စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ ဒရုန်းတပ်ဖွဲ့ဝင် မန္တလေးသူ

22 December 2023

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2023.12.22

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) မှ အမျိုးသမီးအဖွဲ့ဝင်တစ်ဦး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် ဒရုန်းယာဉ်မောင်းနှင်နေသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ Photo: AFP

စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ရေးဒရုန်းတွေသုံးပြီး မောင်းနှင်တိုက်ခိုက်နေတဲ့ ဒရုန်းတပ်ဖွဲ့ဝင်တွေထဲမှာ အသက် ၁၈ နှစ် အရွယ် မန္တလေးသူ မမိုးမိုးလည်း ပါဝင်ပါတယ်။ လုံခြုံရေးအရ အမည်ကို လွှဲပြောင်းဖော်ပြထားပါတယ်။

မမိုးမိုးဟာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အခုတော့ ရှမ်းပြည်နယ်အတွင်းက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တာဝန်ထမ်းဆောင်နေတာပါ။

စစ်တပ်အာဏာသိမ်းစဥ်က သူဟာ မြို့ပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပေမယ့် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းတာတွေ မြင်ခဲ့ရတဲ့နောက် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ သူ စတင်ကြိုးစားခဲ့တာပါ။

 

၂ဝ၂၃ ခုနှစ် မေလလောက်မှာမှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

“မတရားမှုတွေ လူ့အခွင့်အရေးတွေ ပိတ်တာတွေရော ပြီးတော့ ကိုယ့်လူတွေကို ပြည်သူတွေကို မဆိုင်ဘဲ ဒီလိုမျိုး သတ်ဖြတ်တာတွေ ရှိလာတာ အဲဒါမျိုးတွေကို အဓိကကတော့ မခံချင်စိတ်ပေါ့။ မခံချင်စိတ်ကြောင့် ဒီကိုရောက်လာတာ။ သင်တန်းဆင်းပြီးသွားတော့ အစကတော့ လုံခြုံရေးတပ်စိပ်ထဲမှာပဲ ရှိတာ။ နောက်တော့ ဒီ UAV (မောင်းသူမဲ့ ဒရုန်း) အဖွဲ့ထဲခေါ်တယ်ဆိုတော့ ဝင်လိုက်တယ်။ UAV ကို နဂိုကတည်းက စိတ်ဝင်စားတာပါ။ နောက်တော့ အမျိုးသမီးတွေခေါ်တယ်ဆိုတော့ အဆင်ပြေသွားတာပေါ့ ကျွန်တော့်အတွက်”

ရှမ်းပြည်နယ်အတွင်းက စစ်ဆင်ရေးတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ သူတို့ Mandalay PDF တပ်လည်း ပူးပေါင်းတိုက်ခိုက်နေတာပါ။

“Target တွေ ဘာတွေထိတာဆိုရင် နောက်ပိုင်းဆို ပိုပြီးတော့ လုပ်ချင်စိတ်တွေပေါ်လာတာပေါ့။ မစ်ရှင်ဆိုရင်ကို အရမ်းရင်ခုန်နေတာလေ။ အဲလိုမျိုး မစ်ရှင်တွေထဲမှာ ထပ်ပြီးတော့ ချပြီးတော့ တိကျအောင် လုပ်ချင်တာပေါ့။ ပိုကောင်းအောင်ပဲ လုပ်ချင်တာ။ ဆရာကလည်း ပြောပါတယ်။ နောက်ပိုင်းဆိုရင် လေ့ကျင့်ရေးတွေ အများကြီးထပ်လာအုံးမှာ။ ဒါတွေမပြီးသေးဘူး။ အကောင်းဆုံးကတော့ ကြိုးစားမှာပါ။ တဖြေးဖြေးနဲ့ နယ်မြေတွေတိုးလာလေ ကျွန်တော်တို့ ပိုပြီးတော့ ကြိုးစားလာလေပဲလေ။ ပိုပြီး လွယ်သွားမှာတော့ မဟုတ်ဘူး”

 

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) မှ အမျိုးသမီးအဖွဲ့ဝင်တစ်ဦး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် ဒရုန်းယာဉ်မောင်းနှင်နေသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AFP)
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) မှ အမျိုးသမီးအဖွဲ့ဝင်တစ်ဦး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် ဒရုန်းယာဉ်မောင်းနှင်နေသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AFP)

 

မမိုးမိုးတို့လို ဒရုန်းတပ်ဖွဲ့ဝင် အမျိုးသမီးတွေကို ဘယ်လိုစုဆောင်းလဲဆိုတာကိုတော့ Mandalay PDF အဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုစိုးသူရဇော်က ပြောပြပါတယ်။

“လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဒရုန်းယူနစ်ထဲမှာ အမျိုးသမီးစစ်မေတွေကို ဒါကျွန်တော်တို့ ခေါ်ပြီးတော့မှ အင်တာဗျူးတွေ လုပ်တယ်။ လေ့ကျင့်သင်ကြားပေးမှုတွေ ကျွန်တော်တို့ လုပ်တယ်။ ဒီလိုမျိုးတွေ လုပ်ပြီးတော့မှ အမျိုးသမီးတပ်ဖွဲ့ဝင်တွေကို ထည့်ထားခြင်း ဖြစ်တယ်။ အဲဒီတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ထည့်ထားသလဲ ဘယ်လိုအခန်းကဏ္ဍမှာ အသုံးပြုမလဲဆိုရင်တော့ ဒီအမျိုးသမီးစစ်မေတွေကို တကယ့်စစ်မြေပြင်မှာ ဒရုန်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ မောင်းနှင်နိုင်ပြီးတော့မှ ရန်သူကို ထိုးနှက်တိုက်ခိုက်ဖို့ရာအထိ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်”

ဒရုန်းတပ်ဖွဲ့ဝင် အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ အားနဲ့ တော်လှန်ရေးအောင်ပွဲကို အတူတကွ ဖော်ဆောင်နိုင်မယ်လို့လည်း ကိုစိုးသူရဇော်က ယုံကြည်ပါတယ်။

“အမျိုးသမီးတွေရဲ့ အားကို ကျွန်တော်တို့ ယုံကြည်တယ်။ ဒီတော့ အမျိုးသမီးတွေရဲ့ အားကို အသုံးပြုပြီးတော့မှ ဒီ လက်နက်ကိုင်တော်လှန်ရေးမှာ အသုံးချဖို့ ကျွန်တော်တို့စဉ်းစားတဲ့အခါမှာ ဒရုန်းက နံပါတ်တစ်နေရာမှာ ပါဝင်တာပါ”

 

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) မှ အမျိုးသမီးအဖွဲ့ဝင်များအား ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AFP)
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) မှ အမျိုးသမီးအဖွဲ့ဝင်များအား ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AFP)
 

 

မမိုးမိုးတို့လို တပ်ဖွဲ့ဝင်တွေဟာ တောတောင်တွေထဲ စစ်မြေပြင်ရှေ့တန်းမှာ တိုက်ခိုက်နိုင်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေနဲ့ နေ့စဉ်လေ့ကျင့်သင်ကြားရင်း အိမ်ကိုလွမ်းနေရသူတွေပါ။

အိမ်ရဲ့အဝေးမှာရောက်နေတဲ့ မမိုးမိုးတစ်ယောက် ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ခန်းတွေကြား အိမ်ကိုလွမ်းနေပေမယ့် မိခင်ရဲ့အားပေးစကားက သူ့အတွက် ယုံကြည်ချက်တွေ ပိုတိုးစေခဲ့ပါတယ်။

“တစ်ခါတလေကျတော့ အိမ်ကိုလွမ်းတာတွေဘာတွေရှိတာပေါ့ ။ ဒါပေမဲ့ သင်တန်းမှာကျတော့ ပိုပြီးသတိရတယ်။ သင်တန်းမှာကျတော့ အမျိုးမျိုး ဒုက္ခမျိုးစုံရှိတာဆိုတော့ အိမ်ကို ပိုလွမ်းတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဖုန်းဆက်ဖြစ်တိုင်း အမေပြောတာက ငါ့သမီး တော်လှန်ရေးပြီးမှ ပြန်လာ အမေတို့အကုန်အဆင်ပြေတယ်။ အဲ့စကားတစ်ခုနဲ့တင်အဆင်ပြေပါတယ်”

မိဘအိမ်ကို ပြန်နိုင်ဖို့ သူတို့ရဲ့ သွေးချွေးတွေနဲ့ ဒရုန်းတပ်ဖွဲ့ထဲမှာ လေ့ကျင့်တိုက်ခိုက်ရင်း သူတို့ယုံကြည်တဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ရေးနဲ့ ဒီမိုကရေစီတိုင်းပြည် ဖော်ဆောင်နိုင်ဖို့ မမိုးမိုးတို့လို လူငယ်တပ်ဖွဲ့ဝင်တွေ ကြိုးစားနေကြဆဲဖြစ်ပါတယ်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia