နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

November 21st, 2023  •  Author:   The Irrawaddy  •  1 minute read

By Rajeev Bhattacharyya

နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

ချင်းပြည်နယ်ရှိ CNF ၏ ရုံးချုပ် ဝိတိုရိယစခန်းတွင် စစ်ဝတ်စုံများ ချုပ်လုပ်ပေးနေသည့် အမျိုးသမီးများ / CNF

 

စစ်ကောင်စီဆန့်ကျင်ရေး ခုခံတော်လှန်မှုတွင် သေနတ်မကိုင်သော အမျိုးသမီးတို့၏ အခန်းကဏ္ဍသည် အရေးပါသော်လည်း ကျယ်ကျယ်ပြန့်ပြန့် မသိကြပေ။

၎င်းတို့သည် စစ်ကောင်စီကို တိုက်ခိုက်ရန် လက်နက်ကိုင်ဆောင်ခြင်း မရှိပေ။ စစ်မြေပြင်ဝတ်စုံ ဝတ်ဆင်ပြီး အော်တိုမက်တစ် လက်နက်များကို ဂုဏ်ယူစွာ ကိုင်ဆောင်သည့် အမျိုးသမီး စစ်သည်တော်များနှင့် မတူဘဲ ခုခံတော်လှန်ရေးတွင် ၎င်းတို့၏ အခန်းကဏ္ဍကို သတိမထားမိသလောက်ပင် ဖြစ်သည်။ သို့သော် သူတို့သည် စစ်ကောင်စီဆန့်ကျင်ရေးကို ထိန်းသိမ်းပေးသည့် ရှုပ်ထွေးသော လည်ပတ်မှုတွင် အရေးအပါဆုံးသော ယန္တရားများ ဖြစ်သည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် စစ်သမီး မဟုတ်သော တာဝန်ထမ်းဆောင်သူ အမျိုးသမီးများအကြောင်း လေ့လာကြည့်ပါမည်။ ၎င်းတို့သည် စစ်ကောင်စီတပ်ကို ဆန့်ကျင်သည့် တိုက်ခိုက်ရေး အခန်းကဏ္ဍမှ အမျိုးသမီးအရေအတွက်ထက် ပိုမိုများပြားသည်။ ၎င်းတို့သည် ခုခံတော်လှန်ရေး စခန်းများအတွင်းနှင့် အပြင်တွင်၊ နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပတွင် အမျိုးမျိုးသော အခန်းကဏ္ဍများ၌ တာဝန်ထမ်းဆောင်နေကြပြီး ထောက်လှမ်းဖော်ထုတ်မှုကို ရှောင်ရှားရန် တိတ်တဆိတ် အသွင်ပြောင်းထားသည့် ပုံစံဖြင့် အန္တရာယ်များသည့် လုပ်ငန်းများတွင်လည်း ဆောင်ရွက်နေကြသည်။

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွင် အမျိုးသမီးများသည် တိုက်ခိုက်ရေးအခန်းကဏ္ဍမှ ဖြစ်စေ၊ တိုက်ခိုက်ရေး မဟုတ်သည့် တော်လှန်ရေး လှုပ်ရှားမှုမှဖြစ်စေ ၆၀ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း အမေရိကန်ခြေစိုက် လွတ်လပ်သော သုတေသီ ဒေါက်တာ မီမီဝင်းဘတ်ကို ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များဆိုင်ရာဝန်ကြီး နော်ဆူဇန်နာ လှလှစိုးက The Diplomat စာစောင်နှင့် အွန်လိုင်းတွေ့ဆုံမေးမြန်းရာတွင် ပြောသည်။

“နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေက စခန်းတွေမှာ စားဖိုမှူးတွေ၊ မှတ်တမ်းထိန်းတွေ၊ ဆေးဝန်ထမ်းတွေ၊ ကျောင်းဆရာမတွေလို တိတ်ဆိတ်စွာ တာဝန်ယူပေမယ့် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး အမျိုးသမီး တိုက်ခိုက်ရေး စစ်သည်တော်တွေနဲ့ မတူဘူး။ အမျိုးသမီးငယ် များစွာဟာလည်း ထောက်ပို့ကိစ္စတွေ၊ ရန်ပုံငွေ ရှာဖွေရေးတွေမှာ တက်တက်ကြွကြွ လုပ်ဆောင်နေတယ်” ဟု ၎င်းကပြောသည်။

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွင် အမျိုးသမီးများသည် တိုက်ခိုက်ရေးအခန်းကဏ္ဍမှ ဖြစ်စေ၊ တိုက်ခိုက်ရေး မဟုတ်သည့် တော်လှန်ရေး လှုပ်ရှားမှုမှဖြစ်စေ ၆၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းသို့ စာရေးသူ သွားရောက်ခဲ့သည့် ခရီးအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ အသစ်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့မှ အဖွဲ့ဝင်များဖြစ်သော အမျိုးသမီး တိုက်ခိုက်ရေး စစ်သည်တော်များ၊ တိုက်ခိုက်ရေး မဟုတ်သည့် အမျိုးသမီး တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

အချို့သည် တွေ့ဆုံမေးမြန်းခံကာ ဓာတ်ပုံအရိုက်ခံသော်လည်း ၎င်းတို့၏ မျက်နှာများကို ဖော်ပြခြင်း မရှိကြသလို အချို့ကလည်း ၎င်းတို့၏ အခန်းကဏ္ဍ၊ အတွေ့အကြုံများနှင့် ပတ်သက်သည်များကို အမည်မဖော်ဘဲ မျှဝေခဲ့သည်။

မှတ်တမ်းထိန်းများ၊ အထည်ချုပ်သူများ၊ စားဖိုမှူးများနှင့် ဘဏ္ဍာရေးမှူးများ

ချင်းပြည်နယ်မှ ချင်းအမျိုးသားတပ်ဦး (CNF) ၏ စစ်ဌာနချုပ်ဖြစ်သော ဝိတိုရိယစခန်းသည် ကျယ်ပြန့်လှသော ထိုအသိုက်အဝန်းမှ အခြား အဆောက်အအုံများကဲ့သို့ပင် ရှည်မျောသည့် သစ်နှင့် သံဖြူအဆောက်အအုံဖြစ်သည်။

သို့သော် အခြားအိမ်များနှင့်မတူသောအချက်မှာ ထိုအဆောက်အအုံတွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ထိုစခန်းတွင်လေ့ကျင့်ပေးနေသည့် အခြားအဖွဲ့များမှ စစ်သားများအတွက် စစ်ဝတ်စုံများ ချုပ်ပေးနေသည့် အမျိုးသမီးအဖွဲ့တခု ရှိနေခြင်းပင် ဖြစ်သည်။ ထိုနေရာတွင် အမျိုးသမီး တဒါဇင်ခန့်သည် နံနက် ၈ နာရီမှ နေ့လည် ၂ နာရီအထိ တပတ်လျှင် ခြောက်ရက် စစ်ဝတ်စုံများကို သတ်မှတ်ထားသည့် အရေအတွက်အတိုင်း ချုပ်လုပ်ကြသည်။ ၎င်းတို့ကို ထိုတာဝန်မပေးမီ ပညာရှင်အထည်ချုပ်သူများက တလခန့် လေ့ကျင့်ပေးခဲ့သည်။

ချင်းပြည်နယ်ရှိ CNF ၏ ရုံးချုပ် ဝိတိုရိယစခန်းတွင် ဘဏ္ဍာရေး စာရင်းအင်း ပြုလုပ်နေသည့် တော်လှန်ရေး စစ်သမီးများ / Rajeev Bhattacharyya

အခြားအမျိုးသမီးများသည် ဝိတိုရိယစခန်းတွင် ချက်ပြုတ်ကြ၊ မှတ်တမ်းများ ပြုစုပြီး ဘဏ္ဍာရေးမှူး လုပ်ငန်းများကို ဆောင်ရွက်ကြသည်။ စာရေးသူကို နေရာချထားပေးသည့် နွေးထွေးသော သစ်သား နှစ်ထပ်အိမ်သည် ဧည့်ဂေဟာဖြစ်ပြီး မြေညီထပ်တွင် စခန်းတခုလုံးအတွက် မှတ်တမ်းများ ထိန်းသိမ်းပေးသည့် ရုံးခန်း နှစ်ခန်းရှိသည်။ အဖွဲ့ဝင် သုံးဦးပါသော မှတ်တမ်းပြုစုသည့် ထိုအဖွဲ့ကို အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတဦးက ဦးဆောင်သည်။

စကားပြန်၏ အကူအညီဖြင့် ထိုအမျိုးသမီးနှင့် စကားအနည်းငယ်ပြောခဲ့သည်။ သူသည် ထိုရုံးတွင် တာဝန်ကျနေသည်မှာ တနှစ်ကျော် ကြာပြီဖြစ်ကြောင်း ပြောပြပြီး သတင်းအချက်အလက်များကို လိုအပ်လျှင် ရရှိအောင် မှတ်တမ်းများကို မည်သို့ စနစ်တကျ ထိန်းသိမ်းထားသည်ကို ပြောပြသည်။ ရရှိသော စာရွက်စာတမ်းများ အားလုံးကို စကန်ဖတ်ပြီး လစဉ်ကုန်ကျစရိတ် အပါအဝင် အချက်အလက်များ အားလုံးကို ဒက်စတော့ ကွန်ပျူတာများတွင် မှတ်တမ်းတင်ထားသည်။

“ကျမတို့ ဒီအခန်းကဏ္ဍအတွက် လပေါင်းများစွာ လေ့ကျင့်ရတယ်။ အစမှာတော့ ဒါက ကျမတို့အားလုံးအတွက် ခက်ခဲတယ်။ ဒါပေမယ့် အခုတော့ ဒီအခန်းကဏ္ဍကို သဘောကျနေကြပြီ” ဟု ထို ရုံးစီမံခန့်ခွဲရေးအဖွဲ့ ခေါင်းဆောင်ကပြောပြီး ၎င်းတို့သည် မတက်မနေရ စစ်သင်တန်းလည်း တက်ရသည်။

ဝိတိုရိယစခန်းတွင် ကျင့်သုံးသည့် စနစ်မှာ မြန်မာနိုင်ငံ တဝန်းမှ EAO စခန်းအများစုတွင် တွေ့ရသည့် ထုံးစံအတိုင်း ဖြစ်သော်လည်း ကွဲလွဲမှုအချို့ရှိသည်။ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကဲ့သို့သော EAOs များတွင် တိုက်ပွဲဝင် မဟုတ်သည့် တာဝန်များကို အမျိုးသမီးအများအပြားက ထမ်းဆောင်ကြသည်။

PDF နှင့် CDF များသည် EAOs များလောက် စနစ်မကျ၊ ရင်းမြစ်မရှိပေ။ PDF စခန်းများတွင် ပိုမိုလူနည်းသည့် အမျိုးသမီးများကို တွေ့ရသည်မှာ အံ့သြစရာ မဟုတ်ပေ။ ကလေးနှင့် တီးတိန်အကြား တောင်တန်းများအတွင်း နက်ရှိုင်းစွာ တည်ရှိသော ကလေး PDF စခန်းများတွင် ဘဏ္ဍာရေးမှူးနှင့် ရုံးမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်သည့် အမျိုးသမီး နှစ်ဦးကို စာရေးသူ တွေ့ခဲ့သည်။

“ကျမတို့ ဒီအခန်းကဏ္ဍအတွက် လပေါင်းများစွာ လေ့ကျင့်ရတယ်။ အစမှာတော့ ဒါက ကျမတို့အားလုံးအတွက် ခက်ခဲတယ်။ ဒါပေမယ့် အခုတော့ ဒီအခန်းကဏ္ဍကို သဘောကျနေကြပြီ”

ကလေးရှိ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ နံနက်စောစော လေ့ကျင့်ချိန်၌ လူ ၄၁ ယောက်ပါသည့် အုပ်စုတွင် အမျိုးသမီးငယ် ငါးဦးကို တွေ့ရသည်။ ၎င်းတို့ကို တိုက်ခိုက်ရေးနှင့် မသက်ဆိုင်သည့် အခန်းကဏ္ဍများတွင် တာဝန်ပေးဖွယ်ရှိကြောင်း CNDF တပ်မှူး လိုင်သန်မော်ဝီယာက ဇန်နဝါရီလ ၂၅ ရက်နေ့ တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။ သူသည် ရှေ့တန်း စစ်မျက်နှာများတွင် အမျိုးသမီးများကို အမျိုးသားများနည်းတူ ထိုးစစ် အခန်းကဏ္ဍမှ ပါဝင်ရန် မထောက်ခံသူဖြစ်သည်။

ပညာရေးကွက်လပ်ကို ဖြည့်ဆည်းခြင်း

စခန်းများပြင်ပမှ ခုခံတော်လှန်ရေး လှုပ်ရှားမှုနှင့် တက်တက်ကြွကြွ ပတ်သက်နေသူများမှာ ဆရာမများ၊ ဆေးဝန်ထမ်းများနှင့် အကူအညီပေးရေး လုပ်သားများအဖြစ် လုပ်ကိုင်နေသည့် ပိုမိုနည်းပါးသော အဖွဲ့များဖြစ်သည်။ အချို့သည် ခုခံတော်လှန်ရေး အင်အားစုများနှင့် ဆက်စပ်နေသော်လည်း အခြားသူများမှာ တကိုယ်တော် လုပ်ကိုင်ဆောင်ရွက်သူများ ဖြစ်သည်။

ကလေးမြောက်ပိုင်းတွင် ပကဖခေါ် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်သည် NUG နှင့်ပတ်သက်သည့် ကျောင်းများကို စီမံခန့်ခွဲသည်။ လက်ပံချောင်းတွင် တည်ထောင်ထားပြီး ကျောင်းသား ၂၀၀ ခန့် အပ်ထားသည့် ကျောင်း သုံးကျောင်းသို့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် The Diplomat က သွားရောက်ခဲ့သည်။ ထိုကျောင်းများအနက် နှစ်ကျောင်းတွင် ဆရာမ သုံးဦး သင်ကြားပေးနေသည်။

ချင်းပြည်နယ်ရှိ CNF ၏ ရုံးချုပ် ဝိတိုရိယစခန်းတွင် ချက်ပြုတ်ရေးတာဝန်ယူနေသည့် တော်လှန်ရေး စစ်သမီးတဦး / Rajeev Bhattacharyya

၎င်းတို့အနက် တဦးမှာ ယခင်က လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦး ဖြစ်သည်။ ထိုကျောင်းတွင် သူ၏ အတွေ့အကြုံကို မေးသောအခါ သူက ထိုအလုပ်သည် စာသင်ခန်းများကို ဆက်လက် လည်ပတ်စေရန် စိန်ခေါ်မှုရှိကြောင်းနှင့် ကလေးများကို နေ့စဉ် ကျောင်းသို့လာရန် စိတ်အားတက်ကြွစေသည့် အလုပ်ဖြစ်ကြောင်း ပြောသည်။

“အဲဒါတွေအပြင် ကျမတို့က အခြေအနေအားလုံးအတွက် ပြင်ဆင်ထားရတယ်” ဟုလည်း ၎င်းကပြောသည်။

ပဋိပက္ခဇုန်များတွင် ခုခံတော်လှန်ရေး အင်အားစုများက တည်ထောင်ထားသည့် ကျောင်းများ၌ သင်ကြားခြင်းအပြင် ဆရာမများသည် အိန္ဒိယနိုင်ငံ နယ်စပ်ပြည်နယ်များဖြစ်သည့် မီဇိုရမ်နှင့် မဏိပူရပြည်နယ်များမှ နယ်စပ်မြို့အချို့တွင် ဒုက္ခသည်များ၏ ကလေးများကို သင်ကြားပေးနေကြသည်။ မီဇိုရမ်တွင် ကလေးအများစုသည် အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများတွင် အပ်နှံကြသော်လည်း ကျောင်းသား ၁၀၆ ဦးခန့်သည် NUG လက်အောက်ခံ ဇိုခေါသာရှိ ဒုက္ခသည် စခန်းများမှ စာသင်ခန်းများတွင် သင်ကြားနေသည်။

ပဋိပက္ခဇုန်များတွင် ခုခံတော်လှန်ရေး အင်အားစုများက တည်ထောင်ထားသည့် ကျောင်းများ၌ သင်ကြားခြင်းအပြင် ဆရာမများသည် အိန္ဒိယနိုင်ငံ နယ်စပ်ပြည်နယ်များဖြစ်သည့် မီဇိုရမ်နှင့် မဏိပူရပြည်နယ်များမှ နယ်စပ်မြို့အချို့တွင် ဒုက္ခသည်များ၏ ကလေးများကို သင်ကြားပေးနေကြသည်။

သူ့ကိုယ်သူ ဗန်စီယန်ဟွိုင်ဟု ဖော်ပြသည့် ဆရာမတဦးသည် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတဦး ဖြစ်သည်။ ချင်းပြည်နယ်၊ တီးတိန်မှ လာသူဖြစ်ပြီး သူသည် စစ်အာဏာသိမ်းမှု မတိုင်မီ တနှစ်က မီဇိုရမ်သို့ ထွက်ပြေးမလာမီ အင်္ဂလိပ်စာ၊ မြန်မာစာနှင့် ကျမ်းစာ သင်ကြားသူဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကလေးရှိ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) များ စီမံသည့် စာသင်ကျောင်းတွင် ပဉ္စမတန်းကို သင်ကြားပေးနေသော ဆရာမတဦး / Rajeev Bhattacharyya

“ဒီ ဇိုခေါသာက ကျောင်းမှာ အမျိုးသမီး လေးဦး အပါအဝင် ဆရာ၊ ဆရာမ ငါးယောက်ရှိတယ်” ဟု ၎င်းကပြောသည်။ ကလေးများ မီဇိုရမ်မှကျောင်းများတွင် အပ်နှံခွင့် မရမည်ကို စိုးရိမ်သောကြောင့် သူနှင့် စိတ်တူသဘောတူ အမျိုးသမီးများသည် ထိုကွာဟချက်ကို ဖြည့်ဆည်းရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရမှ ကျမရဲ့ ပညာရေးကို ပြန်လည်စတင်မယ်” ဟု ဆရာမ ဗန်စီယန်ဟွိုင်က ပြောသည်။

မဏိပူရပြည်နယ်မှ နွေဦးစာသင်ကျောင်း ငါးကျောင်းနှင့် ပတ်သက်သော ဆရာမများ၏ ၉၀ ရာခိုင်နှုန်းသည် ယခင်က မြန်မာနယ်စပ်ခရိုင် တမူးတွင် CDM ၌ ပါဝင်ခဲ့သော အမျိုးသမီးများ ဖြစ်သည်။ NUG လက်အောက်ခံဖြစ်သော ထိုကျောင်းများကို ချန်ဒယ်နှင့် တန်နိုပယ် ခရိုင်များမှ ကျေးရွာအကြီးအကဲများ ခွင့်ပြုချက်ဖြင့် ကဘော်ချိုင့်ဝှမ်း မြန်မာဒုက္ခသည် ကော်မတီက ထူထောင်ထားခြင်း ဖြစ်သည်။

ထိုကျောင်းများသည်လည်း မဏိပူရပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၃ ရက်နေ့က လူမှုအသိုက်အဝန်းများအကြား ပဋိပက္ခဖြစ်ပြီးနောက် ပိတ်ထားရသည်။ ပဋိပက္ခနောက်ပိုင်းတွင် အိန္ဒိယအစိုးရက ထိုပြည်နယ်မှ မြန်မာနိုင်ငံသားများကို နှိမ်နင်းချေမှုန်းသည်။

ဆေးဝန်ထမ်းနှင့် သူနာပြုများ

အမျိုးသမီးအများအပြားသည် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများတွင်လည်း ပါဝင် ဆောင်ရွက်ကြသည်။ ၎င်းတို့သည် စစ်မြေပြင် အခြေအနေတွင်လည်း တာဝန် ထမ်းဆောင်ရသောကြောင့် ၎င်းတို့၏ လုပ်ငန်းသည် ကျောင်းဆရာမများထက် စိန်ခေါ်မှု ပိုမို ကြီးမားသည်။

စစ်ကိုင်းတိုင်းရှိ ဝက်လက်နှင့် ယင်းမာပင်မှ ဆေးဝန်ထမ်းများကို စစ်တပ်က ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သည့် ကြောက်မက်ဖွယ် ဇာတ်လမ်းများကို စာရေးသူ ကြားရသည်။ ၂၀၂၁ ခုနှစ် နှောင်းပိုင်းက ကလေးမြို့တွင် ဆေးဝန်ထမ်းများအဖြစ် ခုခံတော်လှန်ရေး အဖွဲ့တခုတွင် ပါဝင်သည့် အမျိုးသမီး ကိုးဦး အဖမ်းခံရပြီး ထောင်ဒဏ် တသက်တကျွန်း ချခံရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးလက်ဒေသခံများအတွက် ဆေးဝါးပေးသည့် ကလေး PBF စစ်သမီးတဦး

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် ဆေးဝန်ထမ်းများနှင့် သူနာပြုများသည် ခုခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကြသည်။ ဥပမာအားဖြင့် ချင်း ကျန်းမာရေးအဖွဲ့ (CHO) သည် အမျိုးသမီး အများအပြား ဆေးဝန်ထမ်းနှင့် သူနာပြုအဖြစ် ပါဝင်သော ဆေးရုံ ၁၇ ခုနှင့် ရွေ့လျားအဖွဲ့ ၅၃ ဖွဲ့ ထူထောင်ထားသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ဒေါက်တာ အာမို့စ်ဟု အမည်ပြောင်းထားသည့် ဆရာဝန်တဦး ဦးဆောင်သော အဖွဲ့တခု ရှိသည်။ သူသည် ယခင်က လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်သည်။ သူ၏အဖွဲ့တွင် သူနာပြု သုံးဦးနှင့် အကူ ငါးဦးပါသည်။ အတိအကျမသိရသော နေရာတခုမှ ဖုန်းဖြင့် ပြောကြားရာတွင် ဒေါက်တာ အာမို့စ်က သူနာပြုများ၏ အဖိုးမဖြတ်နိုင်သော အခန်းကဏ္ဍကို အလေးထားပြောသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် ဆေးဝန်ထမ်းများနှင့် သူနာပြုများသည် ခုခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကြသည်။ ဥပမာအားဖြင့် ချင်း ကျန်းမာရေးအဖွဲ့ (CHO) သည် အမျိုးသမီး အများအပြား ဆေးဝန်ထမ်းနှင့် သူနာပြုအဖြစ် ပါဝင်သော ဆေးရုံ ၁၇ ခုနှင့် ရွေ့လျားအဖွဲ့ ၅၃ ဖွဲ့ ထူထောင်ထားသည်။

“ကျနော်တို့ တည်ထောင်ထားတဲ့ ဆေးရုံက သူနာပြုတွေ မရှိရင် လုပ်ငန်းလည်ပတ်လို့ မရဘူး” ဟု ၎င်းကပြောသည်။ ၎င်းတို့၏ အခန်းကဏ္ဍသည် “လွန်စွာအရေးကြီးကြောင်း” သူက ဆက်လက်ပြောကြားပြီး ဝေးကွာသော ကျေးရွာများမှ ဒေသခံများအတွက် ဆေးအဖွဲ့များက ပြုလုပ်ပေးသည့် ကျန်းမာရေး အထောက်အပံ့များအကြောင်း ပြောသည်။

ကလေးမြို့၊ လက်ပံချောင်း ကျေးရွာအနီးတွင် စာရေးသူတွေ့ခဲ့သော အမျိုးသမီးတဦးက အခြားမတူညီသည့် အခန်းကဏ္ဍတခုမှ တာဝန်ထမ်းဆောင်သည်။ ကလေး PDF အဖွဲ့ဝင်ဖြစ်သော ထိုအမျိုးသမီး၏တာဝန်မှာ ဖျားနာသူများကို ဆေးပေးရန်ဖြစ်သည်။ သူကဲ့သို့သော အမျိုးသမီးများသည် စစ်ဆင်ရေး ထိုးစစ် မဟုတ်သည့် အခန်းကဏ္ဍမှ ပါဝင်နေသော်လည်း စစ်မြေပြင်မှ ဒဏ်ရာရသူများကို စခန်းများသို့ သယ်ဆောင်ပေးသလို ပြင်းထန်သည့် ဒဏ်ရာရသူများကို ကုသပေးရန် ဆရာဝန်ထံ ပို့ဆောင်ပေးရသည်။ ထိုသို့သော ကျန်းမာရေး အကူအညီပေးသည့် အမျိုးသမီး PDF များသည် ကလေးမြောက်ပိုင်းထက် တောင်ပိုင်းတွင် ပိုမိုများပြားသည်။

အိန္ဒိယနိုင်ငံဘက်တွင် ဒုက္ခသည်များကို ကူညီနေသည့် အမျိုးသမီးဆေးဝန်ထမ်းနှင့် သူနာပြု အဖွဲ့နှစ်ဖွဲ့နှင့် စာရေးသူ တွေ့ဆုံခဲ့သည်။ ၎င်းတို့အနက် အဖွဲ့တခုမှာ မီဇိုရမ်ပြည်နယ် ဇိုခေါသာမှ သားဖွားဆရာမအဖွဲ့ ဖြစ်သည်။ ဆရာဝန် နှစ်ဦးနှင့် သူနာပြု ငါးဦးပါဝင်သော ထိုအဖွဲ့သည် မဏိပူရပြည်နယ်၊ မိုရေးတွင် CDM ဆေးခန်းတခု ထူထောင်ထားသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က မိုရေးတွင် တွေ့ဆုံပြီး အလွတ်သဘော ပြောဆိုရာတွင် ဆရာဝန်တဦးက မဏိပူရရှိ အခြားကျေးရွာများမှ ဒုက္ခသည်များကို ဆေးပေးရန်နှင့် ကုသပေးရန် အဖွဲ့များကို တခါတရံ စေလွှတ်ရကြောင်း ပြောသည်။ ထိုပြည်နယ်တွင် လူထုအကြမ်းဖက်မှုနှင့် မတည်ငြိမ်မှု ဖြစ်သောကြောင့် ထိုဆေးခန်းကို မေလ ၃ ရက်နေ့မှ စတင်ပြီး ပိတ်ထားရသည်။

လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်သားများ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် ပဋိပက္ခကြောင့် ထိခိုက်သည့် ပြည်သူများသို့ လူသားချင်းစာနာမှု အကူအညီ ပေးပို့ခြင်းသည် ခုခံတော်လှန်ရေး အင်အားစုများ အတွက်သာမက အကူအညီပေးရေး အေဂျင်စီများအတွက်ပါ အဓိကကျသည့် စိန်ခေါ်မှု ဖြစ်လာသည်။ ထိုအားထုတ်မှုများကို ပြည်သူသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုကို စစ်တပ်က ပိတ်ပင်ခြင်းကြောင့် အကျပ်အတည်း ဖြစ်စေသည်။ ရှေ့တန်းတွင် လုပ်ကိုင်နေသည့် အကူအညီပေးရေး လုပ်သားများ ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရသည့် ဖြစ်ရပ်များရှိသည်။

နေရပ်စွန့်ခွာ ထွက်ပြေးသူများသည် လုံခြုံရေးအရ မကြာခဏ ရွှေ့ပြောင်းရသောကြောင့် အကူအညီပေးရေး လုပ်သားများအနေဖြင့် ထိုသူများထံ ရောက်ရှိရန်သာမက ထောက်ပံ့ရေးလမ်းကြောင်းများ ထိန်းသိမ်းထားရန်မှာ ကြီးမားသော စိန်ခေါ်မှုဖြစ်ကြောင်း တမူးမှ လွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေးက ပြောသည်။

ချင်းပြည်နယ်မှ လူသားချင်းစာနာမှု လုပ်သားများသည် စစ်ကိုင်းတိုင်းထက် ပိုမိုလုံခြုံမှု ရှိသောကြောင့် နေရပ်စွန့်ခွာရသူများထံ အကူအညီပေးရန် ပိုမိုလွယ်ကူသည်ဟု ၎င်းကပြောသည်။

အိန္ဒိယနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုမှ အမျိုးသမီးတဦး။ သူသည် ဒေသခံ NGO များနှင့် ပူးပေါင်းပြီး အဓိကလိုအပ်သည့် ကုန်ပစ္စည်းများအတွက် ဝိုင်းဝန်းကူညီနေသည် / Rajeev Bhattacharyya

ချင်းပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီပေးခြင်းကို အဆင်ပြေ ချောမွေ့စေသည့် အကြောင်းအချက် များစွာရှိသည်။ အကြောင်းတခုမှာ ချင်းပြည်နယ်မှ နယ်မြေအများစုကို ခုခံတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။

ထို့ပြင် ချင်းပြည်နယ်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည်။ ထိုပြည်နယ်တွင် ပြည်နယ်အစိုးရနှင့် လူမှုအခြေပြုအဖွဲ့အစည်း အများအပြားက ဒုက္ခသည်များကို ကူညီရန် အလုံးအရင်းဖြင့် လာကြသည်။ နေရပ်စွန့်ခွာရသူများထံ လုပ်သားများ သွားရောက်ပြီး ကုန်စည်များ ပေးနိုင်သည့်လမ်းကြောင်း အများအပြားလည်း ရှိသည်။ အခြားဒေသများနှင့်ယှဉ်လျှင် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကြောင့် အကူအညီများ မျှဝေရာတွင် အမျိုးသမီးများ ပါဝင်ရေးကို အဆင်ပြေ ချောမွေ့စေသည်။

ချင်းပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီပေးခြင်းကို အဆင်ပြေ ချောမွေ့စေသည့် အကြောင်းအချက် များစွာရှိသည်။ အကြောင်းတခုမှာ ချင်းပြည်နယ်မှ နယ်မြေအများစုကို ခုခံတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။

ချင်းပြည်နယ် ဆယ်လန်ကျေးရွာမှ မိသားစု ၂၀၀ ခန့် ခိုလှုံနေသည့် နေရပ်စွန့်ခွာထွက်ပြေးရသူ စခန်းသို့ မရှိမဖြစ် လိုအပ်သော ကုန်စည်များ ပေးပို့နေသည့် သက်လတ်ပိုင်း အမျိုးသမီးတဦးနှင့် စာရေးသူ တွေ့ဆုံဖူးသည်။ သူသည် ထိုစခန်းသို့ အကူအညီ အထောက်အပံ့များကို ကြီးကြပ်သော ကျေးရွာကော်မတီအဖွဲ့ဝင် ဖြစ်သည်။ ထိုကော်မတီက ဒေသခံများကို အချိန်ကာလ အကန့်အသတ်မထားဘဲ အလှည့်ကျ တာဝန်ပေးအပ်သည်။ မီဇိုရမ်မှ ဇိုခေါသာနှင့် ဖာကွန်မှ ဒုက္ခသည်စခန်းများတွင် အမျိုးသမီး အနည်းငယ်သာ လှုပ်ရှားသည်။ ၎င်းတို့သည် ဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ကြသည်။

သူလျှိုများ၊ လျှို့ဝှက်ထောက်လှမ်းရေးများနှင့် ငွေကြေးလဲလှယ်သူများ

တိုက်ပွဲဝင် မဟုတ်သော အမျိုးသမီးများအကြားတွင် လူသိအနည်းဆုံးသူများမှာ သတင်းပေးများ၊ ငွေကြေးလဲလှယ်ပေးသူများနှင့် လျှို့ဝှက်ထောက်လှမ်းရေးများအဖြစ် ဆောင်ရွက်သူများ ဖြစ်သည်။ ၎င်းတို့သည် နောက်ကွယ်တွင်သာ နေကြပြီး ခုခံတော်လှန်ရေး အင်အားစုများက ၎င်းတို့အကြောင်း ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပေ။

၎င်းတို့အနက် အချို့သည် ညှဉ်းပန်းနှိပ်စက်ခံရသည်။ အချို့ကို စစ်တပ်နှင့် ပျူစောထီးများက သတ်ဖြတ်သည်။ လွန်ခဲ့သောနှစ် ဇူလိုင်လက မကွေးတွင် ဆယ်ကျော်သက်ရွယ်တဦးကို ပျူစောထီးတဦးက ခေါင်းဖြတ်သတ်သည်။ သူသည် ရဲများ ခုခံတော်လှန်ရေးတွင် ပါဝင်ရန် စည်းရုံးနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထိုသို့ သတ်ဖြတ်ခြင်း ဖြစ်သည်။

မီဇိုရမ်နှင့် မဏိပူရပြည်နယ်မှ ဒုက္ခသည်များကပေးသည့် သတင်းများကို အခြေခံပါက အမျိုးသားများထက် ပိုမိုများပြားသော အမျိုးသမီးများသည် မြန်မာနိုင်ငံတဝန်းတွင် သူလျှိုများ၊ လျှို့ဝှက် ထောက်လှမ်းရေးများအဖြစ် လုပ်ကိုင်ကြသည်။ ၎င်းတို့၏ အခြေခံ တာဝန်မှာ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုကို စောင့်ကြည့်ရေး၊ လက်နက်များ သယ်ယူပို့ဆောင်ရေး၊ လျှို့ဝှက်စစ်ဆင်ရေးများ ပြုလုပ်ရေးတို့ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ကလေးမြို့တွင် ခုခံတော်လှန်ရေး အင်အားစုများသည် အမျိုးသမီးများ အပါအဝင် သတင်းပေး ကွန်ရက်များကို တည်ထောင်ထားပြီး ၎င်းတို့သည် စစ်ကောင်စီတပ်များ စစ်ဆင်ရေးလုပ်ရန် စစ်တန်းလျားများမှ ထွက်လာသည်နှင့် သတင်းများ ပေးပို့ကြသည်။

ချင်းပြည်နယ်၊ ကလေးမြို့တွင် ခုခံတော်လှန်ရေး အင်အားစုများသည် အမျိုးသမီးများ အပါအဝင် သတင်းပေး ကွန်ရက်များကို တည်ထောင်ထားပြီး ၎င်းတို့သည် စစ်ကောင်စီတပ်များ စစ်ဆင်ရေးလုပ်ရန် စစ်တန်းလျားများမှ ထွက်လာသည်နှင့် သတင်းများ ပေးပို့ကြသည်။

အချို့အမျိုးသမီးများက ငွေကြေးလဲလှယ်သူများအဖြစ် လုပ်ကိုင်ကြသည်။ ၎င်းတို့သည် နယ်စပ်တလျှောက်တွင် လုပ်ကိုင်ကြပြီး လျှို့ဝှက်ထောက်လှမ်းရေးသမားများထက် ပိုမိုအန္တရာယ်ကင်းသော ပတ်ဝန်းကျင်တွင် လုပ်ကိုင်သည်။ ၎င်းတို့သည် နိုင်ငံငွေများကို မြန်မာ ကျပ်ငွေအဖြစ် လဲလှယ်ပေးပြီး နေရာအမျိုးမျိုးမှ ကွန်ရက်အများအပြားသို့ ဖြန့်ချိပေးသည်။ အမေရိကန် ပြည်ထောင်စု၊ ကနေဒါနှင့် ဥရောပမှ အဝေးရောက် လူမှုအသိုက်အဝန်းများက ခုခံတော်လှန်ရေး အင်အားစုများနှင့် နေရပ်စွန့်ခွာများသို့ ငွေအများအပြား ပေးပို့နေသောကြောင့် ၎င်းတို့၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည်။

နွေဦးတော်လှန်ရေးတွင် အမျိုမျိုးသော များပြားလှသည့် အမျိုးသမီးများ ပါဝင်ခြင်းကြောင့် စစ်ကောင်စီက ပြင်းထန်သော လက်စားချေမှုလုပ်သည်။ ယခုနှစ် ဇူလိုင်နှင့် စက်တင်ဘာလအတွင်း မြန်မာတွင် အမျိုးသမီးနှင့် မိန်းကလေးငယ် ၅၆ ဦး သတ်ဖြတ်ခံရသည် ဆိုသည့်အချက်ကိုထောက်၍ ထိုအကြောင်း သိနိုင်သည်။ ခုခံတော်လှန်ရေး အင်အားစုများအနက် လွန်ခဲ့သော နှစ်နှစ်က စတင်ပြီးနောက် အမျိုးသမီး စုစုပေါင်း ၆၁၃ ဦး အသတ်ခံရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ခန့်မှန်းသည်။

ထိုအမျိုးသမီးများအနက် အများအပြားသည် တိုက်ခိုက်ရေသမား မဟုတ်သည့် စစ်သည်များဖြစ်နိုင်ပြီး ထိုအရေအတွက်ကို အတိအကျ မသိရပေ။ ၎င်းတို့၏ အရေးပါသောအခန်းကဏ္ဍကို ယခုနှစ်အစောပိုင်းက မြန်မာသို့ စာရေးသူသွားရောက်စဉ် တွေ့ဆုံခဲ့သည့် တပ်မှူးများအားလုံးနှင့် အဆင့်မြင့် ခုခံတော်လှန်ရေး ခေါင်းဆောင်များက အသိအမှတ်ပြုကြသည်။

ထိုအုပ်စုများ အထူးသဖြင့် PDF များအတွက် အဓိက စိန်ခေါ်မှုမှာ လှုပ်ရှားမှုတွင် အမျိုးသမီးများ ဆက်လက် ပါဝင်နေအောင် စည်းရုံးထားရေး ဖြစ်သည်။ စစ်ကိုင်းတိုင်းတွင် အမျိုးသမီးအချို့သည် ၎င်းတို့၏ နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိသောကြောင့် လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခြင်းမှ နောက်ဆုတ်သွားသည့် ဖြစ်ရပ်များ ရှိခဲ့သောကြောင့် ထိုသို့ အဓိက စိန်ခေါ်မှုဖြစ်နေခြင်း ဖြစ်သည်။

(The Diplomat ပါ Rajeev Bhattacharyya ၏ Non-Combatant Women of Myanmar’s Spring Revolution ကို ဘာသာပြန်သည်။ Rajeev Bhattacharyya သည် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှ ဝါရင့် သတင်းသမား ဖြစ်သည်။)


View the original