17 October 2023
သို့
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အဖွဲ့ဝင်နိုင်ငံများ
မိတ္တူ
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၁၇ ရက်
အိတ်ဖွင့်ပေးစာ – မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရက်စက်ကြုမ်းကြုတ်မှုများနှင့်ပတ်သက်၍ စစ်အုပ်စုမှ တာဝန်ယူတာ၀န်ခံလာစေရန် ကုလသမဂ္ဂအထွေထွေညီလာခံမှ ခိုင်မာပြတ်သားစွာ အရေးယူ ဆောင်ရွက်ရမည်။
လေးစားရပါသော ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား
ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၏ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်အား နိုင်ငံတကာ ဥပဒေအရ တာဝန်ယူမှုတာဝန်ခံမှု ရှိစေရန်အတွက် ဖြစ်နိုင်ခြေရှိသည့် လမ်းကြောင်းများအားလုံးဖြင့် အချိန်မဆိုင်းဘဲ ပြတ်သားစွာ အရေးယူဆောင်ရွက်ရန် မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက် လူထုအဖွဲ့အစည်း ၄၄၀ ဖွဲ့တို့မှ တောင်းဆိုလိုက်သည်။
စစ်အုပ်စု၏ ပိုမိုဆိုးရွားလာနေသော ရက်စက်ကြမ်းကြုတ်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာမီးရှို့ဖျက်ဆီးမှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ နှင့်ပတ်သက်၍ ခိုင်မာသော သက်သေ အထောက်အထားများ ပါ၀င်ဖော်ပြထားသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာ ကို မိမိတို့မှ ကြိုဆိုထောက်ခံသည်။ မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာနေသော အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းရေးနှင့်စပ်လျဥ်း၍ မဟာမင်းကြီး Volker Türk က စစ်အုပ်စု၏ လုပ်ရပ်များသည် “လူမဆန်သည့် အဆိုးယုတ်ဆုံး ပုံစံဖြစ်နေသည်” ဟု ထုတ်ဖော်ပြောဆိုထားပြီး “စစ်တပ်က ဆယ်စုနှစ်များစွာချီသော ၎င်းတို့ လည်ပတ်လာမှုပုံစံကို ဖော်ပြနေသည့် အပြစ်ပေးအရေးယူခံရမှု လွတ်ကင်းခြင်း သံသရာကို ချိုးဖျက်ပစ်ရန်မှာ ယုံကြည်ဖွယ်ရာ အကြောင်းမရှိ” ဟု အလေးထား ပြောဆိုခဲ့သည်။ နိုင်ငံတကာဥပဒေအောက်တွင် မြန်မာစစ်တပ်ကို တာဝန်ယူတာဝန်ခံခိုင်းမှု မရှိပါက ၎င်းသည် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန်နေမည်မှာ ထင်ရှားပါသည်။ သို့ဖြင့် “မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အပြည့်အစုံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်” ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) သို့ တောင်းဆိုထားသည့် မဟာမင်းကြီး၏ တောင်းဆိုမှုကို မိမိတို့မှ တစ်ခဲနက်ထောက်ခံအားပေးသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုပြဌါန်းခဲ့သည့် သက်တမ်းတစ်နှစ်နီးပါး ရှိလာပြီဖြစ်သော ခိုင်မာမှုမရှိသည့် မြန်မာနိုင်ငံဆိုင်ရာ UNSC ဆုံးဖြတ်ချက် ၂၆၉၉ အပေါ် မိမိတို့မှ အလွန်အမင်း စိတ်ပျက်မိသည်။ ဤဆုံးဖြတ်ချက်နှင့်အတူ UNSC သည် ကုလသမဂ္ဂပဋိညာဥ် အခန်း ၇ ပါ ၎င်း၏ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် လုံး၀ပျက်ကွက်ခဲ့ရုံသာမက တရားမျှတမှုနှင့် တာဝန်ယူမှု တာ၀န်ခံမှု ရှိလာစေရေး သေချာစွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို ICC သို့ လွှဲပြောင်းပေးရမည့် ၎င်း၏တာ၀န်ကိုလည်း လုံး၀ပျက်ကွက်ခဲ့သည်။
ထိုဆုံးဖြတ်ချက်ထဲတွင် “တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနေသော အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်း ရပ်တန့်ရန်” တောင်းဆိုထားသော်လည်း ထိုဆုံးဖြတ်ချက်ချပြီးချိန်မှစ၍ စစ်အုပ်စုသည် လေကြောင်း တိုက်ခိုက်မှု အနည်းဆုံး ၉၆၅ ကြိမ် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။[1] ယင်းမှာ ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် လေကြောင်း တိုက်ခိုက်မှုပမာဏသည် ၁၅၀ ရာခိုင်နှုန်းသို့ တိုးလာခဲ့ခြင်းဖြစ်သည်။[2] အာဏာသိမ်းရေး ကြိုးပမ်းချိန်မှစ၍ မြေပြင်စစ်ဆင်ရေးများနှင့် မကြာခဏ ပူးတွဲလုပ်ဆောင်လေ့ရှိသော လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့အထိစာရင်းအရ လူဦးရေအနည်းဆုံး ၄,၁၄၉ ဦးကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၁.၇ သန်းကျော်ကိုလည်း ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်စေခဲ့ခြင်း[3]၏ အကြောင်းရင်းခံ တစ်ရပ် ဖြစ်သည်။ နောက်ဆုံးတိုက်ခိုက်မှုများထဲမှ တစ်ခုမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင်ဖြစ်ပြီး ယခုတစ်ခေါက်သည် ကချင်ပြည်နယ်ရှိ မုန်လိုင်ခက် IDP စခန်းကို အကြမ်းဖက်စစ်အုပ်စုမှ အမြောက်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း ကလေးသူငယ် ၁၃ ဦးအပါအဝင် အနည်းဆုံး လူဦးရေ ၂၉ ဦး သေဆုံးခဲ့ရပြီး နောက်ထပ်သော ၅၇ ဦးကိုလည်း ဒဏ်ရာရရှိစေခဲ့သည်။ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် ရသူများအနက် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များသည် ထိခိုက်အလွယ်ဆုံးသူများ ဖြစ်ကြပြီး အစားအစာ၊ သောက်သုံးရေ၊ အမိုးအကာနှင့် အခြား မရှိမဖြစ် လိုအပ်ချက်များ လုံလောက်စွာ မရရှိခြင်းကြောင့် ယင်းအခြေအနေကို ပိုမိုဆိုးရွာစေသည်။ ထို့အပြင် မြန်မာစစ်တပ်သည် ပြစ်ဒဏ်ပေးခံရခြင်း လုံးဝမရှိခြင်းကြောင့် မုဒိမ်းမှုကို စစ်လက်နက်သဖွယ် ကာလရှည်ကြာ အသုံးပြုလာနေခဲ့ပြီး အကျဥ်းချခံထားရသည့် နေရာများနှင့် မြေလှန်စစ်ဆင်ရေးများတွင် အထူးသဖြင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်လေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် လိင်စိတ်ခံယူမှု ကွဲပြားမှုအပေါ် အခြေခံသော အကြမ်းဖက်မှုများကို ကျယ်ပြန့်စွာ ဆက်လက်ကျူးလွန် နေလျက်ရှိသည်။
ထို့အပြင် “လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လိုအပ်နေသူများမှ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် တားဆီးနှောက်ယှက်မှုများမရှိဘဲ ပြည့်ပြည့်ဝဝ လက်လှမ်းမီရရှိနိုင်ရေး” ဆိုသည့် ယင်းဆုံးဖြတ်ချက်၏ တောင်းဆိုမှုအပေါ် စစ်အုပ်စုမှ ပြောင်းတင်းစွာ အလေးမထားဘဲ ၎င်းတို့၏ ဆိုးယုတ်သော ရာဇဝတ်မှုများကြောင့် ထိခိုက်ခံစားနေရသည့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ အသိုင်းအဝိုင်းများ အတွက် အသက်ကယ်ဆယ်ရေး ထောက်ပံ့ကူညီမှုများကို ပိတ်ဆို့တားဆီးခြင်း၊ သိမ်းယူခြင်းနှင့် ဖျက်ဆီးခြင်း အားဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် ဆက်လက်အသုံးချ လျက်ရှိသည်။ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့သော ဆိုင်ကလုန်းမိုခါကဲ့သို့သော သဘာဝဘေးအန္တရာယ် အချိန်မျိုး၌ပင် မြန်မာနိုင်ငံအနောက်ဘက်ဒေသရှိ မုန်တိုင်းဒဏ်သင့် လူမှုအသိုင်းအဝိုင်းများမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်လှမ်းမီနိုင်မှု မရှိစေရန် ပိတ်ဆို့တားဆီးခြင်းဖြင့် လူ့အသက်ပေါင်းများကို လုံးဝအလေးမထားဘဲ လျစ်လျူရှုနေကြောင်း သက်သေထူခဲ့သည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ ပိုမိုဆိုး၀ါးလာနေပြီး UN သည် လွန်ခဲ့သည့် ၂၉ လအတွင်း ၎င်း၏တာဝန်ရှိမှုများကို အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) နှင့် ၎င်း၏ ထိရောက်မှုမရှိသော ဘုံသဘောတူညီချက်ငါးရပ် (5PC) ထံ လွှဲပြောင်းခဲ့ခြင်းအပေါ် မိမိတို့မှ အလွန်အမင်း စိတ်ပျက်မိပါသည်။ ဤဒေသတွင်း အာဆီယံအဖွဲ့ကြီးနှင့် ၎င်း၏လက်ရှိချဉ်းကပ်မှုသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အဆုံးသတ်ရန်အလို့ငှာ တိကျခိုင်မာသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် သိသိသာသာ ပျက်ကွက်ခဲ့ရုံမျှမက နိုင်ငံတကာအသိုင်းအဝိုင်း၏ ထင်သာြမင်သာသော လုပ်ဆောင်ချက်များကို ဟန့်တားရန်အတွက်သာ ဖြစ်နေသည်။ အမှန်စင်စစ်တွင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးအတွက် UN မှ ကူညီပံ့ပိုးပေးရန် အာဆီယံကိုယ်တိုင်က အတိအလင်း တောင်းဆိုထားပြီး ဖြစ်သည်။ UN သည် မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံအကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းရာတွင် ကျရှုံးနေသော အာဆီယံ 5PC ၏ နောက်တွင် ပုန်းအောင်း နေခြင်းကို ရပ်တန်းကရပ်တန့်ကာ တိကျခိုင်မာသော လုပ်ဆောင်ချက်များဖြင့် မြန်မာပြည်သူများကို အကာအကွယ်ပေးရေးဖြစ်သော ၎င်း၏ တာဝန်ကို ဆောင်ရွက်ရမည် ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သည့် မြန်မာစစ်အုပ်စု၏ လက်ထဲတွင် မြန်မာပြည်သူများ၏ အသက်များ ဆုံးရှုံးနေရခြင်းကို ရပ်တန်းက ရပ်ပစ်ရမည်ဖြစ်ပြီး ကျူးလွန်ခံရသူများနှင့် ရှင်သန်ကျန်ရစ်သူများအတွက် တရားမျှတမှုကို ဆောင်ကြဥ်းပေးရန်အတွက် ဆက်လက်စောင့်ဆိုင်းနေရန် မသင့်တော့ပေ။ မြန်မာစစ်တပ်ကို တရားစွဲဆိုပြီး ၎င်းတို့ကျူးလွန်ထားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တာဝန်ယူတာဝန်ခံခိုင်းမှု မရှိသေးသမျှကာလတွင် ၎င်းသည် ဆယ်စုနှစ် နှင့်ချီသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက်ရရှိနေမည်ဖြစ်သည့်အလျောက် အကြမ်းဖက်မှုများကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကျူးလွန်နေဦးမည်ဖြစ်ပြီး ထောင်နှင့်ချီသော အသက်အိုးအိမ်များ သည်လည်း ဆက်လက်ဆုံးရှုံးနေကြရဦးမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ UNSC မှ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန်အတွက် ၎င်းတို့တွင် ရှိသမျှသော နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ လမ်းကြောင်းများနှင့် ယန္တရားများအားလုံးကို အသုံးပြုရန်အတွက် UNGA နှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံအသီးသီးမှ အင်တိုက်အားတိုက် အကြံပြုတိုက်တွန်းကြရန် မိမိတို့မှ အလေးအနက်ထား အရေးတကြီး ထပ်မံတောင်းဆိုလိုက်သည်။ ယင်းကဲ့သို့သော ဆုံးဖြတ်ချက်မှတစ်ဆင့် မြန်မာနိုင်ငံ အခြေအနေကို ICC သို့ လွှဲပြောင်းပေးရန် သို့မဟုတ် အထူးခုံရုံးတစ်ခု တည်ထောင်ပေးရန်၊ မြန်မာစစ်အုပ်စုနှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများအပေါ် စီးပွားရေးအရ ထိရောက်ပြင်းထန်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိသော ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန်၊ စစ်အုပ်စုထံ လက်နက်၊ လေယာဥ်ဆီနှင့် စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများ စီးဆင်းနေမှုအား အဆုံးသတ်ရန်အတွက် ကျယ်ပြန့်စွာ သက်ရောက်မှုရှိသည့် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးတို့ကို လုပ်ဆောင်ရန် လိုအပ်သည်။ အလားတူပင် UNGA သည် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အေဂျင်စီများနှင့် ယန္တရားများမှ စစ်အုပ်စုအား တရားဝင်မှု ပံ့ပိုးနေခြင်းများ ရပ်တန့်ရေး၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုရှိသော ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု အသစ်အသစ်များ ထပ်မံချမှတ်ရေး၊ လက်နက်စီးဆင်းမှု ဖြတ်တောက်ရေး၊ အာဂျင်တီးနား၊ ဂျာမနီ၊ နှင့် တူရကီနိုင်ငံများတို့ အပါအဝင် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်အောက်တွင် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းမှုများအတွက် ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာပံ့ပိုးမှုများ ထောက်ပံ့ပေးရေး တို့အတွက် အကြံပြုတိုက်တွန်းရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် မတွေးနိုင်လောက်သည်အထိ ပျက်သုဥ်းမှုအဆင့်သို့ ဆိုက်ရောက်နေပြီ ဖြစ်သောကြောင့် UNSC ၏ ဆုံးဖြတ်ချက်ကို ချက်ချင်းအကောင်အထည် ဖော်ဆောင်ရွက်ရန် UN အဖွဲ့ဝင်နိုင်ငံများ၏ ဦးဆောင်မှုကို မိမိတို့မှ မျှော်လင့်သည်။ ဆုံးဖြတ်ချက် ချမှတ်ရာတွင် တရုတ် သို့မဟုတ် ရုရှားနိုင်ငံက ဗီတိုအာဏာဖြင့် ပယ်ချခဲ့မည်ဆိုပါက ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံအရေးနှင့် ပတ်သက်၍ UNGA မှ ခိုင်မာပြတ်သားသည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သကဲ့သို့ပင် ယခုတစ်ချိန်တွင်လည်း ယင်းကဲ့သို့ ဆုံးဖြတ်ချက်ကို ချမှတ်မည်ဟု မြန်မာပြည်သူလူထုများက လုံး၀ဥဿုံ မျှော်လင့်ပါသည်။
UN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ရေးအတွက် တစ်လုံးတစ်စည်းတည်း တောင်းဆိုခြင်း နှင့်အတူ မြန်မာနိုင်ငံတစ်ဝှမ်း ပိုမိုဆိုးရွားလာနေသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ဒဏ်ခံရသူများအပေါ် တုံ့ပြန်ဆောင်ရွက်မှုများက လုံလောက်ပြီး ထိရောက်မှုရှိကာ ပြည်သူများအပေါ် အန္တရာယ် မကျရောက်စေရေးကိုလည်း ချက်ချင်းသေချာစွာဆောင်ရွက်ရမည် ဖြစ်သည်။ အသက်အန္တရာယ်များသည့်တိုင် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းများကို ဦးဆောင်မှုနှင့် ဝန်ဆောင်မှု ပေးနေသည့် အမျိုးသမီးအများအပြားပါဝင်သော ဒေသခံပြည်သူများ ဦးဆောင်သည့် ရှေ့တန်းရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နေ သူများအတွက် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှု များကို တိုးမြှင့်ပေးရမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် UN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကူအညီထောက်ပံ့မှုများကို ပံ့ပိုးပေးရာတွင် စစ်အုပ်စုနှင့် မည်ကဲ့သို့သော မိတ်ဖက်ဆက်ဆံမှုကိုမဆို ရပ်ဆိုင်းရမည်ဖြစ်သည်။
