ဒေဝီ
စွန့်ပစ် ပုလင်းခွံ ဘူးခွံတွေ ပြန့်ကြဲနေတဲ့ မြေကွက်လပ်လေးမှာ အမျိုးသား အမျိုးသမီးအချို့ စုဖွဲ့ထိုင်ရင်း ကိုယ်စီ အလုပ်များနေကြပါတယ်။
လူတချို့က ပုလင်းခွံ ဘူးခွံတွေကို သပ်သပ်စီ ခွဲခြားပြီး သန့်ရှင်းအောင် လုပ်ဆောင်နေကြသလို အချို့ကတော့ ခွဲခြားပြီးသား ပုလင်းခွံ ဘူးခွံတွေကို ဆာလာအိတ်ထဲ စနစ်တကျ ပြန်ထည့်နေကြတယ်။
ဒါကတော့ ထိုင်းနိုင်ငံ၊ ဖစ်ပူရီခရိုင်ထဲက မြန်မာရွှေ့ပြောင်း လုပ်သားတွေ သူတို့ရဲ့ အားလပ်ချိန်မှာ မနားဘဲ တော်လှန်ရေးအတွက် တထောင့်တနေရာကနေ သူတို့ နိုင်ရာတာဝန် ထမ်းနေကြတဲ့ မြင်ကွင်းပါ။
သူတို့တွေဟာ နေ့စဉ်အလုပ်က ပြန်လာတဲ့အချိန် ရပ်ကွက်တွေထဲ လှည့်လည်ကာ စွန့်ပစ် အမှိုက်တွေ ကောက်ကာ အမှိုက်တွေထဲက ပုလင်းခွံ ဘူးခွံတွေ ရှာဖွေ စုဆောင်းလို့ ပြန်လည် ရောင်းချပြီး တော်လှန်ရေးအတွက် လုပ်အားပေး လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။
တော်လှန်ရေးမှာပါတဲ့ ထိုင်းရောက်မြန်မာတွေ
စွန့်ပစ်ပစ္စည်းကနေ တော်လှန်ရေးရန်ပုံငွေအတွက် အမှိုက်ကောက် ရှာဖွေတဲ့ အနာဂတ်အားမာန် ညီနောင်များအဖွဲ့ “ဖစ်ပူရီ တော်လှန်ရေးအင်အားစု”မှာ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ၊ စက်ရုံအလုပ်သမလေးတွေ၊ CDM ကျောင်းဆရာမတွေ ပါဝင်ပြီး သူတို့ အားလပ်ချိန်တွေကို စွန့်ပစ်ပစ္စည်းပုံတွေ ကြားမှာ အချိန်ပေးရင်း တော်လှန်ရေးအတွက် အထောက်အပံ့ ဖြစ်အောင် လုပ်ဆောင်နေကြပါတယ်။
“သူများ စားကြွင်းစားကျန်တွေ၊ စွန့်ပစ်ထားတဲ့ထဲက ဘူးတွေကို မရွှံမရှာ လက်တွေနဲ့ဖြဲပြီးတော့ ရှာဖွေရတာ လည်း ရှိတယ်။ ဒါတွေက မသန့်ရှင်းတဲ့ အမှိုက်ပုံးထဲက ကောက်ရတာဆိုတော့ ရွံရှာမိတယ်ပေါ့။ ဒါပေမယ့်လည်း ကိုယ့်ထက်ငယ်တဲ့ ကလေးတွေတောင် လုပ်တာ ငါဘာလို့ မလုပ်နိုင်ရမှာလဲဆိုပြီး လုပ်ရင်းနဲ့ အသားကျလာ တယ်။”လို့ အနာဂတ်အားမာန် ညီနောင်များအဖွဲ့ “ဖစ်ပူရီ တော်လှန်ရေး အင်အားစု”မှာ ပါဝင်တဲ့ CDM ကျောင်းဆရာမ ဒေါ်မိုးမိုးက ပြောပါတယ်။
အသက် ၅၀ ကျော်အရွယ် CDM အလယ်တန်းပြ ဆရာမကြီး တစ်ဦးဖြစ်တဲ့ ဒေါ်မိုးမိုးက အနာဂတ်အားမာန် ညီနောင်များအဖွဲ့ # ဖစ်ပူရီ တော်လှန်ရေး အင်အားစုမှာ ပါဝင်ပြီး လုပ်အားပေး ကူညီနေတာ တစ်နှစ်ကျော် ရှိပါပြီ။
ဒေါ်မိုးမိုးဟာ ပဲခူတိုင်းထဲက အခြေခံပညာကျောင်းတစ်ခုကနေ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်ခဲ့သလို တပ်မတော်သားဖြစ်တဲ့ သူ့ရဲ့ သားကြီးကလည်း CDM လုပ်ခဲ့သူပါ။
တဖက်မှာ ခင်ပွန်းဖြစ်သူကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦး ဖြစ်တဲ့အတွက် အာဏာသိမ်းပြီးနောက် မိသားစုတွေ တကွဲတပြားစီ တိမ်းရှောင်ခဲ့ရပြီး သူနဲ့ သားအငယ်ဖြစ်သူ ၁၀ တန်းကျောင်းသားလည်း တစ်နေရာနဲ့တစ်နေရာ ရွှေ့ပြောင်း နေထိုင်ရင်း ၂၀၂၂ ခုနှစ်မှာ မောင်တော်စပ်သူ ရှိရာ ထိုင်းနိုင်ငံကို နယ်စပ်ကနေ ရောက်ရှိခဲ့တယ်။
ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေတဲ့နေရာမှာ နေထိုင်ရင်း တော်လှန်ရေးအတွက် ထောက်ပို့ လုပ်နေတဲ့ အနာဂတ်အားမာန် ညီနောင်များအဖွဲ့ #ဖစ်ပူရီ တော်လှန်ရေး အင်အားစု နဲ့ ချိတ်ဆက်မိပြီး သူတို့နဲ့အတူ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်တွေမှာ ပါဝင်ဖြစ်ခဲ့တယ်။
ဒေါ်မိုးမိုး ထိုင်းနိုင်ငံ ရောက်ခါစက စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ဖူးပြီး နောက်ပိုင်းမှာ အနီးဝန်းကျင်က မြန်မာ မိသားစုရဲ့ ကလေးတွေကို မြန်မာစာ သင်ကြားပေးတာလည်း လုပ်ဆောင်ခဲ့ပါတယ်။
သူစာသင်လို့ရတဲ့ ငွေကြေးအနည်းငယ်နဲ့ သားငယ်ဖြစ်သူ အလုပ်က ရတဲ့ဝင်ငွေရယ်ကို တော်လှန်ရေးမှာ ပါဝင်နေတဲ့ သားကြီးဖြစ်သူတို့ အဖွဲ့ရယ်၊ နီးစပ်တဲ့ ဘဝတူ CDM ဆရာမတွေကို ထောက်ပံ့ ကူညီသလို စွန့်ပစ်ပစ္စည်း ကောက်ပြီး ရန်ပုံငွေ ရှာတဲ့ လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။
CDM ဆရာမကနေ အမှိုက်ကောက် လုပ်အားပေး
အနာဂတ်အားမာန်ညီနောင်များအဖွဲ့ # ဖစ်ပူရီ တော်လှန်ရေး အင်အားစုက အဖွဲ့ဝင်တွေဟာ အလုပ်က ပြန်လာချိန် ညနေပိုင်းတွေနဲ့ အခါကြီးရက်ကြီး ပိတ်ရက်တွေမှာ ဖစ်ပူရီ ခရိုင်အတွင်းက ရပ်ကွက်အချို့ကို လှည့်လည်ပြီး အမှိုက်ပုံးတွေ၊ မြောင်းတွေထဲက စွန့်ပစ်ထားတဲ့ ပုလင်းခွံဘူးခွံတွေကို ကောက်ယူပါတယ်။ အဲဒီအချိန်တိုင်း ဒေါ်မိုးမိုးလည်း အဖွဲ့ဝင်တွေနဲ့ အတူ တက်တက်ကြွကြွ ပါဝင်စမြဲပါ။
ပိတ်ရက်မှာတော့ တစ်ပတ်လုံး ကောက်ယူထားတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်ရောင်းချဖို့ အမျိုးအစား ခွဲခြားရတဲ့အခါလည်း ပါဝင် လုပ်ဆောင်ပေးတာ၊ အဖွဲ့သားတွေစားဖို့ ချက်ပြုတ်ကျွေးမွေးတာတွေလည်း မမောမပန်းနဲ့ လုပ်ဆောင်ပါတယ်။
ဒေါ်မိုးမိုးက ကျောင်းဆရာမဘဝနဲ့ နှစ်အတော်ကြာ နေထိုင်ခဲ့တော့ ရပ်ရွာတကာလှည့်ပြီး ဘူးခွံပုလင်းခွံတွေ ကောက်ရ တာက စစချင်းမှာ သူ့အတွက် သိမ်ငယ် ရှက်ရွှံ့စိတ် ဖြစ်မိတယ်။ ဒါပေမယ့် သူနဲ့အတူ လုပ်ဆောင်နေတဲ့ လူငယ်လူရွယ် တွေက တော်လှန်ရေးမှာ တတပ်တအား ပါဝင်နိုင်ဖို့ ဘာမှမမှုဘဲ လုပ်ဆောင်နေတာကို ကြည့်ပြီး သူလည်း အားယူမိ တယ်လို့ ဆိုတယ်။
“ဒီကလေးတွေက မရှက်မကြောက်ဘဲနဲ့ လူကြားထဲမှာ လိုက်ကောက်တာနေတာ။ သူတို့စိတ်ဓာတ်ကို လေးစားတယ်။ တချို့ဆိုရင် ညအလုပ်လုပ်ပြီးရင် တနင်္ဂနွေကို အဆောင်မှာ ပြန်မအိပ်ပဲနဲ့ ဒီမှာလာပြီး လုပ်ကိုင်ပေးပြီးမှ ပြန်ကြတယ်။ သူတိုရဲ့တော်လှန်ရေးစိတ်တွေက မြင့်မားတယ်။”လို့ ဒေါ်မိုးမိုးက ပြောပါတယ်။
စွန့်ပစ် ပုလင်းခွံ ဘူးခွံတွေ ကောက်ယူရတဲ့အခါ အများစုက အညစ်အကြးတွေ အကွဲအရှတွေကြား ရောက်နေတတ်တော့ လက်တွေ ထိခိုက်ဒဏ်ရာရတာတွေ ကြုံရသလို၊ ရောဂါပိုးတွေ မကူးစက်အောင် လက်အိတ်တွေဝတ် ပိုးသတ်ဆေးတွေနဲ့ ဆေးကြောတာတွေ လုပ်ရပါတယ်။
ကောက်ယူပြီး စွန့်ပစ်ပစ္စည်းတွေကို ဘေးတွဲတွေနဲ့ သယ်ယူသွားရတော့ မတော်တဆ အန္တရာယ်ဖြစ်မှာလည်း ပူပန် ရပါသေးတယ်။ သူကိုယ်တိုင်လည်း စွန့်ပစ်ပစ္စည်းတွေ လိုက်လံကောက်ရင်း ဘေးတွဲပေါ်က ပြုတ်ကျပြီး သတိမေ့ဖူး တယ်လို့ ဆက်ပြောတယ်။
ဒါ့အပြင် အမှိုက်ပုံးတွေထဲက ရှာဖွေကောက်ယူရတာကြောင့် သိမ်ငယ်စိတ် ဖြစ်ပေါ်မိပေမယ့် အရွယ်ကောင်း အမျိုးသား အမျိုးသမီးလေးတွေက တော်လှန်ရေးအတွက် တက်တက်ကြွကြွ လုပ်ဆောင်နေတာကို တွေ့တဲ့အခါ သူ့လို အသက်ကြီးသူ တစ်ဦးအနေနဲ့ ဘာကြောင့် မလုပ်ဆောင်နိုင်ရမှာလဲဆိုတဲ့ စိတ်နဲ့ ဆက်လက် ပါဝင်နေဆဲလို့ ဆိုပါတယ်။
သူတို့အဖွဲ့တွေ စွန့်ပစ်ပစ္စည်းတွေ ကောက်ရင်း အမှတ်ရစရာ တစ်ခုလည်း ကြုံရသေးတယ်လို့ ဆက်ပြောတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က တောင်ပေါ်ဘုရားပွဲ ကျင်းပတဲ့နေရာမှာ စွန့်ပစ်ပစ္စည်းတွေ ကောက်ဖို့ အဖွဲ့ဝင်တွေ စုပြီး သွားကြပါတယ်။
အဲ့တုန်းက ဒေါ်မိုးမိုးစိတ်ထဲ ထင်တာက ဘုရားပွဲပြီးသွားလို့ ကျန်နေခဲ့တဲ့ ပုလင်းခွံ ဘူးခွံတွေကို ကောက်ရမယ်လို့ပါ။ ဒါပေမယ့် ရောက်သွားတဲ့အချိန်က ဘုရားပွဲ ကျင်းပနေချိန်ဖြစ်တဲ့အတွက် လာရောက်သူတွေက ဝတ်ကောင်းစားလှတွေနဲ့ စည်စည်ကားကား လည်ပတ် သွားလာနေကြတယ်။
ဒီလူအုပ်တွေကြားထဲ ဝင်ပြီး စွန့်ပစ် ပစ္စည်းတွေကောက်ဖို့ကို သိမ်ငယ်စိတ်တွေကို ဖယ်ရှားပြီး ဘုရားပွဲ ကျင်းပနေတဲ့နေရာ အနီးတဝိုက်မှာ ဘူးခွံ ပုလင်းခွံတွေ ကောက်ယူခဲ့ကြတယ်။ ဒီလိုကောက်ယူရင်း ဘုရားပွဲက ထမင်းစားမဏ္ဍပ်မှာ စွန့်ပစ် ထားတဲ့ အမှိုက်အိတ်တွေထဲ ဘူးခွံပုလင်းခွံတွေကို တွေ့တဲ့အခါ အဖွဲ့သားတွေမှာ သွားယူရနိုး မယူရနိုးနဲ့ မဝံ့မရဲ ဖြစ်နေ ကြတယ်။
ဒီလိုတွန့်ဆုတ်နေကြချိန် ဒေါ်မိုးမိုးလည်း မဝံ့မရဲစိတ်ကို ဖျောက်လို့ အမှိုက်အိတ်ထဲက ပုလင်းခွံ ဘူးခွံတွေ ကောက်လို့ ရမလား ဆိုတာကို မဏ္ဍပ်က တာဝန်ရှိသူတွေကို လိုက်လံမေးမြန်းပြီး အမှိုက်အိတ်တွေထဲက ဘူးခွံတွေကို ကောက်ယူ ခဲ့ရတယ်။
“ဒါလေးတွေ ကောက်လို့ရလားဆိုပြီး မေးတဲ့အချိန်မှာ ခံစားချက်ကလေ မြန်မာနိုင်ငံတုန်းက ဘူးခွံပုလင်းခွံ ကောက်တဲ့ ကလေးလေးတွေရဲ့ ဘဝ၊ ပလတ်စတစ် ကောက်တဲ့ လူတန်းစားတွေရဲ့ ဘဝကိုရောက်သွားသလိုပဲ ခံစားလိုက်ရတယ်။ အဲ့လူတွေရဲ့ ဘဝကိုလည်း ကိုယ်ချင်းစာမိတယ်။”လို့ ဒေါ်မိုးမိုးက ပြောပါတယ်။
ဒါပေမယ့် တကိုယ်ရေစာ ကောင်းစားရေးအတွက် လုပ်နေတာမဟုတ်ဘဲ တော်လှန်ရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်ဖို့ လုပ်ဆောင်တာဖြစ်တဲ့အတွက် ဂုဏ်တွေ သိက္ခာတွေ မလိုဘူးဆိုတဲ့ စိတ်ကိုအမြဲ တွေးရင်းဖြေသိမ့်ရတယ်လို့ ဆိုတယ်။
သူအပါအဝင် အမျိုးသမီး၊ အမျိုးသားလူငယ်လေးတွေက အလုပ်ကပြန်လာပြီး အားလပ်ချိန်မှာတောင် အနားယူ သွားလာ လည်ပတ်တာတွေ မလုပ်ဘဲ အမှိုက်ပုံတွေ လမ်းကြိုလမ်းကြားတွေထဲအထိ မရွှံမရှာဘဲ လုပ်ဆောင်နေမှုက တော်လှန် ရေးမှာ အထောက်အပံ့တစ်ခု ဖြစ်စေတဲ့အတွက်လည်း ဒီအပေါ်မှာ ဂုဏ်ယူမိတယ်လို့ ဆက်ပြောပါတယ်။
အမှိုက်ကောက် တော်လှန်ရေး ရန်ပုံငွေ အစ
အနာဂတ်အားမာန်ညီနောင်များအဖွဲ့ # ဖစ်ပူရီ တော်လှန်ရေး အင်အားစုက တော်လှန်ရေးအတွက် စွန့်ပစ်ပစ္စည်းတွေ ကောက်ယူပြီး ဝင်ငွေရှာတာက၂၀၂၁ နှစ်ကုန်ပိုင်း ကတည်း စတင်ခဲ့တာလို့ အဖွဲ့တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုထန်းလျက်ခဲက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးချိန်ကတည်းက ကိုထန်းလျက်ခဲဟာ အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့သလို ဘဝတူ ရွှေ့ပြောင်းလုပ်သားတွေနဲ့အတူ အနာဂတ်အားမာန်ညီနောင်များအဖွဲ့ “ဖစ်ပူရီ တော်လှန်ရေး အင်အားစု” ဖွဲ့စည်းပြီး လစဉ် ဘတ် ၃၀၀ ထည့်ဝင်ကာ တော်လှန်ရေး ရန်ပုံငွေအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနကို လှူဒါန်းတာတွေ လုပ်ခဲ့ပါတယ်။
တော်လှန်ရေးအရှိန် မြင့်လာတာနဲ့ အတူလိုအပ်ချက်တွေများလာပြီး တော်လှန်ရေးရန်ပုံငွေ ရှာဖွေတဲ့ အဖွဲ့တိုင်းက အလှူခံရတဲ့ နည်းလမ်းနဲ့ပဲ ထောက်ပို့ငွေ ရှာဖွေရတဲ့အခါ ရေရှည်ဆို အလှူရှင်တွေလည်း ငြီးငွေ့လာမှာဖြစ်တာကြောင့် အလှူခံမယ့် အစားအခြား ငွေဝင်ရလမ်းကို စဉ်းစားရင်း စွန့်ပစ်ပစ္စည်းတွေကို ကောက်ပြီး ပြန်လည်ရောင်းချဖို့ အကြံဉာဏ်ရခဲ့ တယ်လို့ ကိုထန်းလျက်ခဲက ပြောပါတယ်။
ဒီအကြံဉာဏ်ကို အဖွဲ့ဝင်တွေနဲ့ တိုင်ပင်တဲ့အခါ အကုန်လုံးကလည်း သဘောတူတာကြောင့် နောက်တနေ့မှာပဲ အဖွဲ့သားတွေ စုစည်းပြီး ဖစ်ပူရီ ခရိုင်အတွင်းက ရပ်ကွက်နဲ့ ရွာတွေ ဝန်းကျင်ကိုလှည့်လည်ပြီး မြောင်းကြိုမြောင်းကြား၊ လမ်းဘေးနဲ့ စွန့်ပစ် ထားတဲ့ အမှိုက်ပုံးတွေထဲက ပုလင်းခွံဘူးခွံတွေကို လိုက်လံ ကောက်ယူခဲ့တယ်။
သူတို့အဖွဲ့တွေ ပုလင်းခွံ ဘူးခွံကောက်တာမြင်တဲ့ နေအိမ်တစ်ချို့က ဘူးခွံပုလင်းခွံတွေကို စုစည်းပြီး အိမ်ရှေ့မှာ ချပေး ထားတာ၊ မြန်မာအိမ်အချို့ကလည်း အသုံးပြုပြီးသား ဘူးခွံ ပုလင်းခွံတွေကို စုစည်းထားပြီး ဖုန်းဆက် လာယူခိုင်းတွေလည်း ရှိလာပါတယ်။
လက်ရှိ သူတို့အဖွဲ့မှာ စွန့်ပစ်ပစ္စည်းကောက်နေသူတွေက အယောက် ၄၀ ဝန်းကျင်ရှိပြီး အမျိုးသမီးကတော့ ၁၅ ယောက် ပါဝင်ပါတယ်။ အဖွဲ့မှာပါတဲ့သူ အများစုက စက်ရုံ အလုပ်ရုံ ဝန်ထမ်းတွေ ဖြစ်တာကြောင့် အလုပ်က ပြန်လာတဲ့အချိန် ညနေပိုင်းတွေမှာ ရပ်ကွက်တွေထဲ လှည့်လည် ကောက်ယူပြီး၊ တနင်္ဂနွေ ပိတ်ရက်နဲ့ အခါကြီးရုံးပိတ်ရက်တွေမှာတော့ စုဆောင်းထားတဲ့ စွန့်ပစ် ပစ္စည်းတွေကို ပြန်လည် ခွဲခြားသန့်စင်တာတွေ ပြုလုပ်ကြပါတယ်။
လစဉ် ရန်ပုံငွေ ထောက်ပံ့ လှူဒါန်း
သူတို့အဖွဲ့ဝင်တွေရဲ့ လစဉ် ပုံမှန် ထည့်ဝင်မှုရယ်၊ စွန့်ပစ်ပစ္စည်းတွေကောက်ယူရောင်းချပြီး ရန်ပုံငွေ ရှာဖွေတာရယ် လုပ်ဆောင်ခဲ့ရာမှာ အစောပိုင်းကာလတွေက တလကိုဘတ် ၃ သိန်းဝန်းကျင်အထိ ရရှိခဲ့ပြီး၊ နောက်ပိုင်းမှာတော့ အလှူခံရမှုရော ထည့်ဝင်လှူဒါန်းတာရော၊ စွန့်ပစ်ပစ္စည်းကောက်ယူရရှိမှု နည်းတာတွေကြောင့် လစဉ် ဘတ် ငါးသောင်း ခြောက်သောင်း ဝန်းကျင်သာ ရရှိတော့တယ်လို့ ကိုထန်းလျက်ခဲက ပြောပါတယ်။
ဒီပမာဏတွေထဲ အဖွဲ့ဝင်တွေဆီက လစဉ်ပုံမှန်ထည့်ဝင်တဲ့ ငွေကြေးကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနကို တိုက်ရိုက် လှူဒါန်းပြီး စွန့်ပစ်ပစ္စည်း ကောက်ယူမှုက ရတဲ့ငွေနဲ့ အခြားအလှူခံရရှိတဲ့ ငွေကြေးတွေကိုတော့ စစ်ကောင်စီနဲ့ ရင်ဆိုင် တိုက်ပွဲဝင်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို တိုက်ရိုက် လှူဒါန်းနေတယ်လို့ ဆိုပါတယ်။
ရပ်ကွက်တွေထဲ လှည့်လည်ပြီး စွန့်ပစ်ပစ္စည်းတွေ ကောက်ရတဲ့အခါ ဖန်ကွဲ ပုလင်းကွဲတွေ ရှတာ၊ အညစ်အကြေးတွေ ဖိတ်စင်တာ စွန်းပေတာတွေလည်း ရှိပြီး လူအချို့ရဲ့ အထင်အမြင်သေးတဲ့ အကြည့်နဲ့ ကြည့်တာတွေလည်း ကြုံရပါတယ်။
စွန့်ပစ် ပုလင်းခွံ ဘူးခွံတွေကောက်ယူမှုက ထိုင်းနိုင်ငံသား အသက်ကြီးသူတစ်ချို့လည်း လုပ်ဆောင်တာကြောင့် မတွေ့အောင် ရှောင်ရသလို သူတို့အဖွဲ့တွေကို မတိုင်ကြားအောင်လည်း ဂရုစိုက်ရတယ်လို့ဆိုတယ်။
“ကိုယ့်လူမျိုးအချင်းချင်းတောင် အထင်သေးတာတွေ ရှိတာ၊ အမြင်မတူတော့ အပြောဆိုခံရတာတွေရှိတာ သူတို့ လူမျိုးတွေကတော့ ပြောစရာကို မရှိပါဘူး။ သူတို့မြေ ရေပေါ်မှာ နေရတာဆိုတော့။”လို့ ကိုထန်းလျက်ခဲက ပြောပါတယ်။
ဒါပေမယ့်လည်း ပါဝင်သူ အမျိုးသား အမျိုးသမီးတွေက အခုချိန်ထိ စိတ်ပျက်အားလျော့မှု မရှိသလို ပင်ပင်ပန်းပန်းနဲ့ မရွှံမရှာ လုပ်ဆောင်ကြမှု အသီးအပွင့်က တော်လှန်ရေးမှာ တထောင့်တနေရာကနေ အထောက်အပံ့ပြုနိုင်တဲ့အတွက် ကျေနပ် ဂုဏ်ယူမိတယ်လို့ ဆိုတယ်။
အဖွဲ့မှာပါဝင် လုပ်ဆောင်သူတွေကလည်း နားရက်မှာတောင် လည်ပတ် သွားလာတာ မရှိဘဲ တော်လှန်ရေးအတွက် အထောက်အပံ့ရအောင် လုပ်ဆောင်နေကြတဲ့ သူတို့ကို အမျိုးသမီး အမျိုးသား မခွဲခြားဘဲ ကျေးဇူးတင်ဂုဏ်ယူပြီး သူတို့နဲ့ အတူတူ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ကြိုးစား ရုန်းကန်သွားမယ်လို့ ဆိုတယ်။
“ထိုက်ထိုက်တန်တန် ကျေးဇူးတင်တယ်ဆိုတဲ့စကား၊ အဆုံးထိအောင် သွားမယ်ဆိုတဲ့စကား တော်လှန်ရေးကြီးက အောင်မြင်တော့မှာ ဖြစ်တာကြောင့် အားတင်းထားပါ။ ဆက်ပြီးတော့ ကြိုးစားပေးပါလို့ ကျွန်တော့် ညီငယ်၊ ညီမငယ်တွေကို ပြောချင်တယ်။ ပြန်လည်ထူထောင်ရေးမှာလည်း ထိုက်သင့်သလောက် အတူတူရုန်းကန် ကြိုးစားသွားမယ်။” လို့ ကိုထန်းလျက်ခဲက ပြောပါတယ်။
စွန့်ပစ်ပစ္စည်း ကောက်ယူရတာက သူတပါးမြေမှာ လုပ်ဆောင်ရတဲ့အတွက် ဒေသခံတွေရဲ့ မလိုလားမှု၊ တိုင်ကြားခံရမှုတွေကို စိုးရိမ်ရတာတွေ ရှိပေမယ့်လည်း ပါဝင်လုပ်ဆောင်နေသူတွေက အမျိုးသား၊ အမျိုးသမီး တာဝန် မခွဲခြားဘဲ နေ့စဉ်နဲ့အမျှ အချိန်မှန်မှန် လာပြီး လုပ်ဆောင်ပေးနေတဲ့အတွက် သူတို့အဖွဲ့က ဒီနေ့အချိန်ထိ တော်လှန်ရေးမှာ တတပ်တအား ပါဝင်နိုင်တာ ဖြစ်ပြီး ရှေ့ဆက်လည်း အားမလျှော့ပဲ ဆက်လက် ကြိုးစားသွားမယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကလေးတွေ စာသင်တဲ့ ဆရာမ ဘဝကနေ တော်လှန်ရေးအတွက် စွန့်ပစ်ပစ္စည်းတွေ ကောက်ရပေမယ့် စိတ်ဓာတ်ကျခြင်း မရှိဘဲ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ အရာတွေ သမာအာဇီဝကျစွာနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒေါ်မိုးမိုးကလည်း ဆိုပါတယ်။
“တော်လှန်ရေးအောင်ပြီးရင် ပြန်လည်ထူထောင်ရေးမှာလည်း ဒီကလေးတွေကို ဆက်ပါဝင်ပေးပါလို့ သူတို့ကို ဆုံးမထားတယ်။ တော်လှန်ရေးပြီးရင်လည်း ကိုယ်တတ်နိုင်တဲ့နေရာမှာ ပြန်လည် တာဝန်ထမ်းဆောင်ဖို့လည်း ရည်ရွယ်ထားတယ်။” လို့ ဒေါ်မိုးမိုးက ယုံကြည်စွာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ ။