ပြည်ပသို့ ပေးစာ – သွေးစွန်းခွန်တွေ ဖြတ်တောက်ဖို့ တို့တွေအားလုံး ပူးပေါင်းစို့

08 January 2024

ပြည်ပသို့ ပေးစာ

သို့

ချစ်ခင်ရသော ပြည်ပရောက် မိဘပြည်သူများ။

ဒီဇင်ဘာလအတွင်း ကြေညာချက်ထုတ်ထားတဲ့ နိုင်ငံတကာရှိ စစ်ကောင်စီရဲ့ အာဏာရှင် သံရုံးများမှ မြန်မာနိုင်ငံသားများရဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန် ကောက်ခံမည့် ကြေငြာချက်များကို နည်းအမျိုးမျိုးဖြင့် အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ဖေါ်ပြသကြရန်နှင့် အကြမ်းဖက် စစ်အုပ်စုထံ သွေးစွန်းငွေ၊ သွေးစွန်းခွန် များ ဖြတ်တောက်ရာမှာ ပူးပေါင်း ပါဝင်ပေးကြဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားများထံ ပြည်တွင်းမှ ပြည်သူများက ချစ်ခင်ရင်းနှီးစွာဖြင့် စာရေးသား တောင်းဆိုလိုက်ပါတယ်။

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှု ကြိုးစားနေခြင်း နောက်ကွယ်မှာ မြန်မာနိုင်ငံဟာ ဆိုးရွားစွာ မှောင်မိုက် ပျက်စီးလာခြင်းနှင့်အတူ လူငယ်တွေရဲ့ အနာဂတ်၊ အိမ်မက်များစွာဟာ ပျောက်ဆုံးလာခြင်းကြောင့် လမ်းသစ်ဖောက်ရန် အိမ်ကို စွန့်ခွာပြီး စွန့်စားနေကြရသော မိဘ ပြည်သူများ၊ လူငယ်များ တစ်နေ့ထက် တစ်နေ့ များပြားလာသည်ကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် နိုင်ငံတကာသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား လူဦးရေသည်လည်း ယခင်ကထက် စစ်အာဏာသိမ်းရန်ကြိုးစားပြီး နောက်ပိုင်းတွင် အလုပ်၊ ကျောင်း နှင့် နိုင်ငံရေးခိုလှုံမှုများကြောင့် တိုးသည်ထက်တိုး များပြားလာလျက်ရှိပါတယ်။

မိမိတို့ရောက်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စည်းမျဉ်း၊ စည်ကမ်းများ၊ လုပ်ကိုင်ပုံများ မတူညီခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယခုလက်ရှိ နေထိုင်နေတဲ့ နိုင်ငံရဲ့ တရားမဝင် အာဏာလု စစ်သံရုံးထံ ပတ်စပိုစ့် (Passport) သက်တမ်းတိုးရန် သွေးစွန်းခွန်များ ဆောင်မှသာလျှင် ထိုနိုင်ငံများတွင် ဆက်လက် နေထိုင်ခွင့် (သို့) အမိမြန်မာနိုင်ငံကို ပြန်လာခွင့် ( ဗီဇာသက်တမ်း ) ရရှိကြရမည့် အကြပ်အတည်းကိုလည်း သိရှိပြီးဖြစ်ပါတယ်။

သို့ပေမယ့် ပတ်စပိုစ့် သက်တမ်း ကုန်ဆုံးနေသော်လည်း ဗီဇာ ( Visa) သက်တမ်း ထုတ်ပေး၊ တိုးပေးသော နိုင်ငံများတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ကလေးငယ်များနှင့် ပြည်သူများကို နေ့စဉ် သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်အုပ်စု ထံ ပြည်သူလူထုရဲ့ အသက်သွေးများဖြင့် သွေးစွန်းခွန်များ မစီးဆင်းစေရေး နှင့် ဖြတ်တောက်စေရေးအတွက် အတူတူ တိုက်ပွဲဝင် ပါဝင်စေလိုပါတယ်။

ပြည်ပရောက် မြန်မာများအနေဖြင့် မိမိတို့ရဲ့ ဥာဏ်အားသင့်သလို မျက်စိဖွင့်၊ နားစွင့်ပြီး အမြန်ဆုံး သွေးစွန်းခွန်များ ဖြတ်တောက်မှ နွေဦး တော်လှန်ရေး အမြန်ဆုံး အပြီးသတ်နိုင်မှာ ဖြစ်ပြီး အမိမြန်မာပြည်မှာ အောင်တံခွန်စိုက် အတူတကွ ပြန်လည်ဆုံစည်းကြရမှာ ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် တစ်နိုင်ငံချင်းအလိုက် သွေးစွန်းငွေများ၊ သွေးစွန်းခွန်များ မစီးဆင်းနိုင်သည့် နည်းလမ်းများကိုလည်း ဆက်တိုက် ဖော်ပြပေးသွားမှာဖြစ်ပြီး မိမိတို့ ပါဝင်နိုင်မည့် နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အလျဉ်းသင့်သလို ပါဝင်ပေးကြဖို့ ပြည်တွင်းရှိ အာဏာရှင် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများမှ ပြည်ပရောက် မြန်မာနိုင်ငံသားများထံ လေးစားစွာ အထူးမေတ္တာရပ်ခံ တိုက်တွန်း တောင်းဆိုအပ်ပါတယ်။

ပြည်တွင်းမှ အာဏာရှင် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများ

” သွေးစွန်းခွန်တွေ ဖြတ်တောက်ဖို့

တို့တွေအားလုံး ပူးပေါင်းစို့ ”


Download Letter in PDF

View the original

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia