မြန်မာစစ်တပ်ကို အမြန်ဆုံးအရေးယူဖို့ အရပ်ဘက်အဖွဲ့ လေးရာကျော် ကုလထံ တောင်းဆို

18 October 2023

မြန်မာစစ်တပ်ကို အမြန်ဆုံးအရေးယူဖို့ အရပ်ဘက်အဖွဲ့ လေးရာကျော် ကုလထံ တောင်းဆို

မြန်မာစစ်တပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံတကာဥပဒေအရ ဖြစ်နိုင်တဲ့ လမ်းကြောင်းအားလုံးက အမြန်ဆုံးအရေးယူ ဆောင်ရွက်ဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၄၄၀ က အောက်တိုဘာ ၁၇ ရက်မနေ့မှာ အိတ်ဖွင့်ပေးစာနဲ့ တောင်းဆိုလိုက်ပါတယ်။

အမည်မဖော်ပြလိုတဲ့ အဖွဲ့အစည်း ၇၁ ဖွဲ့အပါအဝင် ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၄၄၀ ရဲ့ အိတ်ဖွင့်ပေးစာကို ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာကတစ်ဆင့် ဖော်ပြခဲ့တာပါ။

ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကိုဖြေရှင်းရာမှာ ကျရှုံးနေတဲ့ အာဆီယံဘုံသဘောတူညီ ချက် ငါးရပ်နောက်မှာ ပုန်းအောင်းမနေဘဲ မြန်မာပြည်သူတွေကို အကာအကွယ်ပေးရမယ့် တာဝန်ကို ဆောင်ရွက်ရမယ်လို့ အဲဒီ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုလလုံခြုံရေးကောင်စီအနေနဲ့ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ဖို့အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အဖွဲ့ဝင်နိုင်ငံတွေက အင်တိုက်အားတိုက်အကြံပြု တိုက်တွန်းကြဖို့လည်း တောင်းဆိုထားပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကနေ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် အထူးခုံရုံးတစ်ခု တည်ထောင်ပေးဖို့လည်း အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီနဲ့ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေအပေါ် စီးပွားရေးအရ ထိရောက်ပြင်းထန်ပြီး ပူးပေါင်း ဆောင်ရွက်မှုရှိတဲ့ ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ဖို့နဲ့ စစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချမှုတွေကို ပိတ်ပင်ဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအခြေအနေကို ICC ထံ လွှဲပြောင်းပေးဖို့ ကုလလုံခြုံရေးကောင်စီထံ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Türk ရဲ့တောင်းဆိုမှုကိုလည်း တစ်ခဲနက်ထောက်ခံတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ခိုင်မာမှုမရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၉၉ အပေါ်ကို အလွန်အမင်းစိတ်ပျက်မိ တယ်လို့လည်း အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia