ထောင်တွင်းငရဲခန်းကလွတ်မြောက်ပြီးနောက် ယုံကြည်ရာလမ်းကိုဆက်လျှောက်နေကြတဲ့အမျိုးသမီးတွေ

17 November 2023

ထောင်တွင်းငရဲခန်းကလွတ်မြောက်ပြီးနောက် ယုံကြည်ရာလမ်းကိုဆက်လျှောက်နေကြတဲ့အမျိုးသမီးတွေ

ခင်ဘုန်းမို့

နွေဦးတော်လှန်ရေးအစောပိုင်းကာလတွေမှာကတည်းက အမျိုးသမီးတွေဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့နေရာတွေမှာ ကျရာ နေရာက ပါဝင်ခဲ့ကြပါတယ်။

ဒီလိုပါဝင်တဲ့အတွက် ဖမ်းဆီးခံရသူအမျိုးသမီးတွေလည်း အများအပြားရှိခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ အောက်တိုဘာ ၂၆ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးစုစုပေါင်း ၃,၂၃၂ ဦးအထိရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂကထုတ်ပြန်ထားပါတယ်။  

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့အမျိုးသမီးတွေဟာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက် လာတဲ့အခါ အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရပါတယ်။

ဒီအထဲမှာမခင်သန္တာမိုးလည်း ပါဝင်ပါတယ်။ ၂၀၂၁ခုနှစ် သြဂုတ် ၈ ရက်နေ့မှာ ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ပြောက်ကျား သပိတ်မှာ ပါဝင်ခဲ့တဲ့အတွက် သြဂုတ် ၂၄ ရက်နေ့မှာ စစ်ကားနဲ့အတူလာတဲ့ အရပ်ဝတ်တွေက မခင်သန္တာမိုးအလုပ် လုပ်ကိုင်တဲ့ လုပ်ငန်းခွင်ထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

“ အလုပ်ထဲက လူတွေက ကျွန်မကိုဖမ်းသွားတော့ ငိုပြီးလိုက်လာတဲ့မြင်ကွင်းကို ကျွန်မခုထိမှတ်မိနေတုန်းပါ။” လို့မခင်သန္တာမိုး က အဲဒီတုန်းက အဖြစ်အပျက်ကိုပြောပြပါတယ်။

မခင်သန္တာမိုးဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ထဲက အလုပ်သမားသပိတ်မှာ အလုပ်သမား ခေါင်းဆောင်တစ်ယောက်အနေနဲ့ပါဝင်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမြို့နယ်ထဲမှာ ပြောက်ကျား သပိတ်တွေမှာပါဝင်နေခဲ့တာဖြစ်တယ်။

မခင်သန္တာမိုးကိုဖမ်းဆီးပြီး လှိုင်သာယာက အမှတ်(၅)ရဲစခန်းကိုခေါ်သွားခဲ့တယ်။ စစ်ကြောရေးမှာလူပြည့်နေတဲ့အတွက် စခန်း မှာပဲစစ်ကြောရေးစခန်းဖွင့်ပြီးစစ်ဆေးခံခဲ့ရတယ်။

“ အဲဒီကိုရောက်ထဲက ကောင်မနင်တော်တော်ဒီမိုကရေစီလိုချင်တာလားခုတော့ ထောင်ထဲရောက်ပြီ။ အော်လေ ဒီမိုကရေစီရ ရှိရေးတို့ ကောင်မတွေဆိုတဲ့အသုံးအနှုန်းက ထပ်နေအောင်ပြောတာ။” လို့ မခင်သန္တာမိုးက သူ့ကြုံတွေ့ရပုံကို ပြောပြပါတယ်။

စစ်ဆေးတဲ့အခါမှာလည်း မေးတာမဖြေလို့ စစ်ဖိနပ်နဲ့အကန်ခံရတဲ့အတွက် သတိလစ်သွားတဲ့ အခြေအနေထိဖြစ်ခဲ့ပြီး ပါးရိုက်ခံ ရတာ စတာတွေကြုံတွေ့ခဲ့ရတယ်။ ညဘက်အချုပ်ထဲရှိနေချိန်ဆိုလည်း အစောင့်ရဲတွေရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး နှုတ်နဲ့ပြောတာတွေလက်ကိုကိုင်တာတွေ ကြုံတွေ့ခဲ့ရတယ်လို့ မခင်သန္တာမိုးကပြောပြပါတယ်။ စစ်ဖိနပ်နဲ့ခါးကို အကန်ခံရတဲ့ အတွက် ဒဏ်ရာအခုထိမကောင်းသေးဘူးလို့ဆိုတယ်။

အကျဉ်းထောင်အတွင်းမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုမရှိခဲ့ပါဘူး။

“ တစ်ခါနေထိုင်မကောင်းလို့ တာဝန်ကျအစောင့်ကိုပြောရတာမလွယ်ဘူး။ ရက်ပတ်နဲ့ပြခွင့်ရတာဆိုတော့ ကိုယ်ကနေမ ကောင်းဖြစ်နေတဲ့ အချိန်နဲ့ပြခွင့်ရက်သတ်မှတ်ရက်နဲ့မကြုံရင် ပြလို့မရတော့ပြချင်တိုင်းမပြရဘူး။ ဒီအတိုင်းပဲ ကြိတ်မှိတ်ခံရ တာ အရေးပေါ် အရေးကြီးအသက်အန္တရာယ်နဲ့ကြုံရတဲ့သူဆိုသေမှာ အချိန်မီပြခွင့်မရလို့။” လို့ မခင်သန္တာမိုးက ဆိုပါတယ်။

အိမ်နဲ့အဆက်အသွယ်မရတော့ ထောင်ဝင်စာမရ၊ လစဉ်သုံးပစ္စည်းလည်းမရှိနဲ့ အမိန့်ချခံရပြီးမှ တစ်လကို လစဉ်သုံးတစ်ထုတ် ရတယ်။ အဲ့ဒီမတိုင်ခင်က အတွင်းခံကလည်း ဖမ်းခံရတုန်းက ဝတ်လာတဲ့ တစ်ထည်ပဲရှိတော့ အရင်ရောက်တဲ့လူတွေဆီက လိုက်တောင်းပြီး သုံးခဲ့ရတယ်။

“ဓမ္မတာလာတဲ့အခါ ကျွန်မသေတောင်သေချင်စိတ်ဖြစ်တယ်။” လို့ မခင်သန္တာမိုးက ဖွင့်ဟတယ်။

အဲ့ဒီနောက် ပုဒ်မ၅၀၅(က)၊ ၁၂၄ ၊ ၁၇ စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ်သုံးနှစ်ကျခံခဲ့ရတယ်။ ဖမ်းဆီးခံရပြီး နှစ်လနီးပါးအကြာမှာတော့ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခံဝန်ထိုးပြီး ပြန်လည်လွတ်မြောက်လာခဲ့တယ်။

အကျဉ်းထောင်ထဲက ပြန်လွတ်လာတဲ့အခါမှာလည်း လူမှုရေး၊စီးပွားရေး၊စိတ်ပိုင်းဆိုင်ရာစတဲ့  အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ခဲ့ရ တယ်။

ပြန်လွတ်လာတဲ့အခါ အပြည့်အဝလုံခြုံတဲ့အခြေအနေမရှိဘူး ဘယ်သူကသတင်းသွားပေးမလဲ နောက်ထပ်ထပ်ပြီး အဖမ်းခံရ ဦးမလားဆိုတဲ့စိတ်ကရှိတော့ နေ့ရောညရောလုံခြုံမှုမရှိဘူးလို့ သူကဆိုပါတယ်။

“ အကျဉ်းထောင်ကပြန်လည်လွတ်မြောက်လာတော့ ကျွန်မလူအသိုင်းအဝိုင်းနဲ့တခြားစီဖြစ်နေသလို ခံစားရတယ်။ လူတွေနဲ့ လည်းစကားမပြောချင်ဘူး။ တစ်ယောက်ထဲနေချင်တယ်။ တွေးငေးနေတာမျိုး ညလည်းမအိပ်ဘူး။ ဘယ်အချိန်ပြန်လာဖမ်းဦး မလဲဆိုတဲ့ အတွေးနဲ့နေ့ရောညရော လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။” လို့ မခင်သန္တာမိုးက ပြောတယ်။

