မြန်မာနိုင်ငံတွင် စနစ်ချလုပ်ဆောင်သည့် အကြမ်းဖက်မှုများ ပျံ့နှံ့ဖြစ်ပွားခြင်း သုံးနှစ်ရှိလာချိန်တွင် ကျူးလွန်သူများ၏ ပြစ်မှုကို ညွှန်ပြနေသည့် အထောက်အထားများ ပိုမိုတွေ့လာရ

30 January 2024

မြန်မာနိုင်ငံတွင် စနစ်ချလုပ်ဆောင်သည့် အကြမ်းဖက်မှုများ ပျံ့နှံ့ဖြစ်ပွားခြင်း သုံးနှစ်ရှိလာချိန်တွင် ကျူးလွန်သူများ၏ ပြစ်မှုကို ညွှန်ပြနေသည့် အထောက်အထားများ ပိုမိုတွေ့လာရ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအကြီးအကဲ Nicholas Koumjian ၏ ထုတ်ပြန်ချက်

ဂျီနီဗာ၊ ၂၀၂၄ ဇန်နဝါရီ ၃၀ – မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းခြင်း၊ စစ်အစိုးရကို ဆန့်ကျင် ပြောဆိုရဲသူများကို ဖမ်းဆီးခြင်းကစပြီး နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသည်ကို အများအပြား တွေ့ခဲ့ရသည်။ နိုင်ငံရေးပြိုင်ဘက်များနှင့် သတင်းသမားများအပါအဝင် ထောင်နှင့်ချီသည့် ဖမ်းဆီးထိန်းသိမ်းမှုများကို လျော်ကန်သော ဥပဒေလုပ်ထုံးလုပ်နည်းမရှိဘဲ လုပ်ဆောင်ခဲ့ကြပြီး လိင်အကြမ်းဖက်မှု အပါအဝင် ညှင်းပန်းနှိပ်စက်မှုနှင့် အခြားဖောက်ဖျက်မှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်လာခဲ့ပြီး အဆိုပါ လက်နက်ကိုင်ပဋိပက္ခများအတွင်း လေကြောင်းမှ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှု၊ အရပ်သားအမြောက်အမြားသေဆုံးမှု၊ ဖမ်းဆီးထားသူများကို အစုအပြုံလိုက်သတ်ဖြတ်မှု၊ ကိုယ်လက်အင်္ဂါဖြတ်တောက်မှု၊ မုဒိမ်းမှုနဲ့ ရွာလုံးကျွတ် တမင်မီးရှို့မှုများ အပါအဝင် ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြသည်။ လူထောင်နှင့်ချီ အသက်ဆုံးရှုံးကြရသကဲ့သို့ လူနှစ်သန်းခန့်လည်း အိုးအိမ်ပစ်ကာ ထွက်ပြေးခဲ့ကြရသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း အထက်ပါရာဇဝတ်မှုများနှင့်သက်ဆိုင်သော အထောက်အထားများကို ရာနှင့်ချီသည့် အရင်းအမြစ်များမှတဆင့် စုဆောင်းနေသည်။ ဤရာဇဝတ်မှုများသည် တသီးတခြားဆီ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ချမှတ်ထားသည့် အဖွဲ့အစည်းဆိုင်ရာ မူဝါဒတစ်ရပ်အဖြစ် စစ်အစိုးရက နေရာအနှံ့ စနစ်တကျ အကွက်ချဖော်ဆောင်သည့် ပုံစံမျိုး ဖြစ်နေကြောင်း အဆိုပါအထောက်အထားများက အတိုင်းသား ပြသနေသည်။ ဤရာဇဝတ်မှုများအတွက် မည်သူ့ကိုမျှ အရေးမယူရသေးသလို မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုကင်းမဲ့နေသည့်ဓလေ့ကိုလည်း ပိုမို အားကောင်း အမြစ်တွယ်စေသည်။

ရှင်သန်လွတ်မြောက်လာသူများ၊ ဘက်ပြောင်းလာသူများနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များ အပါအဝင် ရရှိထားသည့် အချက်အလက်များကို ဆန်းစစ်သုံးသပ်ခြင်းဖြင့် ဤရာဇဝတ်မှုများအတွက် တာဝန်ရှိသူများအား ဖော်ထုတ်နိုင်မည့် အထောက်အထားများကို ကျွန်ုပ်တို့ စုဆောင်းပြင်ဆင်နေသည်။ ယင်းတို့အနက် အထက်ပါမူဝါဒများကို ညွှန်ကြားသူများ၊ မြေပြင်တွင်၊ ဝေဟင်တွင် သို့မဟုတ် အကျဥ်းထောင်များတွင် ရာဇဝတ်မှုများ ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်သူများ ပါဝင်သည်။ အဆိုပါ ရာဇဝတ်မှုများကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်သူများ၊ ကျူးလွန်ရန် အမိန့်ပေးသူများအပြင် မိမိ၏ကွပ်ကဲမှုအောက်ရှိ ရာဇဝတ်မှုကျူးလွန်သူများအား အပြစ်ပေးရန် ပျက်ကွက်သူများကိုလည်း ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးနေသည်။

လက်ရှိနှင့် အတိတ်က ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အသစ်ရရှိသော အချက်အလက်များကို ယန္တရားက ဆက်လက် စုဆောင်းသုံးသပ်လျက်ရှိပြီး အချက်အလက်တိုင်းသည် ကျူးလွန်သူများ တရားရင်ဆိုင်ရစေရန် ပို၍ နီးစပ်လာစေသည်။ လက်ရှိတွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ ဤရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအား တရားစွဲမည့် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများ၊ ခုံရုံးများရှိ သက်ဆိုင်ရာအာဏာပိုင်များ၏ တရားစွဲဆိုမှုလုပ်ငန်းများကို ကူညီပံ့ပိုးရန် ကျွန်ုပ်တို့ အမြဲသင့်ရှိနေသည်။ တချိန်ချိန်တွင် ဤအထောက်အထားများကို တရားရုံးသို့ တင်သွင်းပြီး ကျူးလွန်သူများကို အရေးယူနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင်  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့်  နိုင်ငံတကာ တရားရုံးများတွင် တာဝန်ရှိသူများအပေါ် အနာဂတ်တရားစွဲဆိုမှုများပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် https://iimm.un.org ကို ကြည့်နိုင်သလို [email protected] ကို ဆက်သွယ်နိုင်ပါသည်။


View the original in English | Burmese

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia