ဝေမာထွန်း (ဝါရှင်တန်ဒီစီ) | 2023.12.31
၂၀၂၃ ခုနှစ်ထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အကျဉ်းသားတွေကို အသုံးချပြီး နိုင်ငံတကာမှာ မျက်နှာပန်းလှအောင်နဲ့ အကျဉ်းကျနေတဲ့ စစ်ပြေးတွေကို ပြန်လွှတ်ပြီး စစ်မြေပြင်မှာ အသုံးချနိုင်အောင် ကြိုးပမ်းခဲ့ပေမဲ့ အရာမထင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လို့ အကျဉ်းထောင်တွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရှိနေဆဲပါ။
အကျဉ်းထောင်တွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ ဒီနှစ်အတွင်းအကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ အသက်ဆုံးရှုံးခဲ့သူ ၁၆ ဦးရှိခဲ့ပြီးထပ်မံဖမ်းဆီးခံရသူ ကိုးထောင်နီးပါးနဲ့ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရသူ ခြောက်ထောင့်ခြောက်ရာလောက် ထပ်တိုး လာခဲ့ပါတယ်။
ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေကို ဝင်ရောက်လေ့လာခွင့် ပိတ်ထားတဲ့ ထောင်တံခါးတွေရဲ့နောက်ကွယ်မှာ ဘာတွေဖြစ်နေပါသလဲ။
“ရိုက်တာနှက်တာတွေကလည်း အရမ်းဆိုးဆိုးဝါးဝါး ရှိတယ်။ ရိုက်နှက်ပြီးရင်လည်း သူတို့က ဆေးကု မပေးဘူး။ ဆေးကုပေးဖို့ ဆိုရင်လည်း တင်ရတာက တစ်လကြာတယ်။”
လူအခွင့်အရေးချိုးဖောက်ခံရမှု မျိုးစုံဖြစ်နေတဲ့ အကျဉ်းထောင်တွေထဲ တစ်နေ့တခြား ထပ်မံအဖမ်းခံရသူတွေ တိုးလာနေပါတယ်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ ၂ဝ၂၃ အတွင်း ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ အကျဉ်းသားအသစ် ၈၉၀၀ အထိရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ ၂ဝ၂၃ ခုနှစ် နှစ်ကုန်အထိ သုံးနှစ်နီးပါးအတွင်း ဖမ်းဆီးခံရတဲ့ ပြည်သူနှစ်သောင်းခြောက်ထောင်နီးပါး ရှိပါပြီ။ အဲ့ဒီအထဲက ပြန်လွတ်လာသူ ၅၈ဝဝ နီးပါး ရှိပြီး နှစ်သောင်းနီးပါးက အထိန်းသိမ်းခံထားရဆဲလို့ AAPP က ၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့ စာရင်းထက် ၈၉ဝဝ လောက် တိုးလာတာဖြစ်ပြီး ထောင်ချခံထားရသူ ခြောက်ထောင့်ခြောက်ရာလောက် ထပ်တိုးလာခဲ့တာပါ။
ဒီအထဲမှာ သေဒဏ်ချမှတ်ခံရသူက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ၁၃၉ ဦးရှိပြီး ၂၀၂၃ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ၁၆၃ ဦးရှိတယ်လို့ AAPP က ထုတ်ပြန်ထားလို့ ဒီနှစ်ထဲမှာ သေဒဏ်ချခံရသူ ၂၄ ဦးထပ်တိုးလာခဲ့ပါတယ်။
၂ဝ၂၃ အတွင်း ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေအပေါ် ဆိုးဆိုးဝါးဝါး ရိုက်နှက်နှိပ်စက်တာ၊ သတ်ဖြတ်တာတွေ ရှိခဲ့ပြီး ဒီအထဲမှာ အထူးအခြားဆုံးကတော့ ထောင်ပြောင်းရွှေ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်အပြင် ခေါ်ထုတ်သွားပြီး သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။
၂ဝ၂၃ မေလနဲ့ ဇွန်လမှာ ထောင်ပြောင်းစဉ် လမ်းခုလတ်မှာ ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၅ ဦး ရှိခဲ့ပြီး ဒိုက်ဦးထောင်က ၁၀ ယောက်၊ မြင်းခြံထောင်က နှစ်ယောက်၊ သာယာဝတီထောင်က တစ်ယောက်နဲ့ စစ်ကြောရေးစခန်းက နှစ်ယောက်ဖြစ်တယ်လို့ အကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
ပဲခူးတိုင်း ဒိုက်ဦးမြို့ ကျိုက်စကောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃၇ ယောက်ကို ဇွန်လ ၂၇ ရက်နေ့က ထောင်ပြောင်းဖို့ ခေါ်ထုတ်သွားရာကနေ အဲဒီအထဲက ခုနစ်ယောက်အသတ်ခံလိုက်ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကပြောပါတယ်။
ဒါ့အပြင် ၂ဝ၂၃ ဇူလိုင် ၆ ရက်နေ့မှာ အဆိုတော် လီလီနိုင်ကျော် လုပ်ကြံခံရမှုသံသယနဲ့ အဖမ်းခံထားရသူ နှစ်ဦးကိုသက်သေခံပစ္စည်းတွေ လိုက်ပြခိုင်းတဲ့အချိန်မှာ ထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခတ်ဖမ်းဆီးရာကနေ သေသွားပြီလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ယုတ္တိမရှိတဲ့ ဆင်ခြေပဲလို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့သူတစ်ယောက်က ပြောပါတယ်။
“ယုတ္တိမရှိဘူးလို့ပဲ မြင်တယ်။ ဘာလို့လဲဆိုတော့ ထောင်ပြောင်းတယ်ဆိုတဲ့ နေရာမှာ သူတို့မှာ လုံခြုံရေးအများကြီး ပါတယ်။ ထောင်သားတွေ ဆိုတဲ့နေရာမှာ သူတို့ကို ၂၇ ရက် ထောင်ရွှေ့တုန်းကတစ်ဆင့် ပြန်ကြားရတာဆိုရင် ခြောက်လက်မ သံခြေကျင်းတွေနဲ့ ခတ်သွားတယ်လို့ ကြားတယ်။ ဒီလိုလူမျိုးတွေက ပြေးဖို့ဘယ်လွယ်မှာလဲ။ လူတစ်ယောက်က ကိုယ်လွတ်မြောက်နိုင်လား။ မလွတ်မြောက်နိုင်လား ဆိုတာ ထွက်ပြေးမဲ့ လူက သိတယ်။ အခုသူတို့လုပ်ထားတဲ့ပုံစံက လုံးဝပြေးလို့ မရတဲ့ ပုံစံ။ ဒါကို ထောင်က ကားမှောက်လို့ ပြေးလို့ပစ်သတ်ရပါတယ်ဆိုတဲ့ အရာတော့ လုံးဝယုတ္တိမရှိဘူးလို့ ယူဆတယ်”
ဒီလိုကျူးလွန်မှုတွေဟာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အကျဉ်းသားတွေအပေါ် ၂ဝ၂၃ အတွင်း ချိုးဖောက်ခဲ့တဲ့ကျူးလွန်မှု အသစ်တွေလို့ ဆိုရမှာပါ။
စစ်ကောင်စီ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေအပေါ် ဖိနှိပ်သတ်ဖြတ်တာတွေကြောင့် တစ်ဖက်မှာ နောက်ဆက်တွဲအနေနဲ့ ထောင်ဖောက်ပြေးတဲ့ ဖြစ်ရပ်တွေလည်း ရှိလာခဲ့ပါတယ်။
၂ဝ၂၃ မေလ ၁၇ ရက်နေ့က တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ PDF လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁ဝ ဦးဟာ ထောင်အာဏာပိုင်ဆီကနေ သေနတ်တွေလုပြီး ထွက်ပြေးသွားခဲ့ပါတယ်။
ထောင်ထဲကနေ တရားရုံးထုတ်ဖို့ ခေါ်လာချိန်မှာ ထောင်အာဏာပိုင်တွေဆီကနေ သေနတ်တွေလု ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြတာလို့ RFA ရဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
ထွက်ပြေးလာတဲ့သူတွေကို ပဲခူးတိုင်းအခြေစိုက် အမည်မဖော်လိုတဲ့ PDF တပ်ဖွဲ့တစ်ဖွဲ့က သွားကယ်ခဲ့တယ်လို့ အဲဒီအဖွဲ့တာဝန်ခံက ပြောပါတယ်။
“ထောင်တွင်းတရားရုံးမှာ ၁ဝ ဦးကို ရုံးထုတ်တာ။ အကျဉ်းဦးစီးအတွင်းမှာပဲ လုံခြုံရေးလိုက်ပါလာတဲ့ စကစတပ်ကနေ လက်နက်လု ထွက်ပြေးတယ်။ လက်နက်နှစ်လက်ရလာတယ်။ ပြန်ပစ်ပြီး ပြေးရင်းလက်နက်ထပ်ရလာတယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ဝ၂၂ စက်တင်ဘာလကလည်း မကွေးတိုင်း ပခုက္ကူထောင်ကနေ PDF တပ်ဖွဲ့ဝင် ငါးဦး ထောင်ဖောက်ပြေးတဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ငါးဦးဟာ အချုပ်ခန်းကိုဖောက်၊ မြင့်မားတဲ့ ထောင်ဝန်းအုတ်တံတိုင်း ကို ခက်ခက်ခဲခဲ ကျော်တက်ပြီး ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်သွားပါတယ်။
နိုင်ငံရေးအကျဉ်းသား ငါးဦး ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်ရပ်ဟာ ၁၉၈၈ အာဏာသိမ်းချိန်ကနေအခုချိန်ထိ အနှစ် ၃၀ ကျော် အတွင်း ထူးခြားတဲ့ ဖြစ်စဉ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေက မှတ်ချက်ပြုကြပါတယ်။
စစ်ကောင်စီဟာ အကျဉ်းထောင်တွေထဲ လူလျှော့ရာလည်း ရောက်၊ နိုင်ငံတကာမှာလည်းအမြင်ပန်းလှအောင် ဒီနှစ်ထဲ အကျဉ်းသားတွေကို သောင်းနဲ့ချီ ပြန်လွှတ်ခဲ့ပါတယ်။
လွတ်လပ်ရေးနေ့၊ နှစ်ဆန်းတစ်ရက်နေ့နဲ့ ဩဂုတ်လ ၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဝါဆိုလပြည့်ဓမ္မစကြာနေ့ တွေမှာ စစ်ကောင်စီက အကျဉ်းသားတွေကို အလုံးအရင်းနဲ့ ပြန်လွှတ်ပေးခဲ့ပြီး လွတ်လာသူတစ်သောင်း ရှစ်ထောင်နီးပါး ရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့က အကျဉ်းသား ၇၀၁၂ ယောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။ ထောင်နဲ့ ချီပြန်လွှတ်ခဲ့တဲ့ အဲ့ဒီနေ့မှာ လူသိများထင်ရှားသူတွေထဲက အာဏာစသိမ်းတဲ့နေ့မှာပဲ အဖမ်းခံခဲ့ရတဲ့ ဆရာမ သန်းမြင့်အောင်၊ စာရေးဆရာ ဦးထင်လင်းဦးနဲ့ အာဏာသိမ်းပြီးနောက် အဖမ်းခံရတဲ့ သတင်းသမား တချို့သာပါဝင်ခဲ့ပါတယ်။
“ကျွန်တော်က နိုင်ငံရေးလုပ်တာ၊ နိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စတွေပဲ ကျွန်တော်လုပ်တာ။ အဲ့ဒီဥစ္စာကို ကျွန်တော့်ကို ဖမ်းဆီးတယ် ဆိုတဲ့ဟာမှာ လာဖမ်းတယ်။ လွှတ်တဲ့နေ့ကျရင် လွှတ်လိမ့်မယ်။ ကျွန်တော်လျှော့ရက် မမျှော်ဘူး။ ဒီနေ့မနက် ကျွန်တော့်ကို လွှတ်တဲ့အချိန်မှာ ကျွန်တော့်ကို နှစ်ပြည့်လို့ လွှတ်တာလား။ ဒါမှမဟုတ် လျှော့ရက်ကြောင့် လွှတ်တာလား။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တာလား။ ပြစ်ဒဏ်လျှော့ပေါ့လွှတ်တာလား။ ကျွန်တော် မသိဘူး။ လွှတ်ရင်ထွက်လာမယ်။ မလွှတ်ရင်နေမယ်။ တစ်ခုပဲရှိတာ။ ခံဝန်ထိုးရတာမျိုးတော့ နောက်နောင် ဒီကဲ့သို့ မလုပ်တော့ပါဘူး။ ဆိုပြီး ဆုံးမဩဝါဒပေးတာမျိုးဆိုရင်တော့ ကျွန်တော် လက်မခံဘူး။”
ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ စာရေးဆရာ ဦးထင်လင်းဦးကို အကျဉ်းထောင်ကပြန်လွတ်လာတဲ့နေ့မှာပဲ RFA က မေးမြန်းခွင့်ရခဲ့တာပါ။
မြန်မာ့နှစ်သစ်ကူးအခါသမယ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ကလည်း နောက်ထပ်အကျဉ်းသား ၃၀၁၅ ဦးကို စစ်ကောင်စီက လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ လွတ်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားဆိုလို့ NLD အစိုးရလက်ထက်ကစီမံဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးကျော်ဝင်းတစ်ယောက်သာ ပါခဲ့ပါတယ်။ ဩဂုတ်လ ၁ ရက်နေ့မှာ ကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့ မှာတော့ အကျဉ်းသား ၇၇၄၉ ဦး လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။
စစ်ပြေး၊ ရဲပြေး၊ မူးယစ်ဆေးဝါး၊ ခိုးဆိုးလုယက်မှုတွေနဲ့ ထောင်ကျသူအများစုကိုပဲ ပြန်လွှတ်ပေးခဲ့တာလို့ စောင့်ကြည့်သူတွေက ထောက်ပြကြပါတယ်။
“အကျဉ်းထောင်ထဲမှာ ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် မသေသင့်ဘဲသေလိုက်ရတဲ့ ကျွန်တော်တို့ နိုင်/ကျဉ်းတွေရဲ့ အသက်တွေ….” ကိုသိုက်ထွန်းဦး -မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်
“တကယ် ထိရောက်တဲ့ ဆေးဝါးတွေ ပေးလားဆိုတော့လည်း မပေးဘူး၊ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ငါသေလို့ မဖြစ်ဘူး။ ငါဒါကို ကျော်ရမယ်ဆိုပြီး ….” မသူဇာ-သတင်းထောက်
ဒါတွေက စစ်တပ်အာဏာသိမ်းပြီးနောက် အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရင်ဖွင့်သံတွေပါ။ ဒီနှစ်ထဲ ထောင်တွေထဲကနေ အကျယ်လောင်ဆုံးထွက်လာတဲ့ အသံကတော့ထောင်တွင်းဆေးဝါးကုသခွင့် အရေးပေါ်လိုနေတယ်ဆိုတာပါပဲ။
စစ်ကောင်စီဟာ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် အကျဉ်းထောင်ထဲမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မပေးထားပါဘူး။ ၂၀၂၃ ဩဂုတ်လကုန်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးယောင်ရောဂါ၊ ပြင်းထန်တဲ့သွားကိုက်ဝေဒနာ ခံစားခဲ့ရပေမဲ့ ပြင်ပဆရာဝန်တွေနဲ့ ဆေးကုသခွင့်မရခဲ့ပါဘူး။ NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်အန္တရာယ်ကို အထူးစိုးရိမ်ကြောင်း စက်တင်ဘာလမှာ ကြေညာချက်ထုတ်ပြန်ပြီး အများသိအောင် လှုံ့ဆော်ခဲ့ပါတယ်။
အဲ့ဒီလမှာပဲ မလေးရှားနိုင်ငံက လွှတ်တော်အမတ် ၁၃ဝ ကျော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့် ချက်ချင်းပေးဖို့ စစ်ကောင်စီထံ စုပေါင်းလက်မှတ်ထိုးပြီး တောင်းဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တာနဲ့ ညှဉ်းပန်းနှိပ်စက်လို့ သေဆုံးခဲ့သူ ၁၆ ဦး ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
“ရိုက်တာနှက်တာတွေကလည်း အရမ်းဆိုးဆိုးဝါးဝါး ရှိတယ်။ ရိုက်နှက်ပြီးရင်လည်း သူတို့က ဆေးကု မပေးဘူး။ ဆေးကုပေးဖို့ ဆိုရင်လည်း တင်ရတာက တစ်လကြာတယ်။ နှစ်လကြာတယ်ပေါ့နော်။ ဒါကြောင့် အကျဉ်းသားတွေဟာ အထဲမှာ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေတယ်။ ဒီလိုမျိုးတွေလည်း ကျွန်တော်တို့ မျက်စိရှေ့မှာဖြစ်ခဲ့တယ်”
အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြောပြသွားခဲ့တာပါ။ သာယာဝတီ၊ ဒိုက်ဦး၊ အင်းစိန်၊ မြင်းခြံ စတဲ့ ထောင်တွေက အကျဉ်းသားတွေ နှိပ်စက်ခံရပြီး ဒီနှစ်ထဲ သေဆုံးခဲ့ရပါတယ်။
၂ဝ၂၃ မှာ အကျဉ်းသားနဲ့ပတ်သက်လို့ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ စစ်ကောင်စီရဲ့စစ်မှုမထမ်းချင်လို့ စစ်ပြေးခဲ့ပြီး ဒီအမှုနဲ့ ဖမ်းဆီးထောင်ချခံထားရသူ စစ်သားဟောင်းတွေကို ထောင်ကထုတ်ပြီး စစ်သားအင်အားလိုနေတဲ့ စစ်တပ်မှာ ပြန်စစ်မှုထမ်းဖို့ စီစဉ်ခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
နိုင်ငံအနှံ့တိုက်ပွဲတွေ ပြင်းထန်နေပြီး အဖက်ဖက်က ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာဒီနှစ်အတွင်း တပ်သား လိုအပ်ချက်တွေ သိသိသာသာ များလာတဲ့အတွက် အကျဉ်းကျနေတဲ့စစ်သားတွေကို စစ်မြေပြင်မှာ ပြန်အသုံးချနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့မှာ ခွင့်မဲ့ပျက်ကွက်တဲ့ စစ်သားတွေ၊ စစ်ပြေးတွေကို စစ်မှုပြန်ထမ်းရင်လက်ခံမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
အဲ့ဒီလို ကြေညာပြီး သုံးရက်မြောက်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ စစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ အကျဉ်းကျနေတဲ့ ပဲခူးတိုင်း၊ ပေါင်းတည်ထောင်က တပ်မတော်သား ၁၇ ဦး၊ ဧရာဝတီတိုင်း၊ပုသိမ်အကျဉ်းထောင်က ၁၀၃ ဦး၊ ငပုတောမြို့နယ် ဌက်ပေါက်ကုတ် ထုတ်စခန်းက လေးဦး၊ပြည်အကျဉ်းထောင်က ၃၉ ဦး၊ တောင်ငူထောင်က ၆၃ ဦး၊ ဒိုက်ဦးထောင်က ၁၇ ဦး လွတ်လာပါတယ်။
ဒါပေမဲ့ သူတို့အားလုံးဟာ ချက်ချင်း အိမ်ပြန်ခွင့်မရဘဲ ဒေသအလိုက် နီးစပ်ရာ စစ်တပ်လေ့ကျင့်ရေးကျောင်းတွေကိုပို့ပြီး စစ်မှုပြန်ထမ်းဖို့ ဖိအားပေးခံခဲ့ရပါတယ်။
လွတ်လာသူတွေက စစ်မှုပြန်မထမ်းလိုဘူးလို့ ငြင်းတဲ့အခါမှာတော့ ထောင်ထဲပြန်အထည့်ခံလိုက်ရပါတယ်။
ပြည်အကျဉ်းထောင်က လွတ်ငြိမ်းခွင့်ပြုပြီးသား စစ်ပြေးအကျဉ်းသား ၃၉ ဦးစလုံး ဒီဇင်ဘာ ၁၂ရက်ညမှာ ထောင်ထဲ ပြန်ပို့ခံလိုက်တယ်လို့ နီးစပ်သူတွေက ပြောပြပါတယ်။
“စစ်မှုထမ်းရမယ်ဆိုတော့ သူတို့ (စစ်ပြေး) က စစ်မှုတော့ မထမ်းနိုင်ဘူး။ သူတို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကို ထောင်မှာပဲ ကျခံမယ်ဆိုပြီး ပြောလိုက်တော့ ပြန်ပို့လိုက်တာ။ လက်ဗွေတွေလည်း အများကြီး နှိပ်ပြီးတော့လေ။ တံဆိပ်တုံးတို့၊ ဓာတ်ပုံတွေ၊ မိသားစု နေရပ်လိပ်စာတွေ အကုန်လုံး အပြည့်အစုံနဲ့ ထောင်တံဆိပ်တုံးနဲ့ ထုပြီး လွတ်ငြိမ်း ပေးပြီးတော့ ပြန်လွှတ်ပြီးသား။ အခုကျတော့ မလုပ်ဘူး (စစ်မှုမထမ်းဘူး) ဆိုတော့ သူတို့က ထောင်ကို ပြန်ပို့တယ်”
ပေါင်းတည်၊ တောင်ငူနဲ့ ဒိုက်ဦးအကျဉ်းထောင်က လွတ်လာသူတွေလည်း ဒီဇင်ဘာ ၇ ရက်နေ့မှာပဲအုတ်တွင်း မြို့က အမှတ် (၆) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကိုပို့ခံလိုက်ရတယ်လို့ အကျဉ်းသား မိသားစုဝင်တွေက ရင်ဖွင့်ပါတယ်။
“တပ်မတော်ထဲကို မဝင်ခင်မှာ လျှောက်လွှာတွေမှာ စစ်သက် ၁၀ နှစ်ပြည့်တဲ့အခါမှာ တပ်မတော်မှာ ဆက်လက် အမှုမထမ်းဆောင်လိုပါက နုတ်ထွက်ခွင့်ရှိရမယ်ပေါ့။ နိုင်ငံတော်က သဘောတူတယ်ပေါ့။ နုတ်ထွက်ခွင့် ပြုရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ပြီး ၁၀ နှစ်ပြည့်လည်း ထွက်ခွင့်မပေးဘူး။ ထိုနည်းတူစွာပဲ အသက် ၆၀ ပြည့်ရင် အငြိမ်းစားယူရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ရှိသော်လည်းပဲ ၆ဝ ကျော်တဲ့အထိ မင်းအောင်လှိုင်နဲ့ အုပ်စုတစ်စုက မထွက်ဘူး။ ဥပဒေကို သူတို့လည်းချိုးဖောက်တယ်။ အောက်ခြေကိုလည်း ဥပဒေအတိုင်းမပြုကျင့်ဘူးဆိုတော့ တပ်မတော်ဟာလုံးဝဖွဲ့စည်းပုံပျက်နေတယ်။ အခုထောင်ထဲက အကျဉ်းသားတွေခေါ်ထုတ် စစ်တိုက်ခိုင်းဖို့လုပ်သော်လည်း လက်မှတ်မထိုးဘူး။ မထမ်းနိုင်ဘူး။ ထောင်ထဲ ပြန်ပို့ပါဆိုလို့ ထောင်ထဲကို အကုန်ပြန်ပို့နေရတဲ့အတွက် လုံးဝပျက်စီးခန်း ရောက်နေပြီလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်”
နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ပြောသွားတာပါ။
ဒီနှစ်ထဲ အကျဉ်းထောင်တွေအတွင်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေထဲ စစ်ကောင်စီကအကျဉ်းထောင် လူတွေ့ခွင့်ပြန်ပေးလိုက်တဲ့ ကိစ္စလည်းပါဝင်ပါတယ်။
ကိုဗစ် – ၁၉ ကြောင့် ၂ဝ၂ဝ ပြည့်နှစ်ကတည်းက ပိတ်ထားခဲ့တဲ့ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ လူချင်းတွေ့ဆုံခွင့်ကို အောက်တိုဘာလ ၂၄ နေ့မှာ ပြန်ခွင့်ပြုခဲ့တာပါ။
ဒါပေမဲ့လို့ ထောင်ဝင်စာတွေ့မဲ့သူဟာ အကျဉ်းသားနဲ့ အိမ်ထောင်စုစာရင်း တစ်ခုတည်းဖြစ်ရပါမယ်။ မှတ်ပုံတင်၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာတွေလိုသလို ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့လက်မှတ်လည်း တောင်းပါတယ်။ ဒီလိုကန့်သတ်ချက်တွေများလို့ ထောင်ဝင်စာတွေ့ခွင့်မရတဲ့မိသားစုဝင်တွေလည်း အများကြီး ကျန်နေပါတယ်။
ဒီလိုကန့်သတ်ချက်တွေကြောင့်ပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့သားဖြစ်သူ ကင်မ်အဲရစ်နဲ့ ရှေ့နေအဖွဲ့က အကြိမ်ကြိမ် တောင်းခံထားပေမယ့် တွေ့ခွင့်မရဘဲဖြစ်နေပါတယ်။
“ကျွန်တော်သိသလောက်တော့ အမေ့ကို နေအိမ်အကျယ်ချုပ် ချထားတာမဟုတ်ပါဘူး။ ထောင်ထဲမှာပဲ ထားတာပါ။ ကျွန်တော်အမေနဲ့ အဆက်အသွယ်ရဖို့ ကျွန်တော့်အမေကို ဘယ်မှာဖမ်းထားလဲဆိုတာသိရဖို့ မြန်မာစစ်တပ်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ စစ်တပ်ဘက်က ဘာမှပြန်ပြောဆိုတာ မရှိသေးပါဘူး။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကင်မ်အဲရစ်က RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်တစ်ခုမှာ ပြောပြခဲ့တာပါ။
ထောင်ဒဏ် ရှစ်နှစ်ကျခံနေရတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကတော့ ဇနီးဖြစ်သူ ဒေါ်ချိုချိုနဲ့အောက်တိုဘာလ ကုန်ပိုင်းမှာ တွေ့ခွင့်ရတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။
တစ်လတစ်ကြိမ်ဒီလူတွေ့ဆုံခွင့်မှာလည်း လွတ်လပ်စွာပြောဆိုခွင့်မရဘဲ ထောင်အာဏာပိုင်တွေကစောင့်ကြည့် မှတ်တမ်းတင်ထားတယ်လို့ အကျဉ်းသားမိသားစုတွေက ရင်ဖွင့်ပါတယ်။
လူတွေ့ဆုံခွင့်မှာ ကန့်သတ်ချက်တွေ ရှိနေတဲ့အပြင် ပါဆယ်ပို့ရာ မှာလည်း ဇူလိုင်လကစလို့ ဆေးဝါးနဲ့စာအုပ်တွေ ပို့ခွင့် အပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာ ပို့ပေးနေတဲ့အဖွဲ့တွေကထောက်ပြကြပါတယ်။
မြန်မာပြည်က ပိတ်ထားတဲ့ တံခါးတွေရဲ့ နောက်ကွယ်မှာ ဒီလိုလူမဆန်နှိပ်စက်မှုတွေ ရှိနေတာကို ကမ္ဘာကသိအောင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေက တတ်နိုင်သမျှနည်းနဲ့ ဖော်ထုတ်နေကြပါတယ်။
အဲ့ဒီအထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်လည်း ပါဝင်ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလက အကျဉ်းထောင်က လွတ်လာခဲ့တဲ့ မစ္စတာရှောင်တာနဲလ်ဟာ နေပြည်တော်နဲ့အင်းစိန်အကျဉ်းထောင်တွေမှာ ရက်ပေါင်း ၆၅ဝ ချုပ်နှောင်ခံထားရချိန်က ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို “ An unlikely prisoner “ ဆိုတဲ့ စာအုပ်တစ်အုပ် ဒီနှစ်ထဲ ရေးသား ထုတ်ဝေလိုက်ပါတယ်။
“ကျွန်တော် ဒီစာအုပ်ကိုအမြဲရေးချင်ခဲ့တာပါ။ ကျွန်တော် ချုပ်နှောင်ခံထားရတဲ့အချိန်အတွင်းမှာ စာအုပ်ရဲ့ အကြောင်းအရာအများစုကို စိတ်ကူးထဲမှာပဲ ရေးခဲ့တာပါ။ ထောင်ထဲမှာ ဆင်းဆင်းရဲရဲနေခဲ့ရတာ၊ ထောင်အစားအသောက်တွေ ဆိုးတာနဲ့ အကျဉ်းသားတွေကို ထောင်ပြောင်းရွေ့တဲ့အခါ ကြုံရတဲ့ ဆိုးဆိုးဝါးဝါး အခြေအနေတွေအကြောင်းကိုရေးထားပါတယ်။ ကျွန်တော့်စာအုပ်ကြောင့် နိုင်ငံတကာမှာ မြန်မာ့အရေးကို ပိုပြီး အာရုံစိုက်လာကြဖို့ ရည်ရွယ်ပါတယ်”
ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အကျဉ်းထောင်တွေထဲ သွားရောက်ကြည့်ရှုခွင့်ရဖို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတွေ ဒီနှစ်ထဲ စစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းမှုတွေရှိနေပေမဲ့အကောင်အထည်ပေါ် မလာသေးပါဘူး။
၁၉၉၉ ခုနှစ်ကစလို့ မြန်မာပြည်က အကျဉ်းထောင်တွေကို ဝင်ထွက်ကူညီခွင့်ရခဲ့တဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဟာ ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့်အကျဉ်းထောင်တွင်း ဝင်ရောက်ခွင့် အပိတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် အာဏာသိမ်းနောက်ပိုင်းမှာလည်း စစ်ကောင်စီက ဝင်ခွင့်မပေးတော့ပါဘူး။
အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာမှာ မြန်မာတစ်နိုင်ငံလုံးမှာ အကျဉ်းထောင်ပေါင်း ၄၈ ထောင်ရှိပြီး အလုပ်ကြမ်းစခန်း ၅ဝ လောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
အကျဉ်းထောင်တွေထဲက အကျဉ်းသားတိုင်း လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေးအပြည့်အဝရပြီး လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေမခံရဖို့က မျှော်လင့်ချက်တစ်ခုအနေနဲ့သာရှိနေပါတယ်။