ထောင်ကလွတ်လာတော့လည်း အလုပ်တွေကမခေါ်ကြ၊ အလုပ်လုပ်ဖို့ ရဲစခန်းထောက်ခံစာလုပ်ရတဲ့အခါလည်း သွားမလုပ် ရဲတာ၊ ကိုယ့်ကိုသိသွားမလား ပြန်သတင်းပေးရင် ဒုက္ခဆိုတဲ့စိုးရိမ်မှုတွေရှိခဲ့တယ်။ အလုပ်ရတဲ့အခါမှာလည်း ထောင်ကျဖူး တယ်ဆိုတော့ အလုပ်မှာဆက်မထားချင်တော့တာ စတာတွေကြုံတွေ့ခဲ့ရတယ်။

“ ဘာလို့လဲထောင်ကျဖူးတာနဲ့ ဘာလို့လူအသိုင်းအဝိုင်းက လက်မခံချင်တာလဲကြောက်ကြတာလဲ။”လို့ မခင်သန္တာမိုးက မေး ခွန်းထုတ်ပါတယ်။

တချို့မိတ်ဆွေတွေဆိုရင်လည်း မသိချင်ယောင်ဆောင်တာ၊ စကားမပြောရဲတာ၊ လမ်းထဲရပ်ကွက်ထဲက လူတွေကလည်း စစ် တပ်ကဝင်စစ်ရင် အားလုံးဒုက္ခရောက်မယ် တခြားနေရာပြောင်းနေသင့်တယ်လို့ ပြောတာမျိုးတွေကြုံတွေ့ခဲ့ရတယ်။

ဒီလိုအခြေအနေတွေကြုံတွေ့ရတဲ့အတွက် စိတ်ဓာတ်တွေကျ၊ ညဘက်တွေအိပ်မပျော်တာ၊ ကျန်းမာရေးထိခိုက်လာပြီး ဘာ အလုပ်မှ မလုပ်ချင်တဲ့အထိဖြစ်ခဲ့ရတယ်။

“ စိတ်ဒဏ်ရာကတော့ နောက်တခါထပ်အဖမ်းခံရရင် လွတ်လမ်းရှိမှာ  မဟုတ်တဲ့အတွက် ထပ်ပြီးအဖမ်းခံရမှာ ကြောက်တဲ့ စိတ်တော့ဖြစ်မိတယ်။” လို့ သူက ဖွင့်ဟပါတယ်။

ပြန်လွတ်လာပြီးနောက်ပိုင်းမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေ၊ အမျိုးသမီးအခွင့်အရေးနဲ့ ပတ် သက်တာတွေကို တတ်နိုင်သလောက်ကူညီနေပါတယ်။ တခြားတော်လှန်ရေးအင်အားစုတွေ အမျိုးသမီးမဟာမိတ်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော်လှန်ရေးနဲ့ပတ်သက်တဲ့   လုပ်ငန်းတွေကိုဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

စိတ်ဓာတ်ကျပြီးခက်ခဲတဲ့အချိန်တွေကိုလည်း ကိုယ့်ကိုကိုယ်အားပေးရင်း ဖြတ်ကျော်နေတယ်လို့ မခင်သန္တာမိုးကပြောပါတယ်။

“မတရားမှုကိုတွန်းလှန်ရတာ ကိုယ့်အလုပ်ဖြစ်တယ်။ အခုလိုတွေ့ကြုံခံစားရတဲ့အခက်အခဲတွေက ကိုယ်လုပ်ခဲ့တဲ့ အရာဖြစ်တယ်။ အမှန်တရားအတွက်ပေးဆပ်ရတာ လူသားတယောက်ရဲ့တာဝန်ဖြစ်တယ်။ ငါကအသက်ရှင်သန်နေသေးတယ် သေဆုံး သွားတဲ့လူတွေထက် အသက်တွေပေးသွားတဲ့ လူတွေထက်စာရင်ဖြေသာသေးတယ်။ ကိုယ့်လုပ်ရပ်အတွက်ခံစားရတာ ကိုယ် ရွေးချယ်ခဲ့တဲ့အရာဖြစ်တယ်။ လိပ်ပြာလုံတယ်ဆိုပြီး ကိုယ့်ကိုကိုယ်အားပေးရင်းဖြတ်ကျော်ခဲ့ပါတယ်။” လို့မခင်သန္တာမိုးက ပြောပါတယ်။

မခင်သန္တာမိုးနည်းတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံရကာ ပြန်လည်လွတ်မြောက်လာတဲ့နောက် အခက် အခဲတွေနဲ့ရင်ဆိုင်နေရသူကတော့ မနန်း(အမည်လွှဲ)ပါ။ အာဏာသိမ်းပြီးသုံးလအကြာမှာ   စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အတွက် ပုဒ်မ၅၀၅(က)နဲ့ တရားစွဲခံခဲ့ရတာပါ။ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးပို့ခံခဲ့ရတယ်။

“ စစ်ကြောရေးပို့တာဆိုတော့ ငါ့ကိုသတ်ပစ်ကြမှာလား ရိုက်နှက်နှိပ်စက်ကြမှာလားဆိုပြီး ပထမဆုံးတွေးပြီး စိုးရိမ်စိတ်တော့ စဖြစ်မိတာအမှန်ပဲ။ ကိုယ်ရှေ့မှာအဖမ်းခံရတဲ့ လူငယ်လူရွယ်လူကြီးတွေဆိုလည်း သေသူကသေနဲ့ မသေလည်းအနည်းကျဥ်း အနည်းများတော့ နှိပ်စက်ခံခဲ့ရတာတွေ ကြားခဲ့ရတော့ကိုယ်လည်း စိုးရိမ်စိတ်ရှိနေတာပေါ့။” လို့ မနန်းက သူ့အတွေ့အကြုံကို ပြောပါတယ်။

ဒါပေမယ့်ကိုယ့်ထက်ငယ်ရွယ်သူတွေ၊ မိဘအရွယ်တွေကအစရင်ဆိုင်ကျော်ဖြတ်နေကြတယ်ဆိုတဲ့စိတ်နဲ့ အားတင်းခဲ့ပါတယ်။

ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အပြည့်အဝမရခဲ့ပါဘူး။ မနန်းဟာ အစာအိမ်သမားဖြစ်တာကြောင့် ဗိုက် အောင့်တဲ့အခါ ဆရာဝန်နဲ့ပြချင်တယ်ပြောပေမယ့် ငါးခါလောက်ပြောမှ တစ်ခါသာပြခဲ့ရတယ်။

“ တစ်ပတ်တခါဆရာဝန်လာတယ်။ လာတဲ့အချိန်မှပြရတယ်။ ပြပေမယ့် ရောဂါအားလုံးကို ဆရာဝန်တစ်ဦးထဲက ကုသရတာ ဆိုတော့ ထိရောက်မှုသိပ်မရှိဘူး။ တခြားစစ်ဆေးမှုတွေလည်းလုပ်လို့မရဘူး။” လို့ မနန်းက ပြောပြပါတယ်။

ဒါ့အပြင်လိုအပ်တဲ့ဆေးကို အိမ်ကိုမှာတဲ့အခါလည်း ထောင်ဝင်စာရတဲ့အခါအဆင့်အဆင့်စစ်ဆေးခံရတဲ့အတွက် လိုအပ်တဲ့ဆေး တွေမှာ သလောက်မရနိုင်ပါဘူး။

ထောင်ကပြန်လည်လွတ်မြောက်လာတဲ့အခါမှာလည်း ပြန်လွှတ်လိုက်ပေမယ့် ထောင်ဘူးဝကနေ ပြန်ဖမ်းတာမျိုး အိမ်ရောက်မှ ပြန်ဖမ်းတာမျိုးတွေရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေရင်ဆိုင်ရပါတယ်။

“ ဖုန်းသုံးရတာအစမလုံခြုံဘူး။ ဥပမာ ညဘက်လူခြေတိတ်ချိန်လမ်းထဲ ဆိုင်ကယ်သံကားသံကြားရင်တောင် ချက်ချင်းဖုန်းပိတ် အထုတပြင် မီးပိတ်အဲ့လိုဖြစ်ခဲ့တာ။” လို့ မနန်းက ပြောပြပါတယ်။

ပြန်လွတ်လာပီးနောက်ပိုင်း စီးပွားရေး၊လူမှုရေးအခက်အခဲပေါင်းစုံက စောင့်ကြိုနေပါတယ်။ အရင်လုပ်ခဲ့တဲ့ဝန်ထမ်းအလုပ် ကလည်း  သူတို့လုပ်ငန်းပါ အစစ်ဆေးခံရမှာစိုးတဲ့အတွက် အလုပ်ပြန်မခန့်တော့ တခြားအလုပ်လုပ်ဖို့ကလည်း စဉ်းစားထား တာမရှိနဲ့ အခက်အခဲတွေကြုံခဲ့ရတယ်။ အလုပ်ထဲကမိတ်ဆွေတွေကလည်း မနန်းနဲ့ဆက်သွယ်ရင်သူတို့ပါ အဖမ်းခံရနိုင်တယ် လို့ ထင်တဲ့အတွက် မဆက်သွယ်ကြတော့ပါဘူး။

အကျဉ်းထောင်ကပြန်လွတ်လာတဲ့အချိန်မှာ လက်ဗလာ ၊ အလုပ်အကိုင်မဲ့ မိတ်ဆွေတွေရဲ့ ပစ်ပယ်ခြင်းတွေကို ရင်ဆိုင်ခဲ့ရချိန် ကတော့ မနန်းအတွက်အခက်အခဲဆုံးအချိန်တွေပါပဲ။

“ဒါတွေက အကျဥ်းထောင်ကလွတ်လာတဲ့ ကျွန်မအတွက်ပိုစိတ်ဓာတ်ကျအားငယ်စေတာပေါ့။”လို့မနန်းကဖွင့်ဟပါတယ်။

မနန်းတစ်ယောက် ကိုယ်ပိုင်စိတ်ကူးအိပ်မက်လေးတွေရှိခဲ့ပေမယ့် ဖမ်းဆီးခံလိုက်ရတဲ့အခါမှာတော့ ဒီစိတ်ကူးအိပ်မက်တွေ လည်း ရိုက်ချိုးခံလိုက်ရပါတော့တယ်။

လက်ရှိမှာ မနန်းတစ်ယောက်ဝန်ထမ်းဘဝ ပြန်မရတော့ပေမယ့် ဈေးရောင်းရင်းဝမ်းရေးဖြေရှင်းနေပါတယ်။

ဒါပေမယ့်ဒီအခက်အခဲတွေကကိုယ်တစ်ယောက်ထဲကြုံနေရတာမဟုတ်ဘူး။ စစ်အာဏာရှင်ကိုဆန့်ကျင်သူတိုင်း ရင်ဆိုင်နေ ကြရတာဆိုတဲ့စိတ်နဲ့အားတင်းခဲ့တယ်။

“ ဒီတော်လှန်ရေးမှာ စစ်ကောင်စီကိုပုန်ကန်ပြီး တောထဲရောက် အသက်ပေး တိုက်ပွဲဝင်ပေးနေတဲ့ လူငယ်လေးတွေနဲ့ ယှဥ်ရင် ကျွန်မခံနေရတဲ့ ဒုက္ခက မပြောပလောက်ပါဘူးဆိုတာပဲတွေးပြီး ရှေ့ဆက်ပါတယ်။” လို့ မနန်းကဆိုတယ်။

ဒီလိုအခက်အခဲမျိုးစုံကြုံတွေ့ပြီး ထောင်တွင်းငရဲခန်းကို ဖြတ်သန်းခဲ့ကြတဲ့အမျိုးသမီးတွေဟာ တော်လှန်ရေးမှာကျရာနေရာ ကနေပါဝင်နေတုန်းပါပဲ။

အကျဥ်းထောင်က ပြန်လည်လွတ်မြောက်လာသူတွေကို ပတ်ဝန်းကျင်မိသားစုက နွေးထွေးစွာဆက်ဆံပေးဖို့၊ အားပေးကူညီ ရိုင်းပင်းကြဖို့ မနန်းကပြောပါတယ်။

ဒီတော်လှန်ရေးကြီးမှာပါဝင်နေရပြီး ပါဝင်ခွင့်ရနေသေးတဲ့လူတစ်ယောက်အဖြစ် နေထိုင်ရတာအဓိပ္ပာယ်ရှိတယ်လို့ ခံစားရကာ အမှန်တရားဘက်မှာ ရပ်မိတဲ့အတွက် ကိုယ့်ကိုကိုယ် လေးစားမိတယ်လို့ မခင်သန္တာမိုးကယုံကြည်ထားပါတယ်။

“ တော်လှန်ရေးနဲ့ ပတ်သတ်လို့ကတော့ ကျွန်မလုပ်ပေးနိုင်တာမှန်သမျှဆောင်ရွက်ပေးသွားမှာပါ။ စကစကို ပုန်ကန်တွန်းလှန် ချင်တဲ့စိတ်ကိုတော့ ဘာနဲ့မှသတ်လို့မရပါဘူး။” လို့ မနန်းက ပြတ်သားစွာပြောပါတော့တယ်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia