အသက်လု ခရီးသွားများ

December 28th, 2023  •  Author:   CJ Platform  •  1 minute read

Author ပြည်စိုး

“ကိုယ့်တဲလေး သေးသေးလေးဆိုရင်လည်း သေးသေးလေးနဲ့ပဲ နေချင်တာပါ”

ထိုစကားအား ဆိုသောသူသည် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်အတွင်း နှစ်နှစ်ကျော်ကြာသည်အထိ နေအိမ်၊နေရပ်ဟူ၍ အတည်တကျ မရှိဘဲ စစ်ဘေးတိမ်းရှောင်နေရသူ အမယ်အို တစ်ဦးမှ ပြောခြင်းဖြစ်သည်။

သူမသည် အသားအတော်ညိုသည် ညိုသည်ဟုဆိုခြင်းထက် နေပူရှိန်၏ တိုက်စားခြင်းကြောင့် ရင့်ရော်မှုကို ပိုမိုသက်ရောက်သည်ဟု ဆိုနိုင်ပေသည်။ ယခုစကားအား သူမ၏ စစ်ရှောင်တဲငယ်အတွင်းမှ ထိုင်ကာ ပြောကြားခြင်းဖြစ်သည်။

သူမနေထိုင်ရာနေရာသည် အကျယ်အဝန်းအားဖြင့် ၈ပေခန့်သာသာ ကျယ်ဝန်းသည့် တဲငယ်ဖြစ်သည်။ အရိုင်းသစ်တိုင်ငယ်အချို့ ဝါးတိုင်ငယ်အချို့ဖြင့် ထောက်မတ်ကာ ထန်းလက်ငယ်များဖြင့် အုပ်မိုးထားသည်။ ထန်းလက်ငယ်များအကြားမှ အညာလေပူပူနှင့် ကျောကွဲအောင်အေးလှသည့် အညာဆောင်းလေကိုလည်း ရရှိနိုင်သည်။ ညစဉ် အိပ်စက်စဉ် ကောင်းကင်ယံမှ ကြယ်လေးအချို့ကို ပြောက်တိပြောက်ကျား သူတို့ မြင်နိုင်သည်။

မြန်မာစစ်တပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် ပြာကျသွားပြီးနောက် ပြန်လည်ထူမတ်နိုင်ခြင်း မရှိတော့ဘဲ ဘေးလွတ်ရာ တောတွင်းနေရာများတွင် သူမတို့ စစ်ရှောင်နေရခြင်းဖြစ်သည်။

သူမဆိုစကားအရ မြန်မာစစ်တပ်၏ စစ်ကြောင်းထိုးစဉ် လမ်းလျှောက်ရန်ပင် မဖြစ်နိုင်သည့် အမယ်ဆိုအား အသက်ဘေးမှ လွတ်စေဖို့ သယ်ယူခဲ့ရန် လှည်းပင် လွန်စွာ ရှာဖွေခဲ့ရသည်ဟုဆိုသည်။ လက်ရှိအချိန်တွင် တဲငယ်လေးအတွင်းတွင် သူမနှင့် သူမထက် ကြီးရင့်သည့် အမယ်အိုနှင့်အတူ နေထိုင်သည်။ စားသောက်ရေးအတွက်ကတော့ ဆာလောင်မှုများဖြင့် နေ့စဉ်မျှော်ရော့။

သူမတို့နေထိုင်နေရသည့် အဝန်းအဝိုင်းသည် ကျယ်ပြန့်လှသည် တူရာများစုရင်း စစ်ကြောင်းသံကြား ပြေးရင်းလွှားရင်း အညာမြေကို စုန်ဆန်နေရသည်။

သီတင်းကျွတ်ပွဲတော် သူမတို့ မသိ၊ ပဲရောင်းပြီးရင် ကထိန်ခင်းမယ်ဆိုတာမျိုးဟာ သူမတို့နဲ့ မသက်ဆိုင်ခဲ့သလို ကျန်ရစ်ခဲ့။ နှစ်သစ်ကူးပွဲတော်ဆိုတာ ဘယ်နှစ်ရက်နေ့လဲလို့ ကြည့်ဖို့ ပြက္ခဒိန်ရယ်မရှိ။ သင်္ကြန်ရေသည် အေးမြလှသည်ဟု တစ်ချိန်က မိုးခေါင်ရေရှားရပ်ဆိုသော်လည်း သိခဲ့ကြဖူးသည်သာ အမှတ်ရရ ရှိပေသည်။ အပန်းဖြေခရီးသွားများ မြို့ပြအချို့ လမ်းမကြီးများတွင် ဆယ်ဖီကင်မရာများဖြင့် အလှပုံရိုက်နေချိန် အသက်လုခရီးသွား သူမတို့ အဖို့….။

ရန်ကုန်မြို့၏ နေရာအချို့တွင် ပျော်ရွှင်များစွာကို ကြိုတင်လက်မှတ်များပင် ဝယ်ယူ၍ မရနိုင်တော့ အချိန်ကာလ။ ကမ်းခြေဟိုတယ်များတွင် ဟိုတယ်ခန်းအလွတ်ပင် ရှာမရနိုင်တော့သည့် အချိန်ကာလ။

“နေ”သည် ကမ္ဘာကြီးအား လှည့်ပတ်နေသည်ကို အားလုံး မှတ်သိပြီးဖြစ်သည်။ နေအား မျက်နှာမူမိသည့် အရပ်သည် နေ့‌ဖြစ်ပြီး မျက်နှာကွယ်ရာ အရပ်သည် ညဖြစ်သည်။ တစ်ဖက်မှာ လင်းသည် တစ်ဖက်မှာ မှောင်သည် ဒါသည် သဘာဝတရားဖြစ်သည်။

မြန်မာပြည်ကြီးတွင် အချို့သည် ငြိမ်းချမ်းပျော်ရွှင်နေသည်ဟု ထင်ယောင်မှားစေသည်။ အချို့သည် အသက်လုခရီးသွားများအဖြစ် ပြေးလွှားနေရသည်။ အချို့သည် ယုံကြည်ချက်တစ်ခုဖြင့် အသက်ကို နိုင်ငံအတွက် ပေးအပ်ကာ စစ်မြေပြင်တစ်နေရာတွင် လူငယ့်ဘဝ အိပ်မက်များကို တစ်ချိန်ပြန်လည် ပိုင်ဆိုင်ရမည်ဟု မျှော်လင့်ချက်ဖြင့်။

“စာနာစိတ်”ဆိုသည့် စကားရပ်အား ညှာတာထောက်ထားသည့်စိတ်၊ ဆင်ခြင်ထောက်ထားသည့်စိတ်ဟု အနက်ဖွင့်ဆိုကြသည်။ အနက်ဖွင့်ဆိုချက်သည် စိတ်ဖွင့်ဆိုချက် မဖြစ်နိုင်ပေ။ အနက်သိသော်လည်း အမှတ်မသိ ကျင့်သုံးမှုမရှိလျှင် “စာနာစိတ်” ပျောက်ဆုံးခြင်းပင်။

အသက်လုခရီးသွားများ၊ ယုံကြည်ချက်ခရီးသွားများ ၊အပန်းဖြေခရီးသွားများ၊ အတ္တခရီးသွားများ မည်သည့် ခရီးအား သွားသွား တစ်ချိန်တွင် ဘဝ၏ နေဝင်ချိန်တစ်ခုအား သွားရောက်ရမည်ဖြစ်သည်။ ဘဝခရီးတစ်ခု မပြီးဆုံးမီအထိ မိမိသွားနေသည့် ခရီးသည် လူသားဆန်စွာ ဖြစ်တည်နေဖို့ လိုအပ်သည်။ မိမိ၏ ခရီးလမ်းဆုံးချိန်တွင် ကျန်ခဲ့သည့် မိမိ၏ မိသားစုမျိုးဆက်သည် မည်သည့် ပတ်ဝန်းကျင် မည်သည့် နေရာတွင် ကျန်ရစ်စေချင်သနည်းဆိုသည်ကို မိမိကိုယ်တိုင် ရွေးချယ်ရန် လိုအပ်ပေသည်။


View the original