UNGA နှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် မြန်မာပြည်သူများအတွက် ၎င်းတို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမည့်အချိန် ကျရောက်နေပြီး ဖြစ်သည်။ UNGA နှင့် အဖွဲ့ဝင်နိုင်ငံများသည် နည်းလမ်းအစုံဖြင့် တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေးကို ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများအားလုံးမှ ဖော်ဆောင်၍ ဒေသခံပြည်သူများ ဦးဆောင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ခိုင်မာအားကောင်းစေရန် ပံ့ပိုးပေးခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေး လိုလားသော မြန်မာပြည်သူများ၏ စိတ်ဆန္ဒကို မမှိတ်မသုန် ထောက်ခံအားပေးရမည် ဖြစ်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ဤအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသောအဖွဲ့အစည်း ၇၁ ဖွဲ့အပါအဝင် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၄၄၀ ဖွဲ့တို့က လက်မှတ်ရေးထိုးထားသည်။
PDF ဖိုင် ရယူရန် မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ။
[1]လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ချမှတ်ပြီးနောက်ပိုင်း ဖြစ်ပွားသော လေကြောင်းတိုက်ခိုက်မှုများကို တွက်ချက်ရာတွင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို Nyan Lynn Thit Analytica ၏ စောင့်ကြည့်လေ့လာမှုကို အသုံးပြု၍ တွက်ချက်ထားပါသည်။
[2]လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ချမှတ်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုမြင့်တက်လာသော ရာခိုင်နှုန်းကို တွက်ချက်ရာတွင် Nyan Lynn Thit Analytica ၏ လေကြောင်းတိုက်ခိုက်မှုများကို စောင့်ကြည့်လေ့လာမှု အချက်အလက်များအား အသုံးပြု၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၂၀ ရက်အတွင်း ဖြစ်ပွားသော နေ့စဥ်လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှအရေအတွက်နှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်အတွင်း ဖြစ်ပွားသော နေ့စဥ်လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှအရေအတွက်ကို နှိုင်းယှဥ် ဖော်ပြထားခြင်းဖြစ်သည်။
[3]ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) ၏ အရေအတွက်သည် လျှော့ပေါ့တွက်ချက်ထားခြင်း ဖြစ်နိုင်သည်။ ဒေသခံလူမှုအသိုင်းအဝိုင်းများနှင့် တိုက်ရိုက်အဆက်အသွယ်ရှိသည့် ဒေသခံတုံ့ပြန်ဆောင်ရွက်နေသူများ အစီရင်ခံထုတ်ပြန်သည့် အမှန်တကယ် ကိန်းဂဏန်းများက OCHA ၏ အစီရင်ခံစာပါ ခန့်မှန်းတွက်ချက်မှုထက် များစွာမြင့်မားနေသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.