11 January 2024
ကန္တာရဝတီတိုင်း(မ်)
“ မိဘဆိုတာကလေ ကိုယ့်သားသမီး ကိုယ့်ကို သင်္ဂြိုလ်တာ ပိုပြီး တင့်တယ်တယ်ပေါ့။ အခုက သားသမီးကို ပြန်ပြီး သင်္ဂြိုလ်ရတဲ့ အနေအထားဖြစ်နေခါကျတော့ ကျမတို့ကလေ ဖြေဆည် လို့မရဘူး။ “လို့ ၂၀၂၃ခုနှစ်၊ နို၀င်ဘာလအတွင်း တော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ အစ်ကိုဖြစ်သူ ဒေးဗစ်ကို အမှတ်ရရင်းညီမဖြစ်သူက ပြောလာပါတယ်။
ဒေးဗစ်ဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၂၀ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူဖြစ်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းက တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ရင်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ က စစ်ကောင်စီရဲ့ လေယာဉ်ကနေ လက်နက် ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့ရတယ်လို့ မိသားစုဝင်ထံကနေသိရှိရပါတယ်။
သူကျဆုံးသွားတာနဲ့ ပတ်သက်ပြီး မိသားစုတွေက ဒီနေ့ထိတိုင် မမေ့နိုင်သေးဘူးလို့ ညီမဖြစ်သူကပြောပါတယ်။
“စစချင်းမှာတော့ ဘယ်သူမဆို မထင်မှတ်ဘဲနဲ့ အဲ့လိုဖြစ်တော့ ဝမ်းနည်းတာပေါ့။ အမေ ဆို ဒီအတိုင်းနေဆို ဘားမဖြစ်ဘူး။ သူ့သားလေးအကြောင်း သူတွေးမိပြီဆို ခိုးငိုတာမျိုးရှိတယ်ပေါ့။“
ဒေးဗစ်ဟာ ဒီးမော့ဆိုမြို့နယ်၊ ဥခူရီကျေးရွာ ဇာတိဖြစ်ပါတယ်။ ကိုယ်ပိုင်မိသားစုရှိပြီး ဇနီးဖြစ်သူနဲ့ ၂ နှစ်အရွယ်သားတစ်ဦး၊ လသားအရွယ် သမီးလေးတစ်ဦး ရှိပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီး စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ စိတ်အားထက်သန်သူ တစ်ယောက်ဖြစ်ခဲ့တယ်လို့ ညီမဖြစ်သူက ပြောပြပါတယ်။
“ ကျမတို့က တားတယ်ပေါ့နော နင့်ကလေးငယ်သေးတယ် မသွားနဲ့ ဆိုပြီး သူကလေ အရမ်းသွားချင်တယ် အဲ့လိုမျိုးပေါ့”
လက်ရှိမှာကျန်ရှိနေတဲ့ ဒေးဗစ်ရဲ့ မိသားစုဝင်အားလုံးက စစ်ရှောင်နေကြရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အာဏာရှင်ကျရှုံးရေးအတွက် နိုင်ငံအနှံ့စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှုများပြုလုပ်ခဲ့ကြပြီး၊ အဲဒီအထဲမှာ လူငယ်လူရွယ်တွေက အများဆုံးပါ၀င်ကြပါတယ်။
ဒေးဗစ်တို့ ကရင်နီပြည်ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး လူငယ်အများစုက ဦးဆောင်နေကြတာပါ။
တော်လှန်ရေးအတွင်း နှစ်ဖက်တိုက်ပွဲထိတွေ့မှုကြားက အောင်မြင်တဲ့ တိုက်ပွဲတွေရှိခဲ့သလို တော်လှန်ရေးတပ်သားများ အသက်ဆုံးရှုံးခဲ့ကြတဲ့ တိုက်ပွဲတွေလည်းရှိခဲ့ပါတယ်။
အသက်ဆုံးရှုံးခဲ့ကြတဲ့ တော်လှန်ရေးတပ်သားတွေဟာအမျိုးသမီးတွေလည်းရှိသလို အမျိုးသားတွေအများစုဖြစ်ကြပြီး၊ တစ်စုံတစ်ယောက်ရဲ့သားတွေ၊ အစ်ကိုတွေ၊ ခင်ပွန်းတွေ၊ ညီတွေ၊မောင်တွေ ဖြစ်ကြပါတယ်။
ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်တပ်မတော် (KA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအထဲ အာဏာသိမ်းကာလ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော် ၄၃၉ ဦး ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအထဲမှာ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်တဲ့ အန်တောနျို လည်းပါဝင်နေခဲ့ပါတယ်။ သူကတော့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ ရဲဘော်တစ်ဦးဖြစ်ပါတယ်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ရှမ်းတောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းမိုင်းကျေးရွာအနီး ထိတွေ့တိုက်ပွဲအတွင်း မှာ ဘယ်ဖက်ရင်ဘတ် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရပြီး ကျဆုံးခဲ့ရပါတယ်။
သူ့ရဲ့ ဇာတိကတော့ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းဖြစ်ပြီး ရဲဘော်လုပ်သက်ကတော့ တစ်နှစ်ကျော်ရှိပါပြီ။ အန်တောနျိုဟာ ငယ်ရွယ်သေးတဲ့ သာမန်လူငယ်တစ်ဦးလို့ ထင်ရပေမဲ့ တခြားသူတွေနဲ့ မတူဘဲ ကြီးမားလွန်းတဲ့ တာဝန်တွေကို ပုခုံးပေါ် ထမ်းဆောင်နေသူ တစ်ဦးပါ။
၂၀၂၂ ခုနှစ်အတွင်းမှာပဲ မိဘနှစ်ဦးဟာ ရောဂါအခြေအနေကြောင့် ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ခဲ့ကြပါတယ်။ အဲ့ဒီအတွက်ကြောင့် မွေးချင်းမောင်နှမ ၇ ယောက်ထဲက သားအကြီးဆုံးဖြစ်တဲ့ အန်တော်နျို တစ်ယောက် ပုခုံးထက်က မနိုင်မနင်းတာဝန်တွေကို ထမ်းရွက်ခဲ့ရတာပါ။
မိဘမရှိတော့တဲ့ နောက်ပိုင်း အစ်ကိုကြီး အဖအရာသာမက အမိအရာပါ တာဝန်ရှိနေတဲ့ အန်တော်နျိုတစ်ယောက် တော်လှန်ရေးဖက်မှာလည်း သေနတ်ထမ်းပြီး ရှေ့တန်းတွေအထိ တိုက်ပွဲဝင်နေခဲ့သူပါ။ သူဟာ မိသားစုအရေးကိုချန်ပြီး နိုင်ငံ့အရေးအတွက် အဆုံးစွန်ထိ သူ့အဖို့၊ သူ့မောင်နှမတွေအဖို့တောင် အသက်ကိုမငဲ့ပဲ ပေးဆပ်ခဲ့တာဖြစ်တယ်လို့ ဝမ်းကွဲအစ်ကိုဖြစ်တဲ့ ခွန်းသိန်းဦးကပြောတယ်။
သူဟာ ခက်ခဲတဲ့မိသားစုကနေ မွေးဖွားလာတာဖြစ်တဲ့အတွက် ပဉ္စမတန်းလောက်အထိသာ ပညာသင်ယူခဲ့ရပြီး စားဝတ်နေရေးအတွက် မိဘနဲ့အတူ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။
အန်တော်နျိုရဲ့ ဝမ်းကွဲအစ်ကိုဖြစ်တဲ့ ခွန်းသိန်းဦးကတော့ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နေသူတဦးလည်းဖြစ်ပြီး သူ့ရဲ့ ညီဖြစ်သူကျဆုံးမှုအပေါ် အခုလို ပြောဆိုပါတယ်။
“ သူ့အနေနဲ့ ငါ့ညီတွေ(ကျန်ရှိနေတဲ့မောင်နှမတွေ)ကို ထိန်းဖို့အတွက် ငါ့မိသားစုဟာပဲ ငါပို ဦးစားပေးရမယ်။ မိဘလည်းမရှိတော့ဘူး အိမ်ရဲ့ အလုပ်ကို ဦးစီးဦးဆောင်ရမယ့် ကဏ္ဍသာမက တိုက်ပွဲမှာလည်း သွားတယ်ဆိုတော့ သူ့ရဲ့ စွန့်လွှတ်မှုက သာမန်လူထက်တော့ ပိုပြီး နက်ရှိုင်းတယ်။“
မိဘဖြစ်သူနဲ့ အစ်ကိုအကြီးဆုံးဖြစ်သူ ရဲ့ ထားရစ်ခြင်းကို ခံရတဲ့ ကျန်ရစ်သူ မောင်နှမ ခြောက်ဦးကတော့ လောကကြီးကို အားကိုးရတဲ့ အစ်ကိုကြီးမရှိတော့ဘဲ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
အန်တော်နျိုရဲ့ အောက်က ညီဖြစ်သူကတော့ အသက် ၁၈ နှစ်ရှိပြီး အငယ်ဆုံးညီမကတော့ ၆ နှစ်သာ ရှိပါသေးတယ်။ လက်ရှိမှာတော့ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေက ဝိုင်းဝန်းကြည့်ရှုပေးနေတယ်လို့ သိရပါတယ်။
“ သူတို့မှာက အခက်အခဲ အများကြီးရှိကြတယ်။ ဒီခေတ် ဒီအခြေနေ ဒီကုန်ဈေးနှုန်းကြောင့် သူတို့ရဲ့ ရှေရှည် ပညာရေးက စိတ်ပူတယ်။ သူတို့ရဲ့ စားဝတ်နေရေးလည်း အများကြီးပိုစိတ်ပူတယ်။ ဖြစ်နိုင်ရင်တော့ သူတို့ကို ရေရှည်ကြည့်နိုင်တဲ့ အသင်းအဖွဲ့တခု ရှိရင်တော့ အရမ်းကောင်းမှာပဲလို့ အဲ့လိုမျိုး မြင်မိတယ်။ “ လို့ အစ်ကိုဝမ်းကွဲဖြစ်သူ ခွန်းသိန်းဦးက ဆက်ပြောသွားပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ မှာတော့ တော်လှန်ရေးကာလအတွင်း အသက်ပေးဆပ်ခဲ့တဲ့သူ တပ်ခွဲမှူးအပါအဝင် ရဲဘော် စုစုပေါင်း ၁၂ ဦးရှိသွားပြီဖြစ်တယ်လို့ သတင်းနဲ့ပြည်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို လစဉ်ငွေငါးသောင်းကျပ် ထောက်ပံ့ပေးတာရှိပြီး တော်လှန်ရေးကာလအတွင်း အသက်ပေးဆပ်ခဲ့မှုအပေါ် မမေ့လျော့ကြောင်းနဲ့ အမြဲသတိရရှိနေမှာ ဖြစ်တဲ့အကြောင်း ဖော်ပြလိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့ မှာဆိုရင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးဟာ လက်ရှိ ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလအထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
စစ်ဆင်ရေးအတွင်း တိုက်ပွဲဝင်ရင်း ကျဆုံးသွားရတဲ့ ရဲဘော်တွေအထဲ KNDF တပ်ရင်း ၉ မှ ရဲဘော် ဖရန်းစစ် (ခ) ပေါက်စီ လည်းပါဝင်ခဲ့ပါတယ်။ သူကတော့ ဒုစိပ်မှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကြောင့် ပွဲချင်းပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။
“ သူ့လို လူမျိုး မိသားစုမှာ ရှာလို့မရနိုင်တော့ဘူးပေါ့နော။ ဒီတချက်ကတော့ အဓိက ခံစားရတာပေါ့။ သူ့လို လူမျိုးဆိုတာက သူက သွက်လက်ဖြတ်လတ်မှုရှိသလို မိသားစုကို ဒုက္ခမပေးသလို မောင်နှမအားလုံးကို နစ်နာအောင်လုပ်တာမျိုးလည်း မရှိဘူး။ သူတော်လှန်ရေးဝင်သွားတဲ့အချိန်ထိ သူ့ရဲ့ လူမျိုးကို အနစ်နာ မခံစေချင်ဘူး။ သူ့လူမျိုးကိုသူ ဒုက္ခမပေးစေချင်လို့ သူကိုယ်တိုင်ပဲရှေ့ကို သွားပြီးတော့ အခု သူဒီလိုဖြစ်သွားတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဦးက သူ့ကို လူတော်လူကောင်းတစ်ယောက် အဖြစ်နဲ့ သတ်မှတ်တယ်။” လို့ ဖရန်းစစ်ရဲ့ ဖခင်ဖြစ်သူက ပြောတယ်။
မြို့တွင်း တိုက်ပွဲမှာ သားဖြစ်သူကျဆုံးခဲ့ရတဲ့အပေါ် မယုံနိုင်ဖြစ်ခဲ့ရပေမဲ့ ကြိုမမြင်နိုင်တဲ့ ကံကြမ္မာကို လက်ခံရမှာ ဖြစ်တယ်လို့ဆက်ပြောပါတယ်။ မိသားစုမှာ အားကိုးရတဲ့ သားတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက်လည်း မိဘအနေနဲ့ နှမြောမိတယ်လို့ဆိုတယ်။
တော်လှန်ရေးကာလအတွင်း သားသမီး ဖြစ်သူတွေကို ဆုံးရှုံးခဲ့ရတဲ့ မိဘတွေမှာဆိုရင် စိတ်ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့ ရှင်သန်နေကြရတယ်လို့ KNDFရဲဘော်တစ်ဦး ဖြစ်သူ အန်ထော်နီက သူ့ရဲ့ မြင်ခဲ့ရတဲ့ အတွေ့အကြုံကို ပြောဆိုလာပါတယ်။
“ တချို့ဆိုရင် သွေးရူးသားရူး အရမ်းခံစားရတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ သူတို့က ကျနော်တို့လို ယူနီဖောင်းနဲ့ ရဲဘော်တွေကိုမြင်လို့ရှိရင် သူတို့ရဲ့ သားလေးကို အရမ်းသတိရပြီးတော့မှ မျက်ရည်ကျတဲ့ အခြေအနေမျိုးတွေရှိတယ်ပေါ့နော။ “
သားဖြစ်သူ၊ သမီးဖြစ်သူ၊ ခင်ပွန်းဖြစ်သူတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုဝင်တွေဟာဆိုရင် စားဝတ်နေရေး ပိုမိုခက်ခဲမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေလည်း ရှိနေကြပါတယ်။
သို့ပေမဲ့ တချို့ မိဘဖြစ်သူတွေကတော့ သားဖြစ်သူ တော်လှန်ရေးဝင်ကတည်းက စိတ်ထဲမှာ ပြင်ဆင်ထားပြီးသားဖြစ်သလို တော်လှန်ရေးကိုလည်း အဆုံးထိ လုပ်ဆောင်ကြဖို့ ပြန်လည်ပြောဆိုတာတွေရှိတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး တွဲဖက် အတွင်းရေးမှူး(၂) မအန်းဂျလာက ပြောပြလာပါတယ်။
တော်လှန်ရေးကာလအတွင်း မိသားစုဝင်ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပေမဲ့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေဆဲကာလမှာ လုပ်ဆောင်ပေးနိုင်တဲ့သူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
“ သူတို့အတွက် ပြန်ပြီး လုပ်ပေးရမှာတော့ အများကြီး လုပ်ပေးသင့်တယ်။ ဒီကာလမှာတော့ မလုပ်ပေးနိုင်သေးဘူးပေါ့။ လုပ်ဖို့နည်းနည်း ခက်ခဲနေသေးတဲ့ အချိန်ဖြစ်တယ်။ ဒီကာလအလွန်မှပဲ ပြန်လည်ထူထောင်ရေးနဲ့၊ ပြန်လည်ကုစားမှုကိုတော့ ရေရှည်စီမံကိန်းနဲ့ စနစ်တကျဆောင်ရွက်ပေးဖို့တော့ အရေးကြီးတယ်ဆိုတဲ့ဟာကိုတော့ မှတ်ချက်ပေးချင်တယ်ပေါ့။ “ လို့ မအန်းဂျလာက ဆက်ပြောဆိုပါတယ်။
တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့သူတွေဟာဆိုရင် မမေ့လျော့ထိုက်တဲ့ သူရဲကောင်းတွေအဖြစ် သမိုင်းမှာ ထင်ကျန်နေမယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသွားတာဖြစ်ပါတယ်။
“ ကျသွားတယ်ဆိုတာ ရိုးရိုးသေသွားတာမဟုတ်ဘူးပေါ့နော။ အဓိပ္ပာယ်မဲ့ ကျရှုံးတာမဟုတ်ဘူး ဖြစ်တဲ့အတွက် ကျနော်တို့ ဂုဏ်ယူရမယ်။ နိုင်ငံသစ် ပြန်လည်ထူထောင်ရေးကာလရောက်တဲ့အခါကျရင် အရင်ဆုံး ကျနော်တို့ဦးစားပေးရမှာ ဒီကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေ သူတို့မှာ ပေးဆပ်မှုထိုက်တန်တဲ့ ခံစားခွင့် အာမခံချက် တစ်ခု ရစေချင်တယ်။ မမေ့ဖို့ အရေးကြီးတယ်။ ကျနော်တို့ နှလုံးထဲမှာ သွင်းထားဖို့ အရေးကြီးတယ်ပေါ့။“
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.