02 December 2023
စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2023.12.02
ကယား(ကရင်နီ)ပြည်နယ် စစ်မြေပြင်တစ်နေရာတွင် တွေ့ရသည့် ဒေါက်တာရဲဇော်။ Photo: Ye Zaw / Facebook
လွိုင်ကော်ဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာရဲဇော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ခဲ့ပါတယ်။ CDM လုပ်ပြီးနောက်ပိုင်းမှာလည်း သူတတ်ထားတဲ့ အတတ်ပညာနဲ့ စစ်အာဏာရှင်တော်လှန်ရေး ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလိုနဲ့ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ဆေးကုသမှုပေးနေပါတယ်။
“၁၁၁၁ စစ်ဆင်ရေး” စတင်ချိန်ကစပြီး မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အညီ သူတို့ဆေးကုသရေးကလည်း တာဝန်တွေ ပိုမိုများပြားလာပါတယ်။ တိုက်ပွဲတွေကြားထဲ ဆေးဝါးသယ်ယူခွင့် ပိုမိုခက်ခဲလာတဲ့အပြင် တခြားဖြတ်တောက်ခံရမှုတွေကြားက တာဝန်တွေကို ခက်ခက်ခဲခဲ ထမ်းနေရတာပါ။ ထိခိုက်ဒဏ်ရာရသူတွေကို သူတို့ခွဲစိတ်ခန်းလေးထဲမှာ မနားရဘဲ နေ့စဉ်ကုသပေးနေရပါတယ်။
“ခွဲခန်းကိုဗျာ သုံးလေးယောက်လောက်ပဲ ခွဲရမဲ့ အရာတွေက အခုကျ လေး၊ ငါး၊ ဆယ်ယောက် ခွဲရတာမျိုးတွေ ဖြစ်လာတယ်။ အဲဒီတော့ မနားရဘူး။ ဆရာဝန်တွေ မနားရဘူး။ ခွဲစိတ်ဆရာဝန် ကိုယ်တွေလည်း မနားရဘူး။ အရိုးဆရာဝန်အစ်ကိုတွေဆိုလည်း မနားရဘူး။ ပြီးတော့ ဆေးကျောင်းသားလေးတွေ ဆရာဝန်လေးတွေ သူနာပြုလေးတွေ သားဖွားတွေ ဆေးရုံံထဲမှာ ရှိတဲ့သူတွေ သူတို့မနားရဘူး”
လိုအပ်ချက်တွေများစွာရှိတဲ့ ကျန်းမာရေးကဏ္ဍမှာ ရွှေ့ပြောင်းစနစ်နဲ့ စစ်ဘေးဒုက္ခသည်ပြည်သူတွေကို လှည့်လည်ကုသပေးနေတာပါ။
လူဦးရေသုံးသိန်းကျော်ရှိတဲ့ ကရင်နီပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေ တဖြေးဖြေးပိုများလာပြီး အခုဆိုရင် စစ်ဘေးဒုက္ခသည်က နှစ်သိန်းကျော်အထိရှိလာလို့ စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာ လိုက်လံဆေးကုသပေးရတာက သူ့အတွက် နေ့စဉ်တာဝန်တစ်ခုလို ဖြစ်လာပါပြီ။
“ရှေ့တန်းကတော့ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဆေးအဖွဲ့တွေရှိတယ်။ တချို့သူတို့ ရှေ့တန်းကို ရှေ့တန်း Yellow Zone လောက်အထိ သွားပြီးတော့ ကုသမှုပေးနေတာမျိုးတွေ ရှိတယ်။ ရှေ့တန်းမှာတော့ ကျွန်တော်တို့ ဘယ်လိုပြောရမလဲ လူနာကို အသက်ဆုံးရှုံးမှု မဖြစ်အောင်လို့ကိုပဲ ကျွန်တော်တို့ နံပါတ်တစ် ဦးစားပေးတယ်။ ရှေ့တန်းမှာ ခွဲစိတ်ဖို့ ရှေ့တန်းမှာ ဆက်ကုနေဖို့ဆိုတာ ဥပမာ ခြေထောက်က ဖြတ်ဖို့လိုတဲ့ဟာမျိုးတွေကို ကျွန်တော်တို့ ရှေ့တန်းမှာ ဖြတ်မှာ မဟုတ်ဘူးပေါ့နော်။ ရှေ့တန်းမှာ သွေးထွက်လွန်ပြီး တစ်ခုခု အသက်ဆုံးရှုံးတာ မဖြစ်ရအောင်အတွက် အဓိကထားပြီး ကျွန်တော်တို့ ရှေ့တန်းမှာ ကုသမှုလုပ်တယ်။ ပြီးရင် ဆေးကုသမှုပေးနိုင်မဲ့ ဆေးရုံတွေကို ဒီလူနာတွေ ကျွန်တော်တို့က လွှဲပြောင်းပေးတယ်ပေါ့”
သူတတ်ထားတဲ့ပညာ သူဝါသနာပါတဲ့ ဆေးပညာနဲ့ လူနာတွေကုသရတာ ပျော်ပေမဲ့ ရဲဘော်လူနာတွေ ရှေ့တန်းစစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးသွားရတာတွေက သူ့အတွက် နေ့စဉ်မကြုံချင်ဘဲ ကြုံနေရတာပါပဲ။
“မှတ်မှတ်ရရလေးတွေမှာတော့ ကိုယ့်ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာတော့ ကိုယ့်မျက်စိရှေ့မှာတင် မနက်ကပဲ ကျွန်တော့်ကို နှုတ်ဆက်ပြီးတော့ ရှေ့တန်းသွားလိုက်အုံးမယ် ဆရာ ဘာညာနဲ့ စသွားတဲ့ကလေး ညနေလောက်ကျတော့ ခြေထောက်က ပါမလာတော့ဘူးဆိုတဲ့ ပုံစံမျိုးတွေက မြင်ရတာမျိုးတွေက အဲတာမျိုးတွေက ခဏခဏဆိုတော့လေ ဘယ်ဟာက သတိတရအရှိဆုံးလဲဆိုတာ မပြောတတ်ဘူးဖြစ်နေတယ်”
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြင်းထန်နေချိန်မှာပဲ လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွေနဲ့ အတူ စစ်ဘေးဒုက္ခသည်တွေများလာပေမဲ့ ရရာနေရာကနေ သူတို့ဆေးအဖွဲ့လေးဟာ ဆေးကုသဖို့ တာဝန်အဆင်သင့် ရှိနေကြပါတယ်။ ဆေးဝါးမလုံလောက်တဲ့ကြားက လူနာတွေကို အတတ်နိုင်ဆုံး ကုသပေးဖို့ ရှိနေပေမဲ့ တချို့လူနာတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေ လည်းရှိပါတယ်။
“အခုကျွန်တော်တို့က အပေါ်ကိုလည်း လေယာဉ်ကို ကြည့်ပြီးတော့မှ ဆေးကုရတဲ့ပုံစံမျိုး ဖြစ်နေတယ်။ လက်နက်ကြီးတွေကို ကြည့်ပြီး ဆေးကုရတဲ့ပုံစံမျိုးတွေ ဖြစ်နေတယ်ပေါ့နော်။ အဲဒီလိုမျိုးတွေ ကိုယ်ကမတတ်နိုင်ဘူးဆိုပြီး ဖြစ်သွားတဲ့အခါမျိုးမှာ အမှန်အတိုင်းပြောရင် စိတ်ဆင်းရဲတယ်။ ငါဘာလို့ မတတ်နိုင်ရတာလဲပေါ့။ ဒါပေမဲ့ ပြန်တွေးတယ်ပေ့ါနော်။ ငါတို့အင်အားနဲ့ ငါတို့အခြေအနေနဲ့ ဒီလောက်ပဲ တတ်နိုင်မယ်။ ဒါလေးမတတ်နိုင်လို့ တခြားဟာတွေ မလုပ်တော့ဘူးဆိုတဲ့ စိတ်မျိုးထားလိုက်ရင် ပိုပြီးနစ်နာမှာ အများကြီးပဲဆိုတဲ့ စိတ်နဲ့ပဲ နိုင်တာလေး ဆက်လုပ်သွားမယ်ဆိုတဲ့ ပုံစံနဲ့ ကိုယ့်ကိုယ့်ကို အားတင်းပါတယ်။”
စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေ ဘယ်လောက်ရှိရှိ လူနာတွေကို ကုသပေးရင်း တော်လှန်ရေးမှာ အဆုံးထိ ပါဝင်နေမှာပါပဲလို့ ဆိုပါတယ်။
“ကျွန်တော်တို့ ဆေးရုံနားမှာ လေယာဥ်နဲ့လာကြဲတာပေ့ါနော်။ တိုက်ရိုက်တော့ မထိပေမဲ့ လေယာဉ်နဲ့ လာကြဲတဲ့အရှိန်ကြောင့်မို့လို့ ခွဲခန်းရဲ့ နံရံတွေပြိုကျသွားတယ်။ ဆိုတော့ စစ်ကောင်စီဘက်ကတော့ သူတို့ကတော့ ရှင်းလည်းမနိုင်ဘူး။ သူတို့ရှေ့မှာ ဘယ်လောက်ကြဲကြဲ မနိုင်ဘူးလေ။ ကျွန်တော်တို့နောက်မှာ အေးဆေးတည်ငြိမ်စွာနဲ့လုပ်နေတဲ့ ကျန်းမာရေးအဖွဲ့သားတွေ ပြည်သူတွေကို ပစ်မှတ်ထားပြီး တဖြေးဖြေးနဲ့ စိတ်ဒဏ်ရာတွေရအောင်ကို တောက်လျှောက်ကို ဆက်လုပ်နေတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မှာ ရှိတဲ့အားတွေနဲ့ ထပ်ပြီးတော့ ဘယ်လိုပဲ ချိန်းခြောက်ခြောက် ကျွန်တော်တို့က ဒီနေရာမရရင် နောက်တစ်နေရာမှာ ဒီကျန်းမာရေးနဲ့ တော်လှန်နေတာကိုတော့ ဆက်လုပ်နေအုံးမှာပဲ”
ဒီလို စစ်ရေးနဲ့ မဆိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေကို တိုက်ခိုက်တာဟာ အရပ်သားပြည်သူတွေ အကြောက်တရားလွှမ်းမိုးအောင် စစ်ကောင်စီက လုပ်တာလို့ သူတို့က ယူဆပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အကြောက်တရားပြန်ရအောင်လုပ်မယ်ဆိုပြီး လွိုင်ကော်မြို့ စစ်ကောင်စီရဲ့ ဒေသကွပ်ကွဲရေးစစ်ဌာနချုပ်မှူးကို ဖမ်းဆီးပေးနိုင်သူကို ဆုငွေ ကျပ်သိန်း ၃၀၀ ပေးမယ်လို့ ဒေါက်တာရဲဇော်အနေနဲ့အတူ တခြားဆရာဝန်တစ်ဦးတို့က ဆုကြေးငွေကြေညာချက် ထုတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ဖမ်းပေးနိုင်သူကို ဆုကြေးငွေပေးမယ်လို့ ထုတ်တာကလည်း သူတို့က ပထမဆုံးပါ။
မကြာသေးခင်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရရှိမှုများလာတာနဲ့အညီ စစ်သုံ့ပန်းတွေကို ကုသရေးမှာလည်း သူပါဝင်နေရတာပါ။ စစ်အာဏာရှင်ကို မုန်းပေမဲ့ သူ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့အညီ ကုသပေးနေပါတယ်။
“နောက်တစ်ခုက သုံ့ပန်းတွေမိလာတဲ့အခါမျိုးဆိုရင်လည်း ကျွန်တော်တို့က ဆေးကုသမှုပေးရတယ်။ စစ်သုံ့ပန်းဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ကျွန်တော်တို့ ညီအောင် ရင်ထဲမှာတော့ ဒီလိုခွေးတွေကို အမှန်အတိုင်းပြောရင် ကျွန်တော်တို့ မကုချင်ဘူး။ အမှန်အတိုင်းပြောရင် သတ်တောင်သတ်ပစ်လိုက်ချင်တဲ့စိတ်မျိုးရှိတယ်။ ဒါမညာဘူးပေါ့နော်။ ဒါပေမဲ့ ကိုယ့်ဆီမှာရောက်လာတဲ့အခါ သုံ့ပန်းအရရော လူနာအရရောဆိုတာ့ ကျွန်တော်တို့ ကုပေးတယ်ပေါ့”
မကြာတော့တဲ့တစ်နေ့ အောင်ပွဲရလာမယ်လို့ သူယုံကြည်ထားပါတယ်။ တိုင်းပြည်ငြိမ်းချမ်းသွားတဲ့အခါမှာတော့ သူ့မွေးဖွားရာဇာတိကို ပြန်အခြေချပြီး သူဝါသနာပါရာ ဆေးပညာနဲ့ပဲ သူနယ်မြို့လေးကို ကူညီမှုတွေ လုပ်ဆောင်သွားမယ်လို့ မျှော်မှန်းထားပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.