31 January 2024
ချက်ချင်းထုတ်ပြန်ရန်
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ အစီအစဥ်ကို ခြွင်းချက်မရှိ ရှုတ်ချရမည်ဖြစ်ပြီး စစ်အုပ်စုမှ အတင်းအဓမ္မပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်နေမှုများ အပေါ် အထောက်အပံ့ဖြစ်စေမည့် မည်သည့် နိုင်ငံရေး၊ ဘဏ္ဍာရေး သို့မဟုတ် နည်းပညာဆိုင်ရာ အထောက်အပံ့ကိုမဆို ရပ်တန့်ရမည်။ ယင်းအစား ၎င်းတို့၏ အကူအညီများကို ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေးလုပ်ဆောင်နေကြသည့် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို တိုက်ရိုက် ကူညီပံ့ပိုးရမည်ဟု ရှေ့ပြေးအသံအဖွဲ့က ပြောသည်။
“လုံးဝအုပ်ချုပ်ခွင့်မရစေရ” – စစ်အုပ်စု၏ ပြိုလဲပျက်စီးလာသော အတုအယောင်ရွေးကောက်ပွဲ အစီအစဥ် ဟု အမည်ပေးထားသော စာတမ်းတိုတွင် စစ်အုပ်စုသည် ဒီမိုကရေစီနည်းကျ လုပ်ပိုင်ခွင့်အာဏာ ရရှိရေး၊ ၎င်းတို့ ပုံဖော်နေသည့် “ပုံမှန်အနေအထား” ကို အသက်သွင်းရေး၊ နှင့် ၎င်းတို့ အပူတပြင်း လိုအပ်နေသည့် နိုင်ငံတကာတရားဝင်မှု ရရှိရေး တို့အတွက် ကြံစည်လုပ်ဆောင်နေသည့် အတုအယောင် ရွေးကောက်ပွဲဆိုင်ရာ စစ်အုပ်စု၏အစီအစဥ်နှင့် အခြားသော မြေပြင်လုပ်ဆောင်မှုများကို သုံးသပ်တင်ပြထားပါသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူ ၂၇.၅ သန်းကျော် မဲပေးခဲ့ကြပြီး စစ်တပ်အုပ်ချုပ်မှုကင်းသော ဒီမိုကရေစီနည်းကျ အနာဂတ်တစ်ခုကို လိုလားတောင့်တနေကြသည့် မြန်မာ ပြည်သူများ၏ မဆုတ်မနစ်သော ကတိကဝတ်ကို ရွေးကောက်ပွဲရလဒ်မှတစ်ဆင့် ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ ထိုမဲပေးမှုသည် မြန်မာနိုင်ငံတွင် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်နိုင်ရန် တိုင်းရင်းသားကောင်စီများ နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများတို့နှင့် ပူးတွဲလုပ်ဆောင်နေသော တရားဝင် ကြားကာလအစိုးရ ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) မှတစ်ဆင့် သက်ရောက်မှု ရှိနေဆဲ ဖြစ်သည်။
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအစီအစဥ်သည် မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများနှင့် ဆက်နွှယ်လျက်ရှိသည်။ စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲကို ပြင်ဆင်ရန်အတွက် ၎င်းတို့အား ဆန့်ကျင်သူများကို ဖိနှိပ်မှုများ လုပ်ဆောင်ရန်၊ နိုင်ငံရေးပါတီများကို တရားမဝင် ဖျက်သိမ်းရန်၊ နှင့် ၎င်းကြိုးကိုင်ပြင်ဆင်ထားသည့် ရွေးကောက်ပွဲတွင် သေချာပေါက် အနိုင်ရရန် တို့အတွက် ပြီးခဲ့သော သုံးနှစ်တာကာလအတွင်း ဆိုးရွားပြင်းထန်သော ဥပဒေများကို ချမှတ်လုပ်ဆောင်ခဲ့သည်။
ကျရှုံးနေသော အာဏာသိမ်းရန်ကြိုးပမ်းချိန်မှစ၍ မြန်မာပြည်သူများ၏ စည်းလုံးညီညွတ်သော၊ ဟန်ချက်ညီသော ခုခံတော်လှန်ရေးလှုပ်ရှားမှုက စစ်အုပ်စုနှင့် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲ အစီအစဥ်ကို အခိုင်အမာ ငြင်းပယ်ထားထားပြီး ဖြစ်သည်။ သို့ဖြင့် မြန်မာပြည်သူများသည် စစ်အုပ်စုမှ နိုင်ငံကိုထိန်းချုပ်နိုင်မှု မရှိစေရန် စုပေါင်းညီညွတ်စွာ ကာကွယ်တားဆီးနိုင်ကြသည်။ ထို့ကြောင့် စစ်အုပ်စုတွင် ရွေးကောက်ပွဲတစ်ရပ်ကို စီစဥ်ကျင်းပနိုင်သည့် တရားဝင်မှု စိုးစဥ်မျှ မရှိပေ။
ယနေ့အချိန်တွင် ပြည်သူလူထု၏ ခုခံတော်လှန်မှုကြောင့် စစ်အုပ်စုသည် နိုင်ငံ၏ အဓိက အစိတ်အပိုင်းများတွင် ထိရောက်စွာ စီမံအုပ်ချုပ်နိုင်စွမ်း မရှိပေ။ နိုင်ငံတစ်ဝန်းတွင် ခုခံတော်လှန်ရေး အစုအဖွဲ့များသည် အားလုံးပါဝင်သော ပြည်သူကိုဗဟိုပြုသည့် အောက်ခြေမှအထက်သို့ စီးဆင်းသည့် အုပ်ချုပ်မှုပုံစံဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နေလျက်ရှိသည်။
ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့်ဥက္ကဌဖြစ်သူ ဒေါ်ခင်ဥမ္မာက “တရားဝင်မှုမရှိတဲ့ ဒီလူသတ်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့အတွက် သူတို့မှာ လုပ်ပိုင်ခွင့် လုံးဝမရှိပါဘူး။ တရားဝင်မှုရရှိရေးအတွက် စစ်အုပ်စုရဲ့ အသည်းအသန်ကြိုးပမ်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လိုက်ပါမသွားဖို့ လိုပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီတရားဝင်မှုဟာ မြန်မာနိုင်ငံရဲ့ ဘက်ပေါင်းစုံအကျပ်အတည်းရဲ့ အတိမ်အနက်အပေါ် မှားယွင်းစွာ ဖော်ပြမှုကို လက်နက်တပ်ဆင်ပေး လိုက်သလိုဖြစ်သွားပြီး စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် ဆယ်စုနှစ်ချီကြာ ဖိနှိပ်မှုကို ပိုမိုရှည်ကြာသွားစေလိမ့်မယ်” ဟု ပြောသည်။
“ရှေ့လျှောက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အစီအစဥ်အတွက် နိုင်ငံရေး၊ နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးနဲ့ အခြားသော အထောက်အကူပြုပစ္စည်း အားလုံးကို ရပ်တန့်ရမှာ ဖြစ်တယ်။ အဲဒီအစား ဖက်ဒရယ်ဒီမိုကရက်စီနည်းကျ မြန်မာနိုင်ငံတည်ထောင်ရေး အတွက် အရပ်ဘက်လူထုအဖွဲ့အစည်း၊ လူထုအခြေပြုအဖွဲ့အစည်း၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တို့ကနေတစ်ဆင့် နိုင်ငံတစ်ဝန်းမှာ ဖြစ်ပေါ်လာနေတဲ့ အောက်ခြေကနေ အထက်ကိုဦးတည်တဲ့ တိုင်းပြည်တည်ထောင်ရေး ကိစ္စရပ်တွေအပေါ် ချက်ချင်းပြောင်းလဲ ကူညီပေးရမှာ ဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ယခုစာတမ်းတိုကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ရှေ့တန်းရှိ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နေသူများ၊ ပြည်တွင်းမီဒီယာများ၊ နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ တို့၏ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများနှင့် ထုတ်ပြန်ချက်များ အပါအဝင် ရှိနှင့်ပြီးသား အချက်အလက်များအား သုတေသနပြုမှုများမှ ရရှိလာသော အချက်အလက်များအပေါ် အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။
“လုံးဝအုပ်ချုပ်ခွင့်မရစေရ” – စစ်အုပ်စု၏ ပြိုလဲပျက်စီးလာသော အတုအယောင်ရွေးကောက်ပွဲ အစီအစဥ် စာတမ်းတိုကို ဤနေရာတွင် download ရယူနိုင်ပါသည်။ https://bit.ly/42nk1Fm
ရှေ့ပြေးအသံအဖွဲ့ အကြောင်း
ရှေ့ပြေးအသံအဖွဲ့သည် အရပ်ဘက်လူထုအသိုင်းအဝိုင်းအား အခြေပြုလျက် လူထုပူးပေါင်းပါဝင်မှုဖြင့် လူ့အခွင့် အရေးကို အခြေခံသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူထုအခြေပြု အဖွဲ့အစည်းများတို့နှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပါသည်။ http://progressivevoicemyanmar.org/
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.