ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

31 October 2023

By ဧရာဝတီ 31 October 2023

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား- ဗန်းမော် ကားလမ်းလုံခြုံရေးအတွက် အရေးပါသော စစ်ကောင်စီ၏ ဂန်ဒေါင်ယန်အထိုင်စခန်းကြီးကို ယနေ့အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA )နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

လတ်တလော ကချင်ပြည်နယ်အတွင်း တိုက်ပွဲများအခြေအနေ၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးအပေါ် သဘောထားနှင့် လိုင်ဇာမြို့အနီး စစ်ရေးအခြေအနေများကို KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မြစ်ကြီးနား- ဗန်းမော် လမ်းမပေါ်က စစ်ကောင်စီ ဂန်ဒေါင်ယန် စခန်းကို သိမ်းထားနိုင်ပြီလို့ သိရတယ်။ အခုတိုက်ပွဲအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ ဒီကနေ့ မနက် ၆ နာရီကနေ ၈ နာရီအထိ၊ ၂ နာရီဝန်းကျင်လောက်ပေါ့၊ ကျနော်တို့ KIA နဲ့ တပ်ပေါင်းစုတွေ ဝင်တိုက်တာဖြစ်ပါတယ်။ အခုတော့ အားလုံးကို သိမ်းနိုင်ပြီးတော့ ရှင်းလင်းရေးလုပ်နေတဲ့ အနေအထား ဖြစ်ပါတယ်။

မေး။ ။ ဘာကြောင့် ဒီစခန်းကို တိုက်ခိုက်သိမ်းပိုက်တာလဲ။ ဒီစခန်းက ဘယ်လောက် အရေးကြီးလဲ။ အောင်ဂျာစခန်းသိမ်းတုန်းကလို ပူးပေါင်းမဟာမိတ်တပ်တွေပါလား။ ပါရင် ဘယ်တပ်ဖွဲ့တွေလဲ ပြောပြပါ။

ဖြေ။ ။ အဓိကကတော့ နယ်မြေလုံခြုံရေးအတွက်ပါ။ ကျနော်တို့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းကို ထိန်းချုပ်နိုင်တဲ့ စခန်းဖြစ်ပါတယ်။ ကျနော်တို့အတွက်လည်း အရေးကြီးပါတယ်။ နယ်မြေလုံခြုံရေးအတွက် သိမ်းတဲ့တိုက်ပွဲ ဖြစ်ပါတယ်။

သူတို့(စစ်ကောင်စီ)အတွက်ဆိုရင်လည်း တော်တော်အရေးကြီးတဲ့ ဗျူဟာစခန်းတခု ကျသွားတယ်ဆိုတော့ သူတို့လည်း တော်တော်တော့ အထိနာသွားမှာပါ။ နောက်ပြီးတော့ ဒီလမ်းပိုင်းက ပါဂျောင်ဘက် တက်သွားနိုင်မယ့်လမ်းခွဲ ဖြစ်ပါတယ်။

ပါဂျောင်အတွက် သွားရေးလာရေး၊ ရိက္ခာထောက်ပို့လမ်းကြောင်းအတွက် အဓိကသွားနိုင်တဲ့ လမ်းကြောင်းဆိုတော့ သူတို့အတွက်လည်း အရေးကြီးတဲ့ အခြေအနေမှာ ရှိပါတယ်။

ပူးပေါင်းတပ်တွေဆိုတာက ကျနော်တို့နဲ့ အတူတူနေတဲ့ တပ်တွေပေါ့။ AA(ရက္ခိုင်တပ်တော်) ပါတယ်။ ကျောင်းသားတပ် (ABSDF) တွေလည်း ပါတာပေါ့။

မေး။ ။ ဒီစခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက် အထိအခိုက်၊ အကျအဆုံးနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရမိမှုကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ တိုက်ပွဲဆိုတော့ ထိခိုက်တာတွေ၊ ကျသွားတာတွေကတော့ ရှိမှာပါ။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတွေလည်း ရှိမှာပါ။ ကျနော်တို့ သတင်းပြန်ကြားရေးဘက်ကိုတော့ ဘာမှ ပေးလာတာတော့ မရှိသေးဘူး။ နောက် ကျနော်တို့ KIO/KIA အနေနဲ့လည်း အဲဒီ စစ်သုံ့ပန်းတွေ၊ လက်နက်ခဲယမ်းတွေ၊ ရန်သူ့ဘက်က ထိခိုက်ကျဆုံးတဲ့ ကိန်းဂဏန်းတွေကို သတင်းဌာနတွေကို ထုတ်ဖော်ပြောဆိုလေ့ မရှိပါဘူး။

မေး။ ။ လိုင်ဇာနဲ့ အနီးပတ်ဝန်းကျင်ကို အမြောက်ကြီးတွေရော၊ လေယာဉ်နဲ့ရော ပစ်တယ်လို့ ကြားတယ်။ လိုင်ဇာလုံခြုံရေးအခြေအနေက စိတ်ချရလား။

ဖြေ။ ။ လိုင်ဇာမြို့ရဲ့ လုံခြုံရေးက စိတ်ချရတဲ့ အခြေအနေမှာ မရှိနေပါဘူး။ သူတို့လည်း လိုင်ဇာကို လက်နက်ကြီးနဲ့လည်း အမြဲတမ်းပစ်နေတဲ့ နေရာဖြစ်ပါတယ်။ ဂန်ဒေါင်ယန် ကျသွားတယ်ဆိုတော့ ပိုပြီးတော့ ပစ်မှတ်ထားပြီးတော့မှ လေကြောင်းနဲ့ လက်နက်ကြီးနဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ များပါတယ်။ လုံခြုံတဲ့ အခြေအနေတော့ မဟုတ်ဘူး။

မေး။ ။ လတ်တလော ရှမ်းမြောက်မှာ တိုက်ပွဲဖော်နေတဲ့ မြောက်ပိုင်း ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဘယ်လို သဘောထားလဲ။ အခု KIA ရဲ့ စခန်းသိမ်းတိုက်ပွဲတွေက ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းလှုပ်ရှားနေတာလား။

ဖြေ။ ။ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး၊ လူထုတော်လှန်ရေးတွေအားလုံးဟာ ပစ်မှတ်က အတူတူ ဖြစ်နေပါတယ်။ သူတို့နဲ့ အတူတကွ ပူးပေါင်းပြီးမှ စစ်ဆင်ရေးဖော်ဆောင်တာ မရှိသော်လည်းပဲ ကိုယ့်နေရာမှာကိုယ် အတတ်နိုင်ဆုံး ကိုယ့်တာဝန်ကို ထမ်းဆောင်နေပါတယ်။

ကျနော်တို့ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ D Day မရောက်ခင်ကတည်းက ဆက်တိုက် စစ်ဆင်ရေးတွေ တိုက်ပွဲတွေ ရှိခဲ့ပါတယ်။ မြစ်ကြီးနား-ဗန်းမော် ကားလမ်းပိုင်းမှာဆိုရင်လည်း ဇွန်လကတည်းက တိုက်ပွဲတွေ ဆက်တိုက် ရှိတယ်။ သူတို့ရဲ့ D Day ကို ကြိုဆိုတဲ့အနေနဲ့ အချိန်ကိုက်ပြီးမှ တိုက်တယ်လို့တော့ မဟုတ်ပါဘူး။ သို့သော်လည်း ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်ဆိုရင်လည်း ပြောလို့တော့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ D Day မရောက်ခင်ကတည်းက ကျနော်တို့က တိုက်နေတာဖြစ်ပါတယ်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia