29 October 2023
စောဖိုးခွား (ဝါရှင်တန်ဒီစီ) | 2023.10.29
မြန်မာပြည်က ဒုက္ခရောက်နေသူများအား ကူညီရန် စက်ဘီးနင်းပြီး ရန်ပုံငွေရှာခဲ့သူ ဗြိတိန်နိုင်ငံသား ဂျော့။ Photo: RFA
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် အခု မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ကြားထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ မိုင်ပေါင်းတစ်ထောင်ကျော်ကို စက်ဘီးနင်းပြီးသွားမှာ ဖြစ်ပါတယ်”
ဗြိတိန်နိုင်ငံသား ဂျော့ဟာ မြန်မာပြည်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့ရည်ရွယ်ပြီး တစ်ကိုယ်တည်း စက်ဘီးနင်း ရန်ပုံငွေရှာခဲ့တဲ့သူပါ။
သူနေထိုင်တဲ့ ဗြိတိန်နိုင်ငံတောင်ဘက်စွန်းပိုင်း Land’s End ကနေ မြောက်ဘက်စွန်း John O’Groats ထိ မိုင်ပေါင်း ၁ဝဝဝ ကို ၁၄ ရက်တာ စက်ဘီးမောင်းပြီး ခရီးနှင်ခဲ့တာဖြစ်ပါတယ်။
“ဒီလိုစွန့်စွန့်စားစား စက်ဘီးနင်းတာမျိုးကို ကျွန်တော် လုပ်ချင်ခဲ့တာကြာပါပြီ။ ဒါပေမဲ့ ဘာအတွက် လုပ်ရမယ်ဆိုတာ အကြောင်းရင်းရှာမရဘူး။ မြန်မာလူမျိုးတွေနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်တဲ့အခါမှာတော့ သူတို့တိုင်းပြည်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် ကြားရတယ်။ မြင်ရတယ်။ ဒါတွေကိုကြည့်ပြီး ဒီလူတွေကို ကူညီဖို့ တစ်ခုခု လုပ်နိုင်တာ လုပ်မယ်ဆိုပြီး စက်ဘီးနင်းဖို့ ဖြစ်လာခဲ့တာပါ”
ဂျော့ဟာ ဗြိတိန်မှာနေတဲ့ မြန်မာသူငယ်ချင်းတွေကနေတစ်ဆင့် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။
” မြန်မာလူမျိုးတွေ ခံစားနေရတာ ကြုံတွေနေရတာတွေကို ရုပ်ပုံတွေ ဗီဒီယိုတွေကနေတစ်ဆင့် ကျွန်တော် ကြည့်ရပါတယ်။ ကျွန်တော်တို့ဒီမှာရှိတဲ့ အနောက်တိုင်းမီဒီယာတွေအတွက်တော့ မြန်မာ့အရေးကိစ္စဟာ သတင်းကြီး ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဒီဓာတ်ပုံတွေ ဗီဒီယိုတွေကြည့်ရချိန်မှာ လူလူချင်း ကိုယ်ချင်းစာမိတယ်။ ကျွန်တော့်ကို တစ်ခုခု လုပ်ရမယ်ဆိုပြီး လှုပ်နှိုးနေသလိုပါပဲ”
အသက် ၂၄ နှစ်အရွယ် ဂျော့ဟာ အင်ဂျင်နီယာတစ်ယောက်ပါ။ သူ့ရဲ့ မိုင်တစ်ထောင်ကျော် စက်ဘီးနင်းတဲ့ ခရီးကို ဗြိတိန်ရောက် မြန်မာတွေကလည်း အားပေးခဲ့ကြပါတယ်။ သူဟာ စက်ဘီးနင်းရင်း လမ်းတစ်လျှောက်မှာ တွေ့တဲ့ ဗြိတိန်နိုင်ငံသားတွေကိုလည်း မြန်မာပြည်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ပြောပြခဲ့ပါတယ်။
“မိုင်တစ်ထောင်ကျော်ကို နှစ်ပတ်အတွင်းမှာ စက်ဘီးနင်းသွားခဲ့ရတာ တကယ့်ကို စမ်းသပ်မှုတစ်ခုပါပဲ။ မနက်တိုင်း ကျွန်တော်ထတာနဲ့ အိပ်ရာနဲ့ တဲကို ထုပ်ပိုးပြီး တစ်ရက်ကို မိုင် ၈ဝ ကနေ တစ်ရာကြား စက်ဘီးနင်းတော့တာပဲ။ တော်တော့်ကို စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်”
ဂျော့တစ်ယောက် စက်ဘီးနင်း ရန်ပုံငွေရှာတဲ့နေရာကနေ စတာလင်ပေါင် ၁၂ဝဝဝ ကျော် ရခဲ့ပါတယ်။ အဲဒီငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ တစ်ဆင့် မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေကို လှူဒါန်းမှာပါ။
မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မျှော်လင့်နေတယ်လို့ ဂျော့က ပြောပါတယ်။
“မြန်မာပြည်သူတွေကို ပြောချင်တဲ့ စကားကတော့ ကျွန်တော်တို့လို တခြားနိုင်ငံသားတွေဟာလည်း မြန်မာပြည်သူတွေကို ဂရုတစိုက်နဲ့ ကူညီဖို့အသင့်ရှိတယ်ဆိုတာပါပဲ၊ မြန်မာပြည် လွတ်လပ်ခွင့်ပြန်ရဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ ပိုပြီးအထောက်အပံ့တွေရဖို့ ကျွန်တော်မျှော်လင့်ပါတယ်။”
အင်္ဂလန်နိုင်ငံသား ဂျော့တစ်ယောက် မြန်မာပြည်ကို ငြိမ်းချမ်းတဲ့ တစ်နေ့ကျရင် အလည်သွားဖို့ မျှော်လင့်နေပါတယ်။
“ကျွန်တော် အင်္ဂလန်မှာ ဆုံရတဲ့ မြန်မာလူမျိုးတွေက အရမ်းကိုခင်ဖို့ကောင်းကြပါတယ်။ မြန်မာနိုင်ငံထဲ နေနေတဲ့သူတစ်ယောက်နဲ့မှတော့ အဆက်အသွယ်မရှိသေးပါဘူး။ သူတို့ရဲ့ ဘဝတွေအကြောင်းပဲ ကြားရပါတယ်။ ကျွန်တော်ကြားရသလောက် မြန်မာနိုင်ငံဟာ ချစ်စဖွယ်နိုင်ငံတစ်ခုပါ။ တစ်နေ့ကျရင်တော့ ကျွန်တော် အဲဒီနိုင်ငံကို သွားလည်ချင်ပါသေးတယ်”
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.