စစ်ကြောရေးမှာသေဆုံးခဲ့သူ လက်ဝှေ့ချန်ပီယံအတွက် တက်တူးထိုးမဲ့ ကင်မ်အဲရစ်

06 November 2023

စောဖိုးခွား (ဝါရှင်တန်ဒီစီ) | 2023.11.06

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ်အား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။ Photo: Banya

ယုံကြည်ချက်တွေ၊ မြတ်နိုးတန်ဖိုးထားတဲ့အရာတွေကို ကိုယ့်ရဲ့ အရေပြားပေါ်မှာ ဆေးမင်ကြောင်စုတ်ထိုးပြီး သက်သေထူလေ့ရှိကြပါတယ်။

ဗြိတိန်နိုင်ငံမှာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ကတော့ … မြန်မာ့အရေးကို ကမ္ဘာက ပိုစိတ်ဝင်စားလာအောင် လုပ်ဖို့ သူ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးရေးထိုးမဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ပါပြီ။

စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံ့ဂုဏ်ဆောင်လက်ဝှေ့ချန်ပီယံ တူးတူးရဲ့အမည်နဲ့ နဂါးပုံတစ်ပုံကို သူ့ရဲ့ ညာဘက်လက်မောင်းမှာ ထိုးမှာဖြစ်ပါတယ်။

“မြန်မာ့ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့တဲ့ နာမည်ကြီး လက်ဝှေ့ချန်ပီယံ တူးတူးကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့နာမည်နဲ့ နဂါးပုံကို ထိုးမှာဖြစ်ပါတယ်။ သူလည်း ကျွန်တော့်လိုပဲ စနေသားဖြစ်တာကြောင့် သူ့နာမည်နဲ့အတူ နဂါးပုံကိုလည်း ထိုးမှာပါ။ ကျွန်တော့်ကမ်ပိန်း အောင်မြင်အောင် ထောက်ပံ့ပေးဖို့၊ ကိုယ်ကိုယ်တိုင်လည်း တက်တူးထိုးချင်ရင် ပါဝင်ထိုးဖို့ ဖိတ်ခေါ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာက အသိုင်းအဝိုင်းကို မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြဖို့အတွက်ပါ”

နိုင်ငံ့ဂုဏ်ဆောင်လက်ဝှေ့ချန်ပီယံ တူးတူး ခေါ် နဂါးမာန်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားတဲ့ထဲ ရှေ့ဆုံးက ပါခဲ့ပါတယ်။

Kim Tattoo (3).jpg
ဖမ်းဆီးခံခဲ့ရပြီးနောက် တစ်နှစ်အကြာ ၂ဝ၂၃ ခုနှစ် ဧပြီလကုန်ပိုင်းက စစ်ကြောရေးတွင် သေဆုံးခဲ့သည့် လက်ဝှေ့ချန်ပီယံ တူးတူး ခေါ် နဂါးမာန်။ (Photo: Citizen Journalist)

၂ဝ၂၂ ခုနှစ် ဧပြီလကုန်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရပြီး တစ်နှစ်အကြာ ၂ဝ၂၃ ခုနှစ် ဧပြီလကုန်ပိုင်းက စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။ သေဆုံးသွားရတဲ့ တူးတူးရဲ့ ရုပ်အလောင်းက မိသားစုက မမြင်ခဲ့ရပါဘူး။ တူးတူးရဲ့ဖြစ်ရပ်က မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို သက်သေခံနေတယ်လို့ ကင်မ်က ထောက်ပြပြောဆိုပါတယ်။

“လက်ဝှေ့ချန်ပီယံ တူးတူးရဲ့ ဖြစ်ရပ်က မြန်မာပြည်သူတွေ ဘယ်လောက်ဆိုးဆိုးရွားရွားခံစားနေရလဲဆိုတာ သက်သေပြနေပါတယ်။ တူးတူးဟာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရစဉ် ညှဉ်းပန်းနှိပ်စက်ခံရပြီးတော့ အသက်သေဆုံးခဲ့ရပါတယ်။ သူ့ရဲ့ မိသားစုက အလောင်းတောင် ပြန်မရပါဘူး။ ဒီနေ့ မြန်မာပြည်မှာ တူးတူးလိုပဲ သေဆုံးရသူတွေ အများအပြားရှိနေပါတယ်။ မြန်မာစစ်တပ်ဟာ တူးတူးလို ထင်ရှားကျော်ကြားသူတွေကို သတ်ပြပြီး၊ သာမန်အရပ်သားတွေကို ကြောက်အောင် ခြိမ်းခြောက်ပါတယ်။ တူးတူးလို လူကိုတောင် ဒီလိုသတ်လိုက်တယ်ဆိုရင် တခြားသူတွေကို ဘယ်လိုများလုပ်မလဲ တွေးကြည့်နိုင်ပါတယ်”

ဆေးမင်ကြောင် တက်တူးဟာ မြန်မာပြည်မှာလည်း ရှေးယခင်ကတည်းကရှိခဲ့သလို၊ နိုင်ငံတကာမှာလည်း အနုပညာတစ်ရပ်အဖြစ် ရေပန်းစားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကင်မ်အဲရစ်ဟာလည်း ဒီကနေ့ခေတ် နည်းပညာနဲ့ထိုးတဲ့ တက်တူးတွေနဲ့ မြန်မာ့ရိုးရာ စုတ်ချက်မင်ကြောင်ထိုးတာတွေကိုလည်း ချစ်မြတ်နိုးတဲ့ သူတစ်ယောက်ပါ။

သူ့ရဲ့ ဘယ်ဘက်လက်မောင်းပေါ်မှာ မိခင်ဖြစ်သူကို အားပေးတဲ့အနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အလံကို တက်တူးထိုးထားပါတယ်။

၂ဝ၁ဝ ပြည့်နှစ်မှာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာပြီး ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ရခဲ့ချိန်မှာလည်း လေဆိပ်မှာ စောင့်နေတဲ့ မိခင်ဖြစ်သူကို ရောက်ရောက်ချင်း ပွေ့ဖက်နှုတ်ဆက်ရင်း သူရဲ့ လက်မောင်းက NLD အလံတက်တူးကို အရင်ဆုံးပြခဲ့ပါတယ်။

 

၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့မြင်ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကင်မ်အဲရစ်။ (Photo: Reuters)
၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့မြင်ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကင်မ်အဲရစ်။ (Photo: Reuters)

အဲဒီ NLD အလံ တက်တူးအကြောင်း ကင်မ်အဲရစ်က ပြန်ပြောင်းပြောပြတာက ….

“အဲဒီတုန်းက အမေ မကြာခင်ပြန်လွတ်တော့မယ်လို့ ယုံကြည်ချက်နဲ့ ဘန်ကောက်မှာနေရင်း စောင့်နေခဲ့တာပါ။ အဲဒီလိုနဲ့ အမေနဲ့တွေ့ရင် သူ့ကိုထောက်ခံနေတယ်၊ သူ့ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားချက်တွေကို အားပေးနေတယ်ဆိုတာ ပြသဖို့ NLD အလံ တက်တူးကို ထိုးခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အမေက တက်တူးကို ကြိုက်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ NLD အလံ တက်တူးနဲ့ ပတ်သက်လို့ကတော့ သူဘာမှမပြောပါဘူး”

လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံထားရတုန်းက မိခင်ဖြစ်သူနဲ့ စကားပြောခွင့်ရခဲ့ပေမဲ့ အခုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ အဆက်အသွယ်ရဖို့မပြောနဲ့ ဘယ်မှဖမ်းထားလဲတောင် မသိရဘူးလို့ ကင်မ်ကပြောပါတယ်။

နိုင်ငံဂုဏ်ဆောင်လက်ဝှေ့ချန်ပီယံ တူးတူးကို ဂုဏ်ပြုတက်တူးထိုးမဲ့ အစီအစဉ်ကို Freedom Tattoo Campaign လို့ နာမည်ပေးထားပြီး Go Fund Me page ကနေ အလှူငွေကောက်ခံသွားမှာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုအတွက် ဗြိတိန်စတာလင်ပေါင် တစ်သိန်းရဖို့ မျှော်လင့်ထားပြီး ဒီငွေတွေကို စစ်အာဏာသိမ်းပြီးနောက် ဒုက္ခရောက်နေတဲ့ စစ်ဘေးဒုက္ခသည် နှစ်သန်းကျော်ကို လူသားချင်းစာနာမှုအကူအညီတွေ ပေးသွားမယ်လို့ ကင်မ်က ပြောပါတယ်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia