စစ်ကြောင့် စစ်ကိုင်းတိုင်းက အိမ်ပျောက်ခဲ့ရသူများ

October 28th, 2023  •  Author:   Radio Free Asia  •  1 minute read

RFA Burmese | 2023.10.28

စစ်ကိုင်းတိုင်း မူးသာရွာမှ မီးရှို့ခံခဲ့ရသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်က တွေ့ရစဉ်။ Photo: Citizen Journalist

အသက် ၈၀ ကျော်အရွယ် ဒေါ်ရီရီ၊ သမီးဖြစ်သူနဲ့ မြေးသုံးယောက်တို့ဟာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျေးရွာလေးတစ်ရွာက ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာတော့ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်သူတွေနဲ့ သူတို့ကို ဖိနှိပ်ချေမှုန်းသူတွေကြား တိုက်ပွဲတွေ ပြင်းထန်လာပြီး သူ့ရဲ့နေအိမ်ရော တစ်ရွာလုံးပါ မီးရှို့ခံလိုက်ရပါတယ်။ ဒေါ်ရီရီတို့ မိသားစု အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တစ်ရွာဝင် တစ်ရွာထွက် လှည့်ပတ် တိမ်းရှောင်ရာကနေ နောက်ဆုံးမှာ မြစ်ကြီးနားမြို့ကို ရောက်လာခဲ့တာပါ။

“အေးဆေးရင် ကိုယ့်ရွာ ကိုယ် ပြန်ချင်တာပေါ့။ ပြန်တော့လည်း အိမ်က မရှိတော့ဘူး”

အခုတော့ မြစ်ကြီးနားမှာ ခြောက်ပေပတ်လည် အခန်းကျဉ်းလေးတစ်ခန်း ငှားပြီး မိသားစု ငါးယောက် နေထိုင်ကြပါတယ်။

အခက်အခဲမျိုးစုံကြားကနေ မြစ်ကြီးနားကို မရည်ရွယ်ဘဲ ရောက်လာခဲ့ရတာလို့ ဒေါ်ရီရီက ပြောပါတယ်။

“အဘွားတို့မှာ တောထဲမှာ နေရတာ။ ဆန်လေးတစ်ပိုင်း ယူပြီး တောထဲက ဘုန်းကြီးကျောင်း မှာ ချက်ပြုတ်စားတာ။ စားရင်းနဲ့ စစ်တပ်က တောနင်းရှာမှာလို့ ကြားတော့ အဘွားတို့ ကယ်ဆယ်ရေးကားတွေနဲ့ ရောက်အောင် ပြေးရတယ်။ အဘွားတင်ပါးဆို အခုထိ နာနေတယ်။ တင်ပါးဆုံမှာထိတာ။ အဘွားဆေးဖိုးလေး ရအောင်လို့ဆိုပြီး တစ်ဖက်တစ်လမ်းက ရှာရ၊ ဖွေရတယ်။ ရွာလေးရွာကို တစ်ရွာဝင် တစ်ရွာထွက် ရှောင်ပုန်းနေရင်းနဲ့မှ ပြန်ပြီးတော့ တက်လာတာ။ မြစ်ကြီးနားကို မရည်မှန်းဘဲ တက်လာခဲ့ရတာ။ ဘာမှမပါဘဲ တက်လာတော့ အခက်အခဲတွေ ရှိတယ်။ ကားခမပါ၊ ဘာမပါနဲ့ ခဲခဲယဉ်းယဉ်း ဒုက္ခတွေ ကြုံနေရတယ်”

လုံခြုံရေးအခြေအနေကြောင့် ရွှေဘိုမြို့နယ်က သူ့ရဲ့ ရွာအမည်ကို ပြောပြဖို့ ဒေါ်ရီရီက ငြင်းဆန်ပါတယ်။ ရွာမှာနေချိန်က သားသမီးတွေနဲ့ အတူ တောင်ယာအလုပ်ကို အေးအေးချမ်းချမ်း လုပ်ကိုင်ခဲ့ပေမယ့် အခုတော့ နေရာသစ် မြစ်ကြီးနားမှာ ငုံးဥပြုတ်ရောင်းပြီး အိမ်စရိတ် ရှာဖွေနေရပါတယ်။

 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ လောင်းရှည်ရွာမှ မီးရှို့ဖျက်ဆီးခံထားရသည့် နေအိမ်များကြားက အကြွင်းအကျန်ပစ္စည်းများအား ရှာဖွေနေကြသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ လောင်းရှည်ရွာမှ မီးရှို့ဖျက်ဆီးခံထားရသည့် နေအိမ်များကြားက အကြွင်းအကျန်ပစ္စည်းများအား ရှာဖွေနေကြသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

 

အသက် ၄၀ ကျော်အရွယ် ဒေါ်ဝင်းအေး ကလည်း ရွှေဘိုမြို့နယ် အခြားရွာတစ်ရွာကဖြစ်ပြီး ၂၀၂၃ ခုနှစ်အစောပိုင်းမှာ သူ့ရဲ့နေအိမ်ရော ရွာပါ မီးရှို့ခံရတာကြောင့် မြစ်ကြီးနားကို အသက်စွန့် ဘဝစွန့် ထွက်ပြေးလာခဲ့ရတာပါ။

သူလည်း ခြောက်ပေပတ်လည် အခန်းကျဉ်းလေးကို တစ်လ ကျပ်ငါးသောင်းနဲ့ ငှားရမ်းပြီး သူ တတ်ကျွမ်းတဲ့ စက်ချုပ်ပညာနဲ့ ရှာဖွေစားသောက်နေရပါတယ်။

“ထမင်းစားရင်းတန်းလန်းနဲ့ ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ ပစ်ခတ်တော့ အစ်မတို့ ထမင်းခွက်ချပြီး ပြေးခဲ့ရတာပဲ။ ဖိနပ်မပါဘူး။ ဖိနပ်မပါဘဲ ပြေးရတော့ အစ်မက မပြေးတတ်တော့ အစွန်ဆုံးအိမ်က သူငယ်ချင်း တစ်ယောက်အိမ်ကိုဝင်ပြီး ဖိနပ်စီးပြီး ပြေးရတာ။ ကောက်ပင်တွေကြား လယ်ကြိုလယ်ကြား ပြေးရတာပေါ့။ လယ်ကွက်တွေထဲ တဖိုင်းဖိုင်းနဲ့ လဲတာ။ ခြင်ကိုက် မှတ်ကိုက်ခံပြီးနေရတာ။ ဒီလိုမျိုးဖြစ်လာမယ်လို့ မထင်ဘူးလေ။ အဲဒီတော့ တအားကြောက်တာပေါ့။ ကိုယ့်နယ်တွေက ဦးတိုက်ဖြစ်နေတာကိုး။ ဒီလိုမျိုး ဖြစ်လာမယ်ကို မထင်တာ။ အိမ်ကမိသားစုကိုလည်း လှမ်းမေးတာ အေးဆေးလား၊ သမီးပြန်ခဲ့မယ်ဆိုတော့ မအေးဆေးဘူး။ မပြန်လာနဲ့ဦး ပြောနေတယ်။ အစ်မကတော့အမြန်ဆုံး ပြန်ချင်တယ်။ ဘာလို့ဆိုရင် စိတ်တွေလည်း မွန်းကျပ်တယ်”

 

ဒေါ်ဝင်းအေးတို့ ဇနီးမောင်နှံမှာ သားလေးတစ်ယောက်ရှိပြီး ခင်ပွန်းကလည်း မြစ်ကြီးနားမှာပဲ ကြုံရာကျပန်း လုပ်ကိုင်ရင်း မိသားစုဝမ်းရေးကို ဖြေရှင်းကြပါတယ်။ကိုယ့်ဒေသမဟုတ်တဲ့ နယ်မြေသစ်မှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတဲ့အတွက် ဇာတိ စစ်ကိုင်းတိုင်းကို အမြန်ဆုံး အေးချမ်းစေချင်တယ်လို့ ဒေါ်ဝင်းအေးက ဆိုပါတယ်။

“အေးအေးဆေးဆေးနဲ့ပဲ ပြီးသွားစေချင်တယ်။ ဒီလိုမျိုးတွေ တစ်ဦးနဲ့ တစ်ဦး သတ်တာတွေ ဖြတ်တာတွေ မကြားချင်တော့ဘူး။ ပစ်တာ ခတ်တာတွေလည်း မမြင်ချင်တော့ဘူး။ အေးအေးဆေးဆေးနဲ့ပဲ ပြီးစေချင်တော့တာပဲလို့ စိတ်ထဲ အောက်မေ့မိတယ်။ ကိုယ့်ရပ်ရွာမဟုတ်ဘူး၊ ကိုယ့်အိမ်မဟုတ်ဘူးလေ။ အချိန်နဲ့ အချိန် အိမ်လခ ပေးဖို့ရာနဲ့ စားဖို့သောက်ဖို့ ပူပန်နေရတာနဲ့ အချိန်ပြည့်က ဒီစိတ်က အချိန်ပြည့်စိတ်ညစ်ရတယ်။ ကိုယ့်အိမ်မှာဆိုတော့ အေးအေးဆေးဆေးပဲပေါ့ ကိုယ့်အိမ်မှာပဲ နေရတာကို ဒီလိုလည်း ဈေးမကြီးဘူး။ ဒီမှာက ဈေးတွေက အရမ်းကြီးတယ်”

အသက် ၈၀ ကျော်အရွယ် ဒေါ်ရီရီကတော့ အခြေအနေ တည်ငြိမ်သွားရင် ရွာကို ပြန်ချင်ပေမယ့် နေစရာ အိမ်က မရှိတော့ဘူးလို့ ပြောပါတယ်။

“အေးဆေးရင်က ကိုယ့်ရွာကိုယ် ပြန်ချင်တာပေါ့။ ပြန်တော့လည်း အိမ်က မရှိတော့ဘူး။ မြေပဲ ကျန်တော့တာလေ။ ပြန်ပြီးတော့ ဘဝကို အသစ်တစ်ဖန် ထူထောင်ရဦးမှာပဲ လေ။ စိတ်က ရွာကို ရောက်ရောက်သွားတော့ စိတ်ပျက်မိတယ်။ မထင်မှတ်ဘဲ ပြေးရလွှားရပြီး ဒီကိုရောက်လာတာ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩမိတယ်”

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: ShweBo People Defence Force)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: ShweBo People Defence Force)

 

အာဏာသိမ်း နောက်ဆက်တွဲဒဏ်ကို အဆိုးဆုံး ခံနေရတဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေအတွက် နောင်တစ်ချိန်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ပြန်လည်ထူထောင်ရေးကို စနစ်တကျ လုပ်ဆောင်ပေးရမယ် လို့ စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ် က ပြောပါတယ်။

“အခုချိန်မှာ NUG က လုံလောက်တဲ့ ကူညီထောက်ပံ့တာမျိုး မရတော့ ဒုက္ခသည်အများစုဟာ ရေကြည်ရာ မြက်နုရာကို ပြောင်းကြတာပေါ့။ အဓိကကတော့ စားရေးသောက်ရေးအခက်အခဲ ရှိရင်တော့ လုံခြုံတဲ့ ရပ်ဝန်းတစ်ခုကို ရွှေ့ပြောင်းတဲ့ သဘောပေါ့။ စစ်ကိုင်းဆိုတာက သိတဲ့အတိုင်း နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံရတာ၊ မီးရှို့ခံရတာ၊ အဓမ္မကျူးလွန်ခံရတာတွေက ရှိနေတော့ ဒီနေရာမှာ ဆက်မနေထိုင်ရဲကြတော့တာပါ။ တစ်ချိန်မှာ ဒီလူတွေအတွက် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားမှုတွေအတွက် ပြန်လုပ်ပေးရမယ်လို့ ကျွန်တော်ထင်တယ်”

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော်အတွင်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သား ပြည်သူတွေရဲ့နေအိမ် ခုနစ်သောင်းခွဲလောက် ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA အပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တွေက စက်တင်ဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါတယ်။

Data For Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ်နဲ့ အဆောက်အအုံပေါင်း ခြောက်သောင်းနီးပါး (၅၇,၅၀၃ လုံး) မီးရှို့ဖျက်ဆီးခံထားရပါတယ်။


View the original