်စားထွက်ခွာလာရင်းနဲ့ သေဆုံး၊ ပျောက်ဆုံးသွားသူ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း အနည်းဆုံး ၅၆၉ ဦးရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်ထားပါတယ်။
စစ်ပဋိပက္ခကြောင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော်အထိရှိလာပေမယ့် အာဆီယံ၊ ကုလအေဂျင်စီနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေဟာ လူသားချင်စာနာမှု အကူအညီပေးရေးအတွက် စစ်အုပ်စုနဲ့ ပူးပေါင်းနေဆဲဖြစ်တာကြောင့် ယင်းအခြေအနေတွေကို ရပ်တန့်ဖို့ အရပ်ဘက်လူထုအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC အနေနဲ့ မြန်မာ့အကျပ်အတည်းကို နိုင်ငံတကာတရားရုံး ICC သို့ လွှဲပြောင်းရန် (သို့) ယာယီအထူးခုံရုံးတခု တည်ထောင်ရန်၊ လက်နက်၊ ခဲယမ်း၊ စစ်ဘက်-အရပ်ဘက်သုံး နည်းပညာနဲ့ လေယာဉ်လောင်စာဆီတွေ စစ်အုပ်စုက လက်လှမ်းမမီဖို့ တကမ္ဘာလုံးလွှမ်းခြုံမှုရှိတဲ့ လက်နက်တင်ပို့ရောင်းချမှုတွေကို တားမြစ်ရေး၊ စစ်အုပ်စု အပါအဝင် ပတ်သက်ဆက်နွှယ်နေသူတွေရဲ့ ဘဏ္ဍာရေး အရင်းအမြစ်ကို ပစ်မှတ်ထားကာ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က တောင်းဆိုထားတာ ဖြစ်ပါတယ်။
အခုအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကုလလုံခြုံရေးကောင်စီမှ အဓိပ္ပာယ်ပြည့်ဝတဲ့ လုပ်ကိုင်ဆောင်ရွက်မှုကနေတဆင့် မြန်မာပြည်သူတွေနဲ့ တသားတည်းရှိရမယ့်အချိန်ဖြစ်တာကြောင့် မြန်မာနိုင်ငံအပေါ် UNSC ဆုံးဖြတ်ချက်သစ်တရပ် ချမှတ်လုပ်ဆောင်ပေးဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.