15 November 2023
မူဖိလစ်စတာ/ ကန္တာရဝတီတိုင်း (မ်)
အမျိုးသမီးငယ် စုစုက ကုတင်အောက်မှာ ပုန်းခိုနေရင်း လက်နက်သံစုံ ပါတဲ့ တိုက်ပွဲသတင်းကိုနားစွင့်နေပါတယ်။ လက်နက်ကြီးတွေကျလာပြီ ၊ လေယာဉ်သံတွေနီးလာပြီဆိုတာနဲ့ အတတ်နိုင်ဆုံးကိုယ်ကို ကျုံ့ဝပ်ပြီး နေရာယူထားရပါတယ်။
“လောလောဆယ်တော့ အိမ်မှာပဲ ပုန်းနေကြတယ်ရှင့် အိမ်အောက်မှာ တော်တော်များများ အိမ်ထဲပဲပုန်းနေကြတယ်။ အပြင်မှာတိုက်ပွဲဖြစ်နေကြပေမဲ့ တော်တော်များများက ဗုံးခိုကျင်းလည်းမရှိကြတော့” လို့ စုစုက ပြောပါတယ်။
စုစုက ကရင်နီပြည်၊ လွိုင်ကော်မြို့ ထဲက နာနတ်တော ရပ်ကွက်မှာနေထိုင်သူပါ။ ကရင်နီပြည်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့နဲ့ ရှမ်း-ကရင်နီနယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့မှာ (၁၁.၁၁) စစ်ဆင်ရေး ခေါ် မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် ၅နာရီခွဲမှာ ကရင်နီတော်လှန်ရေးအင်အားစုတွေက စတင်ဖော်ဆောင်လိုက်ပါတယ်။ အဲ့အချိန်မှာပဲ သာမာန်နေ့တွေလို အေးအေးဆေးဆေး အိပ်စက်နေတဲ့ စုစုတို့လို မြို့ပေါ်ပြည်သူတွေက အလန့်တကြားနိုးလာပါတော့တယ်။
လွိုင်ကော်မြို့ ရဲ့ ပတ်ပတ်လည်လည် က စစ်ကောင်စီတပ်စွဲနေရာယူထားတဲ့ စခန်းငယ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် လွိုင်ကော်မြို့ ပြင် ရပ်ကွက်လိုဖြစ်နေတဲ့ စုစုတို့ရဲ့ နာနတ်တောရပ်ကွက်မှာလည်း သေနတ်သံ၊ လက်နက်ကြီးသံ တွေအပြင် စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲသံတွေနဲ့ ဆူညံနေပါတယ်။
ကရင်နီပြည်က တခြားမြို့နယ်တွေမှာ နေ့စဉ်တိုက်ပွဲတွေဖြစ်နေတာကို ကြားရ၊ မြင်ရနေပေမဲ့ စုစုတို့နေထိုင်တဲ့ လွိုင်ကော်မြို့ပေါ်ကို စစ်မီးတွေ ကူးစက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပါဘူး။ အဲဒါကြောင့်လည်း မြို့ပေါ်ရပ်ကွက်တွေမှာ မလိုအပ်ဘူးလို့ ထင်တဲ့ ဗုံးခိုကျင်းတွေကိုလည်း ပြင်ဆင်ထားတာ ၊ တူးထားတာတွေမရှိပါဘူး။ ဒါကြောင့်လည်း ဗုံးခိုကျင်းမရှိတဲ့ မြို့ပေါ်ရပ်ကွက်က ဒေသခံတွေက အသက်ကိုဖက်နဲ့ထုပ်ပြီး သတင်းမပြတ်အောင် အမြဲနားစွင့်နေရပါတယ်။
မိုးစက်အလားရွာချနေတဲ့ တိုက်လေယာဥ်ဗုံးသီးတွေ ၊ မိုးသီးသဖွယ်ကျနေတဲ့ လက်နက်ကြီးဗုံးဆံကြားကလွတ်မြောက်ဖို့ အလုံခြုံဆုံးနေရာကတော့ အုတ်နံရံထူထူတွေရှိနိုင်တဲ့ အိမ်ကွယ်ရာတခုပဲရှိနေပါတယ်။
“၁၁ရက်နေ့ကနေ အခုချိန်ထိဆိုတောက်လျှောက် လက်နက်ကြီးတွေထုတယ်။ပြီးတော့ လေယာဥ်နဲ့လာကြဲတယ်ဆိုတော့ ညဆိုမအိပ်ရဘူးပေါ့။ မနေ့ညကဆိုရင် ကလေးငယ်နဲ့ ။ ဗုံးခိုကျင်းလည်းမရှိတော့လေး အိမ်သာနဲ့ရေချိုးခန်းထဲမှာ နည်းနည်းခိုင်တဲ့နေရာပေါ့နော။ ဝင်အိပ်တော့ ကလေးတွေလည်းဖျားတယ်ပေါ့နော” လို့ စုစုလိုပဲ လွိုင်ကော်မြို့တွင်း ရပ်ကွက်တခုမှာ ပိတ်မိနေတဲ့ ဒေသခံတဦးကပြောပါတယ်။
၁၁.၁၁ စစ်ဆင်ရေး စတင်တဲ့ချိန်က စပြီး မိုးဗြဲ၊ လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်းမှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးတဲ့ အရပ်သားစာရင်းက တစ် မှ တဆယ် ၊ တဆယ်မှ နှစ်ဆယ် ဆိုပြီး တနေ့ထက်တနေ့ တဖြေးဖြေးနဲ့ တိုးလာနေပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်တာတိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၂၄ ဦးရှိတယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ကထုတ်ပြန်ထားပါတယ်။ သေဆုံးသူအများစုက လက်နက်ကြီးစထိမှန်ခြင်းကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ မြို့တွင်းတိုက်ပွဲကာလက ၅ ရက်ထဲကိုရောက်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ထိခိုက်သေဆုံးမှုများတာအပြင်၊ လွိုင်ကော်မြို့ကို လက်လွတ်မခံလိုတဲ့စစ်ကောင်စီဟာ လွိုင်ကော်မြို့တွင်းက အရပ်သားတွေရှိနေတဲ့ လူနေရပ်ကွက်တွေကိုလည်း လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်ပေါ်ကနေ ပေါင် ၅၀၀ ဗုံးသီးကြီးတွေကိုပါသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးသူတွေ တိုးလာနေပါတယ်။
ယမန်နေ့ (နိုဝင်ဘာ ၁၄ ) မှာ နေအိမ်ပေါ်ကိုလက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင် မိုင်းလုံးရပ်ကွက်နဲ့ ပိုးစာခြံ မှာ ကလေးအပါအဝင် ၅ ဦးသေဆုံးသွားတာရှိနေပါတယ်။ နေအိမ်ထဲမှာ ပုန်းခိုနေရုံနဲ့ မလုံခြုံတော့တဲ့ လွိုင်ကော်ဒေသခံတွေအဖို့ တခြားနေရာဒေသကို စစ်ရှောင်သွားရောက်ဖို့ကလည်း စစ်ကောင်စီတွေ ပိတ်ဆို့နေရာယူထားတာတွေကြောင့်လည်း ထွက်ခွာလို့မရပါဘူး။
မြို့တွင်းမှာ တရက်ပြီးတရက် အရပ်သား ထိခိုက်သေဆုံးမှုများလာတာကြောင့် လွိုင်ကော်ဒေသခံမကပဲ ကရင်နီတပြည်လုံးကလူထုတွေက သောကရောက်ပြီး ရင်ထဲပူထူနေကြရပါပြီ။
……….
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လွိုင်ကော်၊ မိုးဗြဲမြို့ပေါ်ကို အဆမတန်ပစ်ခတ်သလို လေယာဥ်ဖြင့်လည်း အဆမတန် ဗုံးကြဲတိုက်ခိုက်နေတာပါ။ တနေ့ကိုခန့်မှန်းခြေအားဖြင့် လေယာဥ် ဆယ်ကြိမ်ထက်မနည်း ပျံသန်းကာဗုံးကြဲတတ်ပါတယ်။ လက်နက်ကြီးကိုတော့ အလုံး ၅၀ ထက်မနည်း ပစ်ခတ်လေ့ရှိတယ်လို့ လွိုင်ကော်မြို့နဲ့နီးစပ်သူတဦးက ဆိုပါတယ်။
စစ်ကောင်စီက အခုလိုမရေမတွက်နိုင်လောက်အောင် ပစ်ခတ်နေမှုကြောင့် ညဖက်ရောက်လည်း အိပ်ပျော်ဖို့ခက်လာတယ်လို့ လွိုင်ကော်ဒေသခံတဦးက ပြောပါတယ်။
“မအိပ်ရဘူးပေါ့နော။ အကုန်လုံးပန်းကုန်ပြီ။ ကလေးလည်းတဖက်ဖျားနေတယ်ဆိုတော့ ကလေးကိုလည်းကြည့်ရတယ်ပေါ့နော။ ပြီးတော့လက်နက်ကြီးအသံရော လေယာဥ်သံရော နားထောင်ရတာ ရင်တထိတ်ထိတ်နဲ့ပဲ နေရတယ်ပေါ့နော” လို့ လွိုင်ကော်မြို့ မိခင်တဦးကပြောပါတယ်။
နေ့ရောညပါ ပစ်ခတ်နေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ လက်နက်သံတွေကြောင့် ‘ည’ ဆိုတာမရှိရင်ကောင်းမယ်လို့ ပြောဆိုနေကြပါပြီ။
လွိုင်ကော်မြို့တွင်းရှိ ရေယိုကျေးရွာ၊ နန်းကွတ်ကျေးရွာ၊ ထေးငှားလျားရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ ဒေါဥခူရပ်ကွက်၊ နောင်ယား (က)၊ နောင်ယား (ခ) စတဲ့ ကျေးရွာ ရပ်ကွက်တွေမှာ တိုက်ပွဲဖြစ်နေတာပါ။ ဒါပေမဲ့လည်း တိုက်ပွဲမရှိတဲ့တခြားရပ်ကွက်ဆီကိုပါ လက်နက်ကြီး ပစ်ခတ်တာကြောင့် ပြည်သူတွေသေဆုံးမှု များလာရပါတယ်။
တိုက်ပွဲအတွင်း အရပ်သားပြည်သူထိခိုက်သေဆုံးမှုများလာတဲ့အပေါ် သောကရောက်ပြီး ရင်ထဲပူထူနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ တဦးကပြောပါတယ်။
လွိုင်ကော်မြို့ နောင်ယား (က) ရပ်ကွက်မှာလည်း လမ်းပေါ်သွားလာနေတဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီက လက်နက်ငယ်နဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ အဆက်မပြတ် ပစ်ခတ်နေတဲ့ လက်နက်တွေကြောင့်လည်း စိတ်ဓာတ်ကျနေပြီလို့ လွိုင်ကော်မြို့ရှိဒေသခံတဦးကပြောပါတယ်။
“ စိတ်မကောင်းဘူး မဟုတ်ဘူး။ စိတ်ဓာတ်ကျနေပြီ” လို့သူက ပြောပါတယ်။
စစ်ကောင်စီက မြို့ပြင်ထွက်ဖို့လမ်းအကုန်ပိတ်ထားတာကြောင့် မြို့ပြင်ထွက်မရတဲ့ ဒေသခံတွေဟာ မြို့တွင်းက ရပ်ကွက်တွေမှာပဲ ပတ်သွားကာ တိမ်းရှောင်နေကြရပါတယ်။ သို့ပေမဲ့ မြို့ပေါ်ရပ်ကွက်တိုင်းက လုံခြုံမှုမရှိတော့ပါဘူး။ ပိတ်မိနေတဲ့ ပြည်သူကမြို့ပြင်မဆိုနဲ့ အိမ်ပြင်တောင် မထွက်ရဲတော့တဲ့ အခြေနေဖြစ်နေပြီလို့ ဆိုပါတယ်။
မြို့တွင်းအသွားအလာမရှိသလောက်နည်းသွားပြီး စျေးဆိုင်တော်တော်များများကလည်း ပိတ်ထားပါတယ်။ မြို့သိမ်းတိုက်ပွဲကြောင့် လွိုင်ကော်မြို့နဲ့ အနီးတဝိုက်က စစ်ဇုံဖြစ်လာနိုင်လို့ ပြည်သူတွေကို တိမ်းရှောင်ကြဖို့ ကရင်နီကြားကာလအစိုးရ IEC ကတိုက်တွန်းနိုးဆော်ထားပါတယ်။ စစ်ကောင်စီတပ်ကတော့ ပြည်သူတွေကို အပြင်မထွက်ဖို့တိုက်တွန်းထားပြီး အိမ်တွင်း၌သာနေခိုင်းတာပါ။
စိုးရိမ်စိတ်များလာတဲ့ လွိုင်ကော်ဒေသခံတွေကတော့ အရဲစွန့်ပြီးလွတ်မြောက်ရာဆီကို တိမ်းရှောင်ချင်တယ်လို့ပြောပါတယ်။
“ ထွက်လို့ရရင် ထွက်ချင်တယ် ညီမလေးရေ” လို့ နောင်ယားရပ်ကွက်မှာပိတ်မိနေတဲ့ ဒေသခံတဦးကပြောပါတယ်။
နေအိမ် သိပ်သည်းထူထပ်နေတဲ့ လွိုင်ကော်မြို့ပေါ်ရပ်ကွက်မှာ လက်နက်ကြီးကျရင် ဒါမှမဟုတ် လေယာဉ်ဗုံးကြဲရင် ဗုံးသီးရန်ကလွတ်နိုင်တဲ့နေရာ မရှိသလောက်ပါပဲ။ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်တဲ့ ဗုံးသီးကြောင့် လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေက နေအိမ်ပျက်စီးမှုများလာပြီး အိမ်တွင်း ပုန်းနေတဲ့ ဒေသခံတွေကတော့ နေအိမ်နဲ့အတူ အသက်ပေးရပါတော့တယ်။
တဖက်မှာလည်း ဒီလိုထိခိုက်ဒဏ်ရာရတာတွေကို ကူညီကယ်ဆယ်ဖို့အတွက် ပရဟိတအသင်းတွေက အသင့်ရှိနေကြပေမဲ့လည်း စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကြောင့် နောက်နှေးကြန့်ကြာမှုတွေရှိနေပါတယ်။
“ဒီအကူအညီတွေလိုတဲ့ လူတွေကတော့ များတယ်။ ဆက်လည်းဆက်သွယ်လာတယ်။ ဒါပေမဲ့ ကျနော်တို့ကို သွားသယ်ဖို့ သွားကူဖို့ ခွင့်မပြုထားဘူး။ ဟိုဟာပေါ့နော် ကြားတာကတော့ သွားသယ်ရင် ဖမ်းဆီးမယ်လို့ ပြောတာပေါ့နော်”လို့ လွိုင်ကော်က ပရဟိတအသင်းတခုရဲ့ တာဝန်ရှိသူ ကပြောပါတယ်။
ဒါ့အပြင် ကူညီလိုစိတ်ပြင်းပြသော်ငြားလည်း တိုက်ပွဲထဲသွားလာဖို့မလွယ်ကူတဲ့အခါ ကူညီကယ်ဆယ်မှု နောက်နှေးရပြန်ပါတယ်။ ကယ်ဆယ်မှုနောက်နှေးတာကြောင့် ပြည်သူတွေကို အားနာမိသလို စိတ်မကောင်းလည်းဖြစ်ရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတခုရဲ့ အတွင်းရေးမှူးက ပြောပါတယ်။
“ကူညီပေးဖို့ကျတော့ ကျနော်တို့က ဒီတိုက်ပွဲကြားမှာသွားလာဖို့ကတောာ့ ခက်ခဲတာပေါ့။ တိုက်ပွဲ နည်းနည်းအေးပြီဆိုတဲ့ အချိန်ကျရင်တော့ ရပါတယ် သူတို့လိုအပ်တဲ့အကူအညီတွေကတော့ မရရတဲ့နည်းနဲ့သွားခေါ်ပြီးတော့မှ ကယ်ထုတ်ပေးမယ် ကူညီပေးမယ်ပေါ့” လို့ အဆိုပါ အတွင်းရေးမှူးက ပြောပါတယ်။
လက်ရှိတိုက်ပွဲမဖြစ်သေးတဲ့ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တချို့က ဒေသခံတွေကလည်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်တွေအပေါ် စိုးရိမ်မှု ပြင်းထန်လျက်ရှိနေပါပြီ။
“လက်ရှိအစိုးရိမ်ရဆုံးကပေါ့နော။ လေယာဥ်ပျံတွေ ဝဲနေတယ်ရောနော။ လေယာဥ်ကြဲတာရယ် လက်နက်ကြီးပစ်တာရယ်ပေါ့နော။ ပစ်ခံရရင် ရမ်းသမ်းပစ်ခတ်တာရယ်ကို အစိုးရိမ်ဆုံးပဲပေါ့နော။ ” လို့ တိုက်ပွဲမဖြစ်သေးတဲ့ ရပ်ကွက်တခုမှာနေထိုင်သူ ကပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မတိုင်ခင်အထိ စည်းကားနေတဲ့ လွိုင်ကော်မြို့ကလေးက အခုတော့ သုသာန်တစပြင်ကဲ့သို့ ခြောက်ကပ်နေပါပြီ။ အဆက်မပြတ်ရွာနေတဲ့ ကျည်မိုးကတော့ လူတွေရဲ့ စိတ်ကို အဆိပ်ပင်လောင်းသလို သေစေခဲ့ပါပြီ။